အထူးစီးပွားရေးဇုန်များတွင် ရင်းနှီးတည်ဆောက်သူနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် လိုအပ်သော လိုင်စင်၊ ပါမစ်နှင့် ခွင့်ပြုမိန့်များကို ဝန်ကြီးဌာနများသို့ တောင်းခံရန်မလိုကြောင်း အထူးစီးပွားရေးဇုန်နည်းဥပဒေတွင် ပြဋ္ဌာန်း

အထူးစီးပွားရေးဇုန်များတွင် ရင်းနှီးတည်ဆောက်သူနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် လိုအပ်သော လိုင်စင်၊ ပါမစ်နှင့် ခွင့်ပြုမိန့်များကို ဝန်ကြီးဌာနများသို့ တောင်းခံရန်မလိုကြောင်း အထူးစီးပွားရေးဇုန်နည်းဥပဒေတွင် ပြဋ္ဌာန်း
Published 8 September 2015
မင်းသီဟဇော်

အထူးစီးပွားရေးဇုန်များတွင် ရင်းနှီးတည်ဆောက်သူနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် လိုအပ်သော လိုင်စင်၊ ပါမစ်နှင့် ခွင့်ပြုမိန့်များကို သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ခွင့်ပြုမိန့်၊ သဘောထားမှတ်ချက်များ တောင်းခံရန်မလိုအပ်ဘဲ တစ်နေရာတည်း၌ တစုတစည်းတည်း အလုံးစုံဝန်ဆောင်မှုပေးသည့်ဌာနရှိ သက်ဆိုင်ရာဝန်ကြီးဌာနကိုယ်စားလှယ်များက လျင်မြန်ချောမွေ့စွာ ခွင့်ပြုပေးရမည်ဖြစ်ကြောင်း မြန်မာအထူးစီး ပွားရေးဇုန် နည်းဥပဒေများတွင် ပြဋ္ဌာန်းထားကြောင်း သိရသည်။
မြန်မာအထူးစီးပွားရေးဇုန် နည်းဥပဒေများကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနက အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၁၅) ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တစ်နေရာတည်း၌ တစုတစည်းတည်း အလုံးစုံဝန်ဆောင်မှုပေးသည့်ဌာနကို အကောက်ခွန်ဦးစီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန သို့မဟုတ် ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခြင်းနှင့် ကုမ္ပဏီဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ပေးသည့်ဌာန သို့မဟုတ် အဖွဲ့အစည်း၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ စက်မှုဝန်ကြီးဌာနမှ သက်ဆိုင်သည့်ဌာနတစ်ခုခု၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သက်ဆိုင်သည့် ဌာနတစ်ခုခု၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သက်ဆိုင်သည့်ဌာနတစ်ခုခု၊ စီးပွားရေးလုပ်ငန်းလိုအပ်ချက်အရ ထပ်မံဖြည့်စွက်ဖွဲ့စည်းသင့်သည့် အခြားဌာနများဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။
ရင်းနှီးတည်ဆောက်သူနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် လိုအပ်သော လိုင်စင်၊ ပါမစ်နှင့် ခွင့်ပြုမိန့်များကို သက်ဆိုင်ရာဝန်ကြီးဌာနများသို့  ခွင့်ပြုမိန့်၊ သဘောထားမှတ်ချက်များ တောင်းခံရန်မလိုအပ်ဘဲ တစ်နေ ရာတည်း၌ တစုတစည်းတည်း အလုံးစုံဝန်ဆောင်မှုပေးသည့်ဌာနရှိ သက်ဆိုင်ရာ ဝန် ကြီးဌာနကိုယ်စားလှယ်များက လျင်မြန်ချောမွေ့စွာခွင့်ပြုပေးရမည်ဖြစ်ပြီး ထိုသို့ ခွင့်ပြုရန် သက်ဆိုင်ရာဝန်ကြီးဌာနများကလည်း ယင်းတို့၏ကိုယ်စားလှယ်များကို ဆုံးဖြတ်ပိုင်ခွင့်နှင့် လက်မှတ်ရေးထိုးခွင့်အပါအဝင် သက်ဆိုင်ရာလိုင်စင်ပါမစ်နှင့် ခွင့်ပြုမိန့်များ ထုတ်ပေးရန် လုပ်ပိုင်ခွင့်အပ်နှင်းရမည်ဖြစ်ကြောင်း အထူးစီးပွားရေးဇုန်နည်းဥပဒေ ပုဒ်မ ၂၂ တွင် ပြဋ္ဌာန်းထားကြောင်း သိရ သည်။
မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက မြန်မာနိုင်ငံ၏ကုန်ထုတ်လုပ်မှုစွမ်းအား မြှင့်တင်ရန်၊ နိုင်ငံသားများအတွက် ပြည် တွင်းမှ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်၊ ပြည်တွင်းမှ အသေးစား အလတ်စား စက်မှုလုပ်ငန်းများအတွက် အထောက်အကူပြုစက်မှုလုပ်ငန်းများ ဈေးကွက်ဖန်တီးပေးနိုင်ရန် ရည်ရွယ်၍ သီလဝါ၊ ထားဝယ်၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်သုံးခုကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံတွင် အာဆီယံနိုင်ငံများနှင့်နှိုင်းယှဉ်လျှင်ပင် စီးပွားရေး လုပ်ငန်းဆိုင်ရာဥပဒေနှင့် လုပ်ထုံးလုပ်နည်းများမှာ အချိန်ယူရလွန်းပြီး ရှုပ်ထွေးသဖြင့် ယင်းအချက်များကို ပြုပြင်ပြောင်းလဲ၍ ရင်း နှီးမြှုပ်နှံသူများအား ဆွဲဆောင်နိုင်မည့် ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်း ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရန်လိုအပ်ကြောင်း ပြောကြားထားသည်။
မြန်မာနိုင်ငံတွင် အကောင်အထည် ဖော်နေသည့် အထူးစီးပွားရေးဇုန်သုံးခုမှာ ရန်ကုန်တိုင်းဒေသကြီးရှိ သီလဝါအထူးစီးပွားရေးဇုန်၊ ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် တနင်္သာရီတိုင်းဒေသကြီးရှိ ထားဝယ်အထူးစီးပွားရေးဇုန်တို့ဖြစ်ကြောင်း သိရသည်။
 

Most Read

Most Recent