နိုင်ငံရေး ပါတီများအား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ရှင်းလင်း တင်ပြခြင်းနှင့် လာမည့်နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ ညှိနှိုင်းမှု ဆွေးနွေးပွဲတစ်ရပ်ကို စက်တင်ဘာ ၁၄ ရက်တွင် ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ်၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။စက်တင်ဘာ ၁၁ ရက်က ပြုလုပ်ခဲ့သော မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC)၏ သတင်းစာ ရှင်းလင်းပွဲတွင် အကြီးတန်း အရာရှိများက ပြောကြားခဲ့ခြင်း ဖြစ်သည်။တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်(NCA) ချုပ်ဆိုမှုအပြီး ရက်ပေါင်း ၆၀ အတွင်း ပြုလုပ်ရန် စီစဉ်ထားသော နိုင်ငံရေး ဆွေးနွေးပွဲများအတွက် အကြိုမူဘောင် ညှိနှိုင်းရန် အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများ ပါဝင်သော ဆွေးနွေးပွဲကို စက်တင်ဘာ ၁၄ ရက်နံနက်ပိုင်းတွင် ပြုလုပ်သွားမည်ဖြစ်ကာ ညနေပိုင်းတွင် ဆက်လက် ဆောင်ရွက်မည့်ငြိမ်းချမ်းရေး ဖြစ်စဉ်များနှင့် ပတ်သက်၍ နိုင်ငံရေး ပါတီများအား ရှင်းလင်းတင်ပြသွားမည် ဖြစ်ကြောင်း MPC မှ အကြီးတန်း အရာရှိ တစ်ဦးဖြစ်သူ ဦးအောင်နိုင်ဦးက ပြောကြားသည်။“ ကျွန်တော်တို့ ဒီတနင်္လာနေ့မှာ လုပ်မယ့် ဆွေးနွေးပွဲမှာဆိုလို့ရှိရင် ပထမ အဆင့်မှာဆိုရင် ကျွန်တော်တို့ တော်တော်ကို အဆင့်မြင့်မြင့် အဖွဲ့အစည်းတွေ ပါလာမယ်လို့ ကျွန်တော့် အနေနဲ့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ Framework ဆွေးနွေးပွဲ Joint ကော်မတီအနေနဲ့ဒီ USDP ကိုသော်လည်းကောင်း၊ ဒီ NLD ကိုလည်းကောင်း ကျွန်တော်တို့ ဖိတ်ကြားထားပါတယ်။ နှစ်ဖက်စလုံးကလည်း လာမယ်လို့ သတင်းစကား များလည်း ကြားရပါတယ်။ ဒီအပြင် တပ်မတော်ကိုလည်း ဖိတ်ကြားမယ်ဆိုတာ သတင်း ကြားထားပါတယ်။ ဒါကြောင့်မို့လို့ ဆွေးနွေးပွဲဟာ ဆိုရင်တော့ NCA လက်မှတ်ထိုးပြီးတဲ့ အခါမှာ ရှေ့သွားဖို့အတွက် ကျွန်တော်တို့ အရေးကြီးတဲ့ အစည်းအဝေး တစ်ခုလို့ ကျွန်တော်တို့ ပြောလို့ရပါတယ် ” ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။MPC အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်သော အားလုံးပါဝင်သည့် နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်နိုင်ရေးအတွက် မူဘောင် ရေးဆွဲမှုများကို လွန်ခဲ့သည့် တစ်နှစ်ခွဲကျော်ကပင် စတင် လုပ်ဆောင်ခဲ့ကြောင်း ဦးအောင်နိုင်ဦးက ရှင်းပြသည်။ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလှမောင်ရွှေကလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ လိုလားနေသည့် အားလုံးပါဝင်ရေးမှာ နိုင်ငံရေး ဆွေးနွေး ပွဲများတွင် ဖြစ်လာနိုင်သည်ဟု ပြောကြားသည်။အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်ကို လာမည့် အောက်တိုဘာ လဆန်းတွင် လက်မှတ်ရေးထိုးရန် လျာထားသဖြင့် နိုင်ငံရေး ဆွေးနွေးပွဲ များသည် ၂၀၁၆ ဇန်နဝါရီတွင် စတင်နိုင်မည်ဟုလည်း MPC မှ အကြီးတန်း အရာရှိများက ခန့်မှန်းပြောကြားသည်။တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကလည်း နိုင်ငံရေး ဆွေးနွေးပွဲများအတွက် မူဘောင်များ သီးခြား ရေးဆွဲထားမှုများ ရှိသလို အာဏာာရ ပြည်ထောင်စု ကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA)၊ ညီနောင် တိုင်းရင်းသား လူမျိုးများ ဖက်ဒရေးရှင်း (NBF) နှင့် ၅၆ ပါတီပါဝင်သည့် နိုင်ငံရေး အဖွဲ့အစည်း တို့မှာလည်း နိုင်ငံရေး ဆွေးနွေးပွဲများ အတွက် မူဘောင်များ ရေးဆွဲနေမှုများ ရှိကြောင်းနှင့် အချို့ အဖွဲ့အစည်းများမှာ ရေးဆွဲပြီးဖြစ်ကြောင်း သတင်းရရှိသည်။
ပါတီများအား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ရှင်းလင်း တင်ပြခြင်းနှင့် နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်ဆိုင်ရာ ညှိနှိုင်းမှု ရန်ကုန်မြို့၌ ပြုလုပ်မည်