ဝါရှင်တန်မှ သတင်းပြတိုက်သို့ တစ်ခေါက်

ဝါရှင်တန်မှ သတင်းပြတိုက်သို့ တစ်ခေါက်
Published 8 September 2015
ဘိတ်သား

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမှာရှိတဲ့ ပြတိုက်တစ်ခုကို သတင်းနှင့်ပြတိုက်ဆိုတဲ့ ဝေါဟာရနှစ်ခုကို ပေါင်းစပ်ပြီး Newseum(သတင်းပြတိုက်) အဖြစ် ဖွင့်လှစ်ပြသထားပါတယ်။
၂၀၁၄ ခုနှစ် နိုဝင်ဘာလအတွင်းမှာ ပြုလုပ်ခဲ့တဲ့ အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲကို သတင်းယူခွင့်ရရှိတဲ့အပြင် ရွေးကောက်ပွဲဆိုင်ရာ သတင်းရယူနည်းတွေ၊ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး မီဒီယာတွေ ဘယ်လိုလွတ်လပ်စွာ သတင်းရယူရေးသားနေတာတွေပါ လေ့လာခွင့်ရခဲ့တဲ့ မြန်မာသတင်း သမားတချို့နှင့်အတူ အဲဒီပြတိုက်ကို ရောက်ခဲ့ပါတယ်။ လိပ်စာအရဆိုရင်   555 PENN-SYLVANIA  AVE., NW., WASHING-TON,D.C.20001 ဖြစ်ပြီး ဝင်ကြေးအဖြစ် အသက် ၁၉ နှစ်မှ ၆၄ နှစ်အရွယ်ကို အမေရိ ကန်ဒေါ်လာ ၂၂ ဒသမ ၉၅ နှင့် အခွန်၊ စီနီယာလို့သတ်မှတ်ထားတဲ့ အသက် ၆၅ နှစ်အထက်ကို အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၉၅ နှင့် အခွန်၊ လူငယ်အဖြစ်သတ်မှတ်ထားတဲ့ အသက် ၇ နှစ်မှ ၁၈ နှစ်အတွင်းကို အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၉၅ နှင့် အခွန်၊ ၆ နှစ် အောက်ကလေးငယ်များကို ဝင်ကြေးလွတ်ကင်းခွင့်ပြုထားတာတွေ့ရတယ်။ အမေရိကန်မှာ ဘာပဲဝယ်ဝယ်၊ ဘယ်နေရာကိုပဲဝင်ဝင် အခွန်တွေပေးရပါတယ်။ ဘယ်လိုမှ ရှောင်လို့မရပါဘူး။ ယုတ်စွအဆုံး ရေသန့်ဘူးသေးလေးတစ်ဘူး ဝယ်သောက်တာတောင် အခွန်ပေးရပါတယ်။ ရေသန့်ဘူးသေးတစ်ဘူးကို မြန်မာငွေနှင့်ဆိုရင် ကျပ် ၂၅၀၀ လောက် ကျသင့်ပါတယ်။ အဝင်ကောင်တာမှ ဝင်ကြေးပေးပြီး ပြတိုက်ထဲကိုဝင်ကြတယ်။ တချို့က  ဓာတ်လှေကားနှင့် အပေါ်ဆုံးထပ်ကနေ လေ့လာပြီး အောက်ကိုပြန်ဆင်းသလို တချို့က လည်း အောက်ကနေ တဖြည်းဖြည်းလေ့လာပြီး အပေါ်ကိုတက်ကြပါတယ်။ ပြတိုက်ကြီးက ခြောက်ထပ်ရှိပြီး အထပ်လိုက်မှာ ပြကွက် တွေ အမျိုးမျိုးပြသထားပါတယ်။ အပေါ်ဆုံးထပ် ခြောက်လွာက ဗျူးပွိုင့်ဖြစ်ပြီး ပင်ဆယ် ဗေးနီးယားရိပ်သာလမ်းကို အပေါ်စီးမှ ကောင်းမွန်စွာတွေ့ရတယ်။ လမ်းတစ်လျှောက်လုံးက  ပြတိုက်တွေအများအပြားရှိပါတယ်။ အမေရိကန်သမိုင်းပြတိုက်၊ ကနေဒါပြတိုက်လိုမျိုးတွေရှိပြီး တရားရုံးချုပ်လည်း ရှိပါတယ်။ လမ်းတစ်ဖက်အဆုံးမှာတော့ အမေရိကန်ကွန်ကရစ်အဆောက်အအုံကို တွေ့ရ ပြီး လေ့လာသူတွေအနေနှင့် အလှဓာတ်ပုံတွေ ရိုက်ကြ၊ ရူခင်းတွေကြည့်ပါတယ်။ ခြောက်လွှာအပြင်ဘက်မှာ အလွန်ချမ်းတဲ့အတွက် အကြာကြီးမနေနိုင်ကြပါဘူး။ အလွှာလိုက်မှာ ပြကွက်တွေ စနစ်တကျပြသထားပြီး သတင်းမီဒီယာ၏သမိုင်းကြောင်းများ၊ ကမ္ဘာ့အကြီးဆုံးတီဗီစကရင်ကြီး၊ စက်တင်ဘာ ၁၁ တိုက်ခိုက်ခံရမှုများ၊ ကမ္ဘာတစ်ဝန်း သတင်းရယူရင်း အသက်ပေးသွားခဲ့ရသည့် ဂျာနယ်လစ်များအတွက် အောက်မေ့ဖွယ်နေရာ၊ မီဒီယာဖွံ့ဖြိုးလာမှု ပြကွက်များ၊ သတင်းထုတ်လွင့်သည့်ပုံစံများ၊ ပူလစ်ဇာဆုရဓာတ်ပုံများ၊ အမေရိကန်ပြည် တွင်းစစ်ပုံရိပ်များနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည့် ပြကွက်များကို ခင်းကျင်းပြသထားတာတွေ့ရ တယ်။ နိုင်ငံအလိုက် စာနယ်ဇင်းလွတ်လပ်ခွင့်များကို သေချာစွာစစ်တမ်းယူထားပြီး ကမ္ဘာ့မြေပုံပေါ်တွင် အရောင်များခွဲ ကာ ချပြထားတာတွေ့ရတယ်။ ပြည်သူလူထု၏ ပြင်းပြတဲ့ဆန္ဒတွေနှင့်အတူ ဘာလင်တံတိုင်းကြီး ပြိုကျသွားပြီး အရှေ့ဂျာမနီနှင့် အနောက်ဂျာမနီ ပေါင်းစည်းခဲ့တဲ့ဖြစ်ရပ်မှာ အဓိကသင်္ကေတဖြစ်ခဲ့တဲ့ ဘာလင်တံတိုင်း ကြီးရဲ့အစိတ်အပိုင်းတွေကိုလည်း အဲဒီပြတိုက်မှာ ပြသထားပါတယ်။ ဒီနေရာမှာ သတိရမိတာက ကျွန်တော်တို့ မြိတ်ကျွန်းစုအတွင်းမှာ ပြိုင်ဘက်မရှိ လာရောက်အရွေးခံပြီး ပြည်ထောင်စုဝန်ကြီးဖြစ်သွားတဲ့ ဝန်ကြီးတစ်ဦးရဲ့ မှတ်ချက်စကားနှင့် သတင်းပြတိုက်မှာ စစ်တမ်းကောက်ပြသထားတဲ့ ပြကွက်က အကြီး အကျယ်လွဲမှားနေတာပဲ ဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲတုန်းက ပြိုင်ဘက်မရှိလို့ မဲပုံးတောင်မထောင်ခဲ့ရတဲ့ ကျွန်းစုမြို့နယ် မဲဆန္ဒနယ်က အဲဒီဝန်ကြီးက ဒီကနေ့အစိုးရဟာ ပြည်သူက ရွေးချယ်ထားတဲ့အစိုးရဖြစ်ကြောင်း၊ ပြည်သူကသာအကဲဖြတ်၊ ပြည်သူကသာ မှတ်ကျောက်တင်ထားတဲ့ အစိုးရဖြစ်ကြောင်း တပ်မတော်အစိုးရရဲ့နှစ်ပေါင်း ၂၀ ကျော်ကြိုးပမ်းလာမှုကြောင့် မြန်မာပြည်သူ သန်း ၅၀ ကျော်ရဲ့ဘဝက မြင့်တက်လာပြီ ဖြစ်ကြောင်း အာပေါင်အာရင်းသန်သန် ပြောကြားရင်း မီဒီယာလွတ်လပ်ခွင့်ဆိုတဲ့ ခေါင်းစဉ်ဘက်ကို ရောက်သွားတယ်။ အဲဒီ စကားက ကျွန်တော်တို့ အမေရိကန်က ပြန်ရောက်ပြီး ရက်ပိုင်းအတွင်းမှာ ပြောကြားခဲ့တာပါ။
အဲဒီအချိန်တုန်းကကမ္ဘာမှာ အဆင်းရဲဆုံးစာရင်းဝင် နိုင်ငံများထဲမှ မြန်မာနိုင်ငံ၊ အဲဒီနိုင်ငံထဲက အဆင်းရဲဆုံးမြို့အဖြစ် သတ်မှတ်ခံရပြီး ကမ္ဘာ့ဘဏ်မှ ထောက်ပံ့မှုတွေ လုပ်ပေးနေရတဲ့ ကျွန်းစုမြို့လေးကို ဘယ်လောက် တိုးတက်လာသလဲဆိုပြီး သူက ပေတံဖြင့် တိုင်းတာထားကြောင်း၊ ကျွန်းစုမြို့ကို အမြဲခေါင်းထဲထည့်ထားကြောင်း ပြောကြားရင်းနှင့် မီဒီယာလွတ်လပ်ခွင့်ဟာ မြန်မာနိုင်ငံအနေဖြင့် အရှေ့တောင်အာရှမှာ နံပါတ် ၁ ရောက်လာပြီလို့ ပြောကြားခဲ့တယ်။ အမေရိကန်မှာရှိတဲ့ မီဒီယာလွတ်လပ်ခွင့် လုံးဝမရှိတဲ့ နိုင်ငံထဲမှာ ထုံးစံအတိုင်း မြန်မာနိုင်ငံက သူ့ပေါက်ဖော်ဆရာကြီး တရုတ်နိုင်ငံနှင့် အတူ အန္တရာယ်ဇုန်အနီထဲမှာ ကျရောက်နေတာပါ။ ဆိုလိုတာက မီဒီယာသမားများအတွက် အန္တရာယ်အများဆုံး၊ မီဒီယာဖိနှိပ်မှု အများဆုံးနိုင်ငံအဖြစ် သတ်မှတ်ထားပြီး အနီရောင်ခြယ်သထားတာပါ။ တရုတ်နိုင်ငံ၊ မြန်မာနိုင်ငံတို့နှင့်အတူ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ စင်ကာပူတို့လည်း ပါဝင်နေတာတွေ့ရတယ်။ သီရိလင်္ကာ၊ ဥဇဘက်ကစ္စတန်၊ ကာဂျစ်စတန်တို့လည်း အနီရောင်ထဲတွင် ပါဝင်နေတာ တွေ့ရတယ်။ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ဘူတန်၊ မော်လ်ဒိုက်နိုင်ငံများမှာ အဝါအဆင့်သို့ရောက် ရှိနေပြီဖြစ်တာ တွေ့ရတယ်။ "ကမ္ဘာမှာ တည်ငြိမ်အေးချမ်းစွာ ပြောင်းလဲနေတဲ့ နိုင်ငံမှာ မြန်မာ တစ်နိုင်ငံတည်းပဲ ရှိတယ်။ အိုဘားမားတောင် အသိအမှတ် ပြုနေရပါပြီ။ ငြိမ်းချမ်းရေးရအောင်လုပ်နေသော်လည်း ခက်ခဲနေပါတယ်။ ဒါပေမဲ့ ရအောင်လုပ် ပါ့မယ်။ မီဒီယာလွတ်လပ်ခွင့်တွေ ပေးထားပါတယ်။ အစိုးရကို ထောက်ပြရမယ် (ထောက်ပြလို့ ထောင်ထဲရောက်ကုန်သူတွေ မနည်းတော့ပါ) အရှေ့တောင်အာရှမှာ ကျုပ်တို့နိုင်ငံဟာ မီဒီယာလွတ်လပ်ခွင့်နှင့်ပတ်သက်ပြီး စင်ကာပူနှင့် ဗီယက်နမ်ကိုတောင် ကျော်သွားလို့ နံပါတ် ၁ တောင် ရောက် လာပါပြီ။ စင်ကာပူဝန်ကြီးချုပ်ဟောင်း ဂိုချုပ်တောင်က သူတို့ဆီမှာ ထိန်းထိန်းသိမ်းသိမ်းလုပ်ရကြောင်း  ပြောယူရတဲ့အနေထားကို ရောက်ခဲ့တယ်”  လို့ အဲဒီဝန်ကြီးက ပြောကြားခဲ့တာပါ။ အမေ ရိကန်နိုင်ငံက မီဒီ ယာလွတ်လပ်ခွင့် တိုင်းတာထားတဲ့ ကမ္ဘာ့ မြေပုံကြီးထဲမှာတော့ ရဲရဲကိုနီလို့။ မီဒီယာ လွတ်လပ်ခွင့် ဖိနှိပ်ခံရပြီး အသက်ဆုံးရှုံးခဲ့ရတဲ့ ဂျာနယ်လစ်တွေ၊ သတင်းလိုက်ရင်း အသက်ပေးသွားခဲ့ရတဲ့ ဂျာနယ်လစ်တွေရဲ့ အောက် မေ့ဖွယ်နေရာမှာတော့ အသက်ပေးသွားခဲ့ ရတဲ့ ဂျာနယ်လစ်တွေရဲ့ စာရင်းတွေ၊ ဓာတ်ပုံတွေပြသထားပါတယ်။ ရွှေဝါရောင်တော် လှန်ရေးမှာ အသက်ပေးခဲ့ရတဲ့ ဂျပန်သတင်းထောက်အပါအဝင် အခုဆိုရင် မြန်မာနိုင်ငံက ကိုပါကြီးလည်း ဒီစာရင်းမှာ ပါဝင်သွားမှာ သေချာပါတယ်။ စာရင်းအရ  ဂျာ နယ်လစ် ၂၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ မီဒီယာလွတ်လပ်ခွင့်ပေးထားပါတယ် ဆိုတဲ့ မြန်မာနိုင်ငံမှာ အခုဆိုရင် သတင်းသမားတွေကို အကြီးအကျယ်ဖိနှိပ်နေပြီး တရားစွဲခံထားရတဲ့ မီဒီယာသမားတွေ၊ ထောင်ချခံထားရတဲ့ မီဒီယာသမားတွေအများအပြား ရှိနေပါတယ်။ မီဒီယာပြတိုက်ကြီးမှာ အနီရောင်ထက်ဆိုးမယ့် အရောင်တစ်ခုကို ရွေးချယ်ထားရမယ့်အနေအထားကို ရောက်နေပါပြီ။အမေရိကန်နိုင်ငံသားတွေအတွက် သာမက နိုင်ငံတကာကပါ တုန်လှုပ်ခဲ့ရတဲ့ ၉/၁၁ လို့ ခေါ်တဲ့ စက်တင်ဘာအကြမ်းဖက်မှုကြောင့် ပြိုကျသွားတဲ့ ကမ္ဘာ့ကုန်သွယ်ရေးညီနောင်မျှော်စင်မှ အပျက်အစီးအပိုင်းစများကိုလည်း ပြသထားတာတွေ့ရတယ်။ တစ်ကမ္ဘာလုံးနှင့် သက်ဆိုင်လာပြီဖြစ်တဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက်သတိတရ ဖြစ်နေစေဖို့ ရည် ရွယ်ပြသထားတာပါ။ ဘာလင်တံတိုင်းကြီးရဲ့ အုတ်ရိုးအစိတ်အပိုင်းအစစ်တွေကို ယူလာပြီး ငြိမ်းချမ်းရေးအတွက် ပေါင်းစည်းခြင်းသင်္ကေတအဖြစ်လည်း ပြသထားတာတွေ့ရတယ်။ သတင်းစာပုံနှိပ်သမိုင်းရဲ့အစောဆုံး ၁၅၂၆ ခုနှစ်ကနေ ယနေ့ခေတ်သတင်းစာအထိ ခုနှစ်အလိုက်ထုတ်ဝေခဲ့တဲ့ သတင်းစာပုံစံတွေကို ပြသထားပါတယ်။ ဒီဂျစ်တယ်လ်မီဒီယာဖွံ့ဖြိုးလာမှုများ၊ အသံလွှင့်မီဒီယာ၊ ရုပ်သံလွှင့် မီဒီယာများနှင့် Social Media ဖွံ့ဖြိုးလားမှုများကိုလည်း ပြသထားပါတယ်။ သတင်းသမားများ စစ်မြေပြင်တွင် ခက်ခက်ခဲခဲသတင်း လိုက်နေသည့်ပုံများ၊ ကျည်ဆံထိထားသည့် မီဒီယာကား၊ ကမ္ဘာကျော်များ၏ စကား မှတ်ချက်စကားများ၊ အာဏာရှင်ဆန်ဆန် မာဖီးယားဂိုဏ်းများကြောင့် မီဒီယာသမားများ ဆုံးရှုံးခဲ့ရပုံများကို ပြသထားတာတွေ့ရတယ်။ မြန်မာနိုင်ငံက စစ်ထွက်နိုင်ငံရေးသမားများ၏ အထူးအဆန်းမှတ်ချက်များ၊  မာဖီးယားပုံစံခရိုနီများ၏ လုပ်ရပ်များက ပြတိုက်မှာ ထည့်သွင်းထားရင်ကောင်းမလားလို့ တွေးမိပါတယ်။
ယခုတစ်လောရွေးကောက်ပွဲနီးလာတာနှင့်အမျှ မြန်မာနိုင်ငံက မီဒီသမားများကို ဖိနှိပ်မှု ဆက်တိုက်လုပ်လာတာ တွေ့ရှိနေ ပါတယ်။ အမေရိကန်နိုင်ငံက ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲကာလအတွင်း မီဒီယာလွတ်လပ်ခွင့် မည်မျှရှိကြောင်း ခေါ်ယူပြသခဲ့တာတွေကို ကြည့်ရပြီးနောက်ပိုင်းမှာတော့ မြန်မာနိုင်ငံဟာ ကမ္ဘာ့နိုင်ငံတွေနှင့်ယှဉ်ရင် မည်မျှအထိကွာဟသွားပြီဖြစ်ကြောင်း ကောင်းကောင်းသိလိုက်ရပြီဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း စနစ်တစ်ခုပြောင်းလဲဖို့ ပြည်သူတွေ အခွင့်အရေး ရမယ့် ရွေးကောက်ပွဲကြီးကျင်းပပါတော့မယ်။လာမယ့် နိုဝင်ဘာ ၈ ရက်မှာ ပြည်သူတွေအနေနှင့် မိမိတို့ရဲ့ဘဝတွေ၊ နိုင်ငံတစ်ခုရဲ့ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်မယ့် အစိုးရတစ်ခုကို ရွေးချယ်ပေးရတော့မှာပါ။ ကမ္ဘာမှာ တစ်ခုတည်းသာရှိတဲ့ သတင်းပြတိုက်ကြီးကတော့ နိုင်ငံတကာစံနှုန်းအညွန်းကိန်းတွေ အစဉ်ဆက်မပြတ် မီးမောင်းထိုးပြနေဦးမှာပါ။
ရွေးကောက်ပွဲမှာ အရေးကြီးဆုံးကတော့ မီဒီယာပဲဖြစ်ပါတယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လာဖို့၊ ပြည်သူလူထုအ မြင်ပွင့်သွားဖို့ မီဒီယာရဲ့အခန်းကဏ္ဍက အရမ်းအရေးကြီးပါတယ်။ တရားမျှတတဲ့ရွေးကောက်ပွဲတစ်ခုဖြစ်လာဖို့ မြန်မာနိုင်ငံရဲ့ မီဒီယာသမားများအနေဖြင့် လာမယ့်ရွေး ကောက်ပွဲမှာ အားသွန်ခွန်စိုက်ဆောင်ရွက်ကြရင်တော့ ကောင်းမွန်တဲ့အပြောင်းအလဲတစ်ခုကို ပြည်သူတွေ တွန်းရွေ့သွားနိုင်ပါလိမ့်မယ်...။

Most Read

Most Recent