မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံထားရသည့် ဟစ်ဟော့အဆိုတော် X-Box နှင့် ၎င်း၏ သူငယ်ချင်းသုံးဦးကို စက်တင်ဘာ ၁၄ ရက်က ဗဟန်းမြို့နယ် တရားရုံးတွင် ဆက်လက်ရုံးထုတ်၍ ချုပ်ရက်ရမန်ထပ်ယူခဲ့သည်။
ယင်းနေ့တွင် အဆိုတော် X-Box နှင့် ၎င်း၏ သူငယ်ချင်းသုံးဦးအား ညနေ ၄ နာရီ ခွဲခန့်တွင် ဗဟန်းမြို့နယ် တရားသူကြီးခွင်သို့ ရုံးတင်ခဲ့ပြီး တရားသူကြီးက စက်တင်ဘာ ၁၄ရက်မှ စက်တင်ဘာ ၁၆ ရက်အထိ နှစ်ရက်ကြာ ချုပ်ရက်ပေးခဲ့သည်။
“ သူတ့ိုကို ချုပ်ရက်ထပ်တိုးခဲ့တယ်။ သူတို့ အမှုတွဲတရားရုံးကို မတင်ရသေးပါဘူး” ဟု ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ကြည်က ပြောကြားသည်။
ပြီးခဲ့သည့် သြဂုတ် ၁၈ ရက် နံနက် ၁ နာရီခန့်တွင် ဗဟန်းမြို့နယ်၊ ဗိုလ်ချို(၂) ရပ်ကွက်၊ နတ်မောက်လမ်းနှင့် ဖိုးစိန်လမ်းထောင့်တွင် ရဲတပ်ဖွဲ့များက လမ်းပေါ်တွင် ဖြတ်သန်းမောင်းနှင်နေသည့် ယာဉ်များကို တားဆီးစစ်ဆေးမှုများ ပြုလုပ်နေစဉ် Hip Hop အဆိုတော် X-Box နှင့် ၎င်း၏ သူငယ်ချင်းသုံးဦးတို့ မောင်းနှင်လာသည့် မော်တော်ယာဉ်ရောက်ရှိလာသဖြင့် ရဲတပ်ဖွဲ့ဝင်များက တားဆီးစစ်ဆေးရာ အဆိုပါ ယာဉ်ပေါ်တွင် ဆေးခြောက်အလေးချိန် ကိုးဂရမ်ခန့်အား စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲမှုခင်းမှတ် တမ်းများအရ သိရသည်။
ထိုသို့ တွေ့ရှိမှုကြောင့် Hip Hop အဆိုတော် X-Box နှင့် ၎င်း၏ သူငယ်ချင်းသုံးဦးအား ဗဟန်းမြို့မ ရဲစခန်းတွင် မှုးယစ်ဆေးဝါးပုဒ်မဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိပြီး အာမခံ ပေးထားခြင်း မရှိကြောင်း အဆိုပါ ရဲစခန်းမှ သိရှိရသည်။
အဆိုတော် X-Box မူးယစ်ဆေးဝါး အမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရမှုနှင့် ပတ်သက်၍ ၎င်း၏ မိသားစုဝင်များအား စက်တင်ဘာ ၁၄ ရက် ဗဟန်းတရားရုံးတွင် မေးမြန်းခဲ့ရာ လတ်တလောတွင် အမှုနှင့် ပတ်သက်၍ ဖြေကြားစရာမရှိသေးဟု ပြောကြားခဲ့သည်။
အဆိုတော် X-Box မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလက ပြုလုပ်ခဲ့သော မြန်မာ့ဂီတဆုပေးပွဲတွင် “အမြဲအသစ်” တေးသီချင်းဖြင့် လူငယ်ကြယ်ပွင့် ဂီတဆုကို ဆွတ်ခူးရရှိထားသူဖြစ်သည်။
မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီးခံထားရသည့် ဟစ်ဟော့အဆိုတော် X-Boxနှင့် ၎င်း၏ သူငယ်ချင်း သုံးဦးအား ဆက်လက်ရုံးထုတ် ရမန်ယူ