အမျိုးသမီးတွေကို မဲပေးရမှာလား

အမျိုးသမီးတွေကို မဲပေးရမှာလား
Published 8 September 2015
ကျွန်း

သဘောတရားသစ်တွေ၊ အကြောင်းအရာသစ်တွေဟာ တစ်စိတ်တစ်ဒေသသာ သိနိုင်၊ မြင်နိုင်သေးချိန်တွေမှာ အလွန်ဇဝေဇဝါ ဖြစ်စရာကောင်းပါတယ်။ နားလည်မှုလွဲတတ်သလို တစ်ဖက်စွန်းကိုလည်း ရောက် သွားတတ်ပါတယ်။ အိပ်ချ်အိုင်ဗွီ၊ အေအိုင်ဒီအက်စ် ပညာပေးစတင်ခဲ့စဉ်က အကြောင်းလေးတွေနဲ့ ဥပမာပေးချင်ပါတယ်။
အိပ်ချ်အိုင်ဗွီပိုးနဲ့ပတ်သက်တဲ့ ပညာပေးတွေ စတင်ချိန်မှာ “အေအိုင်ဒီအက်စ် ဖြစ်လျှင် မုချသေရမည်။ ကုရာနတ္ထိ  ဆေးမရှိ” လို့ ပညာပေးကြပါတယ်။ စေတနာက ကြောက်ရွံ့ထိတ်လန့်ပြီး ကြိုတင်ကာကွယ်ကြစေချင်တာပါ။ ပညာပေးသူတွေကြိုမမြင်ခဲ့တာက  အဲဒီစကားလုံးတွေကြောင့် အိပ်ချ်အိုင်ဗွီပိုးရှိသူတွေ ပိုမိုခွဲခြားဆက်ဆံခံကြရခြင်းပါ။ ဒါ့ပြင် အိပ်ချ်အိုင်ဗွီပိုးရှိနိုင်တယ်လို့ ကိုယ့်ကိုယ်ကိုယ် ယူဆသူတွေက သွေးစစ်ပြီး လိုအပ်တဲ့ ကုသမှုတွေခံယူရမယ့်အစား  မသိဖို့ ရွေးချယ်ကြပါတယ်။ အဲဒီမှာ ရောဂါပိုး ကူးစက်မှုတွေ ပိုမိုဖြစ်ပွားလာပြီး အေအိုင်ဒီအက်စ်ကြောင့် သေဆုံးမှုတွေ များပြားခဲ့ပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ ပညာပေးတဲ့ စကားလုံးတွေကို ပြန်လည်ပြင်ဆင်ခဲ့ကြရပါတယ်။ ပြည့်စုံစွာ နားလည်မှုမရှိခဲ့ခြင်းရဲ့ ဥပမာတစ်ခုပါ။
အိပ်ချ်အိုင်ဗွီ ပညာပေးတဲ့လုပ်ငန်းစဉ်တွေကြောင့် အရင်ကလူကြားသူကြားထဲ မပြောသင့်လို့ တားမြစ်ထားတဲ့ လိင်မှုဆိုင်ရာကိစ္စရပ်တွေကို ပညာပေးအနေနဲ့ စတင်ပြောဆိုလို့ရသွားကြပါတယ်။ အဲဒီအချိန်မှာ ပြော သင့်တာထက် ပိုပြောခဲ့ကြတာတွေကို အတော်လေးကြားခဲ့၊ မြင်ခဲ့ရပါတယ်။ “နားယဉ်အောင် လုပ်ပေးတာ၊ ဒါတွေသိမှဖြစ်မယ်” စသဖြင့် ပြောကြတော့ ကိုယ်တိုင်က ကောင်းကောင်းနားမလည်တဲ့အခါ အဟုတ်ထင်ပြီး များစွာသည်းခံခဲ့ရဖူးပါတယ်။ သို့ပေမဲ့ အ မေရိကန်နိုင်ငံမှာ ကျောင်းသွားတက်ခဲ့စဉ်က သင်ခန်းစာတွေထဲမှာ လိင်မှုဆိုင်ရာနဲ့ ဆက်စပ်ပတ်သက်တဲ့ ကိစ္စရပ်တွေကို မဖြစ်မနေဆွေးနွေးရရင်တောင် အလွန်သိမ်သိမ်မွေ့ မွေ့နဲ့ဆွေးနွေးကြပြီး မလိုအပ်တာတွေ မပြောကြဘူးဆိုတာ တွေ့ခဲ့ရပါတယ်။ အခုအချိန်မှာတော့ အဲဒီလို အိပ်ချ်အိုင်ဗွီကို အကြောင်းပြုပြီး မပြောသင့်တာတွေကို ပြောဆိုခဲ့တာတွေက လိင်မှုဆိုင်ရာ အနှောင့်အယှက်ပေးမှု (Sexual Harassment)မြောက်ကြောင်း သိနားလည်လာခဲ့ပါတယ်။ အစွန်းရောက်ခဲ့တဲ့ ကိစ္စတစ်ခုအနေနဲ့ ဥပမာပေးချင်တာပါ။
ကျား-မ ရေးရာ တန်းတူညီမျှရေး ကိစ္စရပ်တွေကို စတင်ပြောဆိုလာကြချိန်မှာလည်း ကျွန်မတို့နားလည်ပုံတွေက တစ်ဖက်စောင်းနင်းကို အရင်ရောက်ခဲ့ကြပါတယ်။ အစောပိုင်းကာလတွေမှာ ကျား-မ ရေးရာ သင်တန်းပေးခဲ့သူတွေထံက သူတို့သင်တန်း ပေးခဲ့တဲ့နေရာတွေမှာ လင်မယားတွေ ရန်ဖြစ်ကုန်ကြတယ်ဆိုတဲ့ သင်ခန်းစာယူစရာ ဖြစ်ရပ်တွေကို ကြားသိရပါတယ်။ ကျား-မ ရေးရာ တန်းတူညီမျှရေးကို ဆောင်ရွက်ကြ တာက လူ့အဖွဲ့အစည်းကို အပြုဘက်ပြောင်းလဲစေဖို့၊ ပိုမိုကောင်းမွန်လာစေဖို့ ကြိုးစားကြတာပါ။ အပျက်ဘက်ကို ရောက်အောင်၊ ဟာမိုနီပျက်အောင် လုပ်ကြတာ မဟုတ်ပါဘူး။ ဒါကြောင့် သင်ခန်းစာတွေကို ပြန်ပြင်တာ၊ အမျိုးသားတွေရဲ့ ရှုထောင့်အမြင်တွေကို ထည့်သွင်းစဉ်းစားတာ၊ အမျိုးသားတွေ ပါဝင်ဆောင်ရွက်လာစေတာ စတာတွေနဲ့ ပြုပြင်ခဲ့ကြတယ်လို့ ကြားသိရပါတယ်။
အခုလို ရွေးကောက်ပွဲနီးလာတဲ့ကာလမှာ “ကျား-မ ရေးရာ တန်းတူညီမျှရေးဆိုတော့ အမျိုးသမီး အမတ်လောင်းတွေကို မဲပေးရမှာလား” ဆိုတဲ့ မေးခွန်းမျိုးကို ကြားရပါတယ်။ အမျိုးသမီးအမတ်တွေ လွှတ်တော် ထဲမှာ ရာခိုင်နှုန်း ၃၀ ရှိသင့်တယ်ဆိုတဲ့ Quota အိုင်ဒီယာကို ကျွန်မ လက်ခံပါတယ်။ ဒါကရေရှည်အတွက် မဟုတ်တဲ့ ယာယီအထူးစီမံချက်သာဖြစ်ပါတယ်။ ရှိနေတဲ့အတားအဆီးတွေကြောင့် တက်လှမ်းဖို့ မမီ့တမီဖြစ်တဲ့ နေရာတွေအတွက် ယာယီခုံခုပေးသလို အစီအမံမျိုးဖြစ်ပါတယ်။ အဲဒီအတွက် အမျိုး သမီးကိုယ်စားလှယ်လောင်းတွေ ပိုပါလာအောင် “အမျိုးသမီးတွေကို မဲပေးကြပါ”ဆို တဲ့ လှုံ့ဆော်မှုလုပ်သူတွေ ရှိခဲ့ပါတယ်။ သို့ပေမဲ့ အဲဒါကို လက်ရှိမှာ အမှန်တကယ် ဖြစ်နေတဲ့အခြေအနေထဲက သီးသန့်ခွဲထုတ်စဉ်းစားလို့ မရပါဘူး။
ကျွန်မတို့နိုင်ငံရဲ့ လတ်တလောအနေအထားမှာ ကျား-မ ရေးရာ တန်းတူညီမျှရေး ရှုထောင့်နဲ့စဉ်းစားမယ်ဆိုရင် “အမျိုးသမီး ခေါင်းဆောင်တွေ” လို့  စဉ်းစားကြမယ့်အစား “အမျိုးသမီးတွေအတွက် ခေါင်းဆောင်တွေ” လို့ စဉ်းစားကြတာက ပိုမိုသင့်လျော်မယ်လို့ ယူဆပါတယ်။ အမျိုးသမီးတွေအတွက် ခေါင်းဆောင်တွေက အမျိုးသမီးတွေ ဖြစ်နိုင်သလို အမျိုးသမီးတွေရဲ့ အရေးကိစ္စတွေကို စိတ်ဝင်စားသူ အမျိုးသားတွေလည်း ဖြစ်နိုင်ပါတယ်။ ကျွန်မရဲ့ ကိုယ်ပိုင်အမြင်အရ ပြောရရင် ပါတီကို ကြည့်ရမှာဖြစ်သလို လူကိုလည်း ကြည့်ရမှာပါ။ ပါတီကိုလည်း ကြိုက်ပါတယ်။ လူကလည်း သိပ်မဆိုးပါဘူး။ ဒါပေမဲ့ အမျိုးသမီးဖြစ်နေလို့ဆိုပြီး မဲမပေးတာမျိုး မဖြစ်စေချင်သလို ပါတီကိုလည်း မကြိုက်ဘူး။ လူကိုလည်း မကြိုက်ဘူး။ ဒါပေမဲ့ အမျိုးသမီးမို့လို့ မဲပေးလိုက်ရတယ်ဆိုတာမျိုးလည်း မဖြစ်စေချင်ပါဘူး။
ဖြစ်လေ့ရှိတာနည်းပေမယ့် အမျိုးသမီး အမတ်တွေကိုယ်တိုင်က အမျိုးသမီးတွေရဲ့ ရပိုင်ခွင့်တွေကို ချိုးဖောက်တာမျိုးတွေ ရှိတတ်ပါတယ်။ သူများနိုင်ငံအကြောင်းပြော တာ အန္တရာယ်ကင်းတဲ့အတွက် ကော်စတာ ရိုက်ကာ (Costa Rica)မှာ ဖြစ်ခဲ့တာလေးကိုပဲ ဖောက်သည်ချပါမယ်။ အဲဒီမှာကွဲပြားတဲ့ ပါတီတွေက အမျိုးသမီးအမတ်တွေက အမျိုးသမီးတွေ အကျိုးရှိစေမယ့် ဥပဒေတစ်ခုကို ကိုယ်ကျိုးအတွက် ကန့်ကွက်တားဆီးခဲ့ဖူးပါတယ်။ အဲဒီဥပဒေထွက်လာရင် သူတို့အိမ်တွေမှာ အလုပ်လုပ်နေတဲ့ အိမ်ဖော်မလေး တွေအတွက် အခွင့်အရေးပိုလာမှာမို့ သူတို့ရဲ့ သက်သောင့်သက်သာဖြစ်မှုကို ထိခိုက်စေတဲ့အတွက် တားဆီးခဲ့တာဖြစ်ပါသတဲ့။ ဒါ့ အပြင် အမျိုးသမီးအမတ်တွေ ဖြတ်သန်းလာ တဲ့ နောက်ခံအခြေအနေတွေက ကာကွယ် စောင့်ရှောက်ပေးဖို့ အထူးတလည် လိုအပ်နေတဲ့ အမျိုးသမီးတွေနဲ့ အလွန်ကွာဟနေတဲ့အတွက် အဲဒီအမျိုးသမီးတွေရဲ့ လိုအပ်ချက်တွေကို မြင်နိုင်စွမ်း၊ ကိုယ်စားပြုပြောပေးနိုင်စွမ်းမရှိတဲ့ ဖြစ်ရပ်မျိုးတွေလည်း ရှိခဲ့ဖူးပါသတဲ့။ အဲဒီတော့ အမျိုးသမီးတွေကို မဲပေးမယ်ဆိုရင် “ဘယ်လိုအမျိုးသမီးမျိုးလဲ” ဆိုတာကို မဖြစ်မနေ ထည့်သွင်းစဉ်းစားဖို့ လိုပါလိမ့်မယ်။
နောက်ဆက်တွဲ စဉ်းစားမိတာက လာမယ့်ရွေးကောက်ပွဲမှာ အမျိုးသမီးတွေ ကိုယ်တိုင်၊ မိမိကိုယ်ပိုင်ဆန္ဒနဲ့ မဲထွက်ပေးကြဖို့ပါ။ လူဦးရေတစ်ဝက်ကျော်ကို ကိုယ်စားပြုနေတာမို့ အမျိုးသမီးတွေရဲ့ ပါဝင်မှုက အလွန် အရေးကြီးကြောင်း သတိပြုမိကြမယ်လို့ ထင်ပါတယ်။ အခုအချိန်မှာ အမျိုးသမီးတွေကို မဲပေးရမှာလားလို့ မေးကြသလို အမျိုးသမီးတွေ မဲပေးကြမှာလားလို့ မေးဖို့လည်း လိုအပ်မယ်လို့ ယူဆမိပါတယ်။

Most Read

Most Recent