နယ်စပ်က တံတိုင်းများ

နယ်စပ်က တံတိုင်းများ
Published 7 September 2015
နရီမင်း

ဥရောပ၌ ရွှေ့ပြောင်း အခြေချသူများ အကျပ်အတည်း မြင့်တက်လာချိန်တွင် ဟန်ဂေရီက ဘော်လ်ကန်ဒေသ ကုန်းတွင်းပိုင်း လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်လာသော ရွှေ့ပြောင်း အခြေချသူများကို ဟန့်တားရန် လေးမီတာမြင့်သည့် ခြံစည်းရိုး တံတိုင်းကြီးကို ဆားဘီးယားနှင့် နယ်စပ်ချင်း ထိစပ်နေသည့် မိုင် ၁၁၀ တစ်လျှောက် အလျင်အမြန် တည်ဆောက်ခဲ့သည်။ထို့ကြောင့် နဂိုကတည်းကိုက လွန်စွာ ဒုက္ခကြီးမားလှသည့် ရွှေ့ပြောင်း အခြေချသူများ၏ ခရီးသည် ပိုမိုကြမ်းတမ်း ခက်ခဲ၍ လာတော့သည်။ဟန်ဂေရီသည် ၎င်းတို့ မလိုလားသော ရွှေ့ပြောင်း အခြေချသူများကို ရှင်းထုတ်ရန်အတွက် အခြား ဥရောပနိုင်ငံများနှင့် လူ့အခွင့်အရေး အဖွဲ့များက အပြင်းအထန် ကန့်ကွက်နေသည့်ကြားက “ဘာမဆိုလုပ်မယ်” ဟူသည့် သဘောထားကို ထုတ်ပြလိုက်ခြင်း ဖြစ်သည်။“နေ့စဉ် ပျမ်းမျှ လူပေါင်း ၁၀၀၀ လောက်ဟာ နယ်ခြားကို ဖြတ်ကျော်ပြီး ဟန်ဂေရီ နိုင်ငံထဲကို ဝင်ရောက် နေပါတယ်။ ဒါကြောင့် တရားမဝင် ရွှေ့ပြောင်း အခြေချမှုက ပြင်းထန်တဲ့ ပြဿနာတစ်ရပ် ဖြစ်လာပါတယ်။ ဒါကို ထိန်းချုပ်ဖို့က ကြီးမားတဲ့ တာဝန်ပါ” ဟု ဟန်ဂေရီ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့၏ ပူးတွဲထုတ်ပြန်ချက် တစ်ရပ်၌ ဖော်ပြခဲ့သည်။၂၀၁၄ ခုနှစ်တွင် ဟန်ဂေရီသို့ ဝင်ရောက်ခဲ့သည့် ရွှေ့ပြောင်းအခြေချသူ အရေအတွက်မှာ ၄၃,၀၀၀ ရှိပြီး ယခုနှစ်တွင် ၈၀,၀၀၀ ကျော် ရှိလာပြီဟု ဆိုသည်။ ယင်းဒုက္ခသည်များအနက် အများစုသည် ဆီးရီးယား၊ အာဖ ဂန်နစ္စတန်နှင့် အီရတ်တို့မှနေ၍ ဆားဘီးယားကို ဖြတ်ကျော်ကာ ဝင်ရောက်လာခြင်း ဖြစ်သည်။၁၉၈၉ ခုနှစ်တွင် ကမ္ဘာ့သမိုင်းမှတ်တိုင် တစ်ရပ်အဖြစ် ဘာလင်တံတိုင်းကြီး ပြိုကျသွားချိန်၌ နယ်စပ်များ၌ ကာရံထားသည့် တံတိုင်းပေါင်း ၁၆ ခုသာ ရှိခဲ့သော်လည်း ယခုအခါ စီစဉ်ဆဲနှင့် တည်ဆောက် ပြီးစီးသွားသည့် နယ်စပ်တံတိုင်းပေါင်း ၆၅ ခုရှိကြောင်း မွန်ထရီယယ် တက္ကသိုလ်မှ ပညာရှင် အဲလိဇဘတ်ဗဲလေးက ပြောကြားခဲ့သည်။ကျွမ်းကျင်ပညာရှင်များက ယင်းကဲ့သို့ နယ်စပ်တံတိုင်းများ တည်ဆောက်ခြင်းသည် မူလက နိုင်ငံရေးနှင့် သင်္ကေတ အမှတ်အသား သဘောဆောင်ခဲ့သော်လည်း ယခုအခါ ရွှေ့ပြောင်း အခြေချသူများကို ဟန့်တားရန်နှင့် လုံခြုံရေး အစီအစဉ် တင်းကျပ်ရန် အစိုးရ အဖွဲ့များအတွက် အကြီးအကျယ် ခေတ်စားလာနေပြီဟု ဆိုသည်။ထို့ကြောင့် ကမ္ဘာတစ်လွှားရှိ မကြာသေးမီက တည်ဆောက်ခဲ့သော နယ်စပ်တံတိုင်းများနှင့် အရေးအပါဆုံး နယ်စပ်တံတိုင်းများအကြောင်း တင်ပြလိုက်ရပါသည်။ဟန်ဂေရီမကြာသေးမီကမှ တည်ဆောက်လိုက်သော ဟန်ဂေရီ နယ်စပ်တံတိုင်းသည် လက်ယာဝါဒီ ဟန်ဂေရီ အစိုးရ၏ ရွှေ့ပြောင်း အခြေချသူများ ဟန့်တားရေး လုပ်ဆောင်ချက် ဖြစ်သည်။ ဟန်ဂေရီသည် ယခုနှစ်အတွင်း စံချိန် တင်အဖြစ် ခိုလှုံခွင့် လျှောက်ထားမှု ၈၀,၀၀၀ ကို လက်ခံ ရရှိပြီးနောက် ဆားဘီးယားနှင့် နယ်စပ်ချင်း ထိစပ်နေသည့် မိုင် ၁၁၀ တစ်လျှောက် ခြံစည်းရိုး တံတိုင်းကို ဇူလိုင်လအတွင်း စတင် တည်ဆောက်ခဲ့သည်။မော်ရိုကိုက သိမ်းပိုက်ထားသော အနောက်ဆာဟာရကမ္ဘာပေါ်တွင် သက်တမ်း အရင့်ဆုံး လုံခြုံရေး အတားအဆီး တစ်ရပ်ဖြစ်သည်။ မိုင် ၁၇၀၀ ရှည်လျားသည့် သဲတံတိုင်းကြီးသည် မော်ရိုကို ပိုင်နက်ကို ပိုလီဆာရီယိုသူပုန်များ ထိန်းချုပ်ထားရာ ဒေသနှင့် ပိုင်းခြားထားသည်။ အဆိုပါ သူပုန်များသည် ၁၉၇၀ ပြည့်လွန်နှစ်များ ကတည်းက အနောက်ဆာဟာရ ဒေသကို ထိန်းချုပ်နိုင်ရန် တိုက်ပွဲဝင်ခြင်းနှင့် စေ့စပ်ညှိနှိုင်းခြင်းတို့ကို ပြုလုပ်လျက်ရှိသည်။ဆော်ဒီအာရေဗျ-အီရတ်လွန်ခဲ့သည့် နှစ်အတွင်း IS အဖွဲ့ ပေါ်ထွန်းလာခြင်းကို တုံ့ပြန်သောအားဖြင့် ဆော်ဒီအာရေဗျသည် အီရတ်နှင့် နယ်စပ်၌ နဂိုကတည်းက ရှိခဲ့သည့် ခုနစ်မီတာ (၂၃ ပေ) မြင့်သည့် သဲတံတိုင်းကြီးကို တိုးချဲ့တည်ဆောက် မှု ပြုလုပ်ခဲ့သည်။ ယင်းတွင် ၅၆၀ မိုင်ရှည်လျားသော ခြံစည်းရိုး၊ စောင့်ကြည့်ရေး မျှော်စင် ၇၈ ခု၊ စစ်ဦးစီးဌာန ရှစ်ခု၊ စောင့်ကြည့်ရေးယာဉ် ၁၀ စီး၊ အလျင်အမြန် တုံ့ပြန်ရေးဌာန ၃၂ ခုနှင့် အလျင်အမြန် ဝင်ရောက် တိုက်ခိုက်ရေး တပ်ဖွဲ့သုံးခုတို့ ပါဝင်သည်။အစ္စရေး-ဝက်စ်ဘန့်အစ္စရေးသည် ပါလက်စတိုင်း သူပုန်များ၏ တိုက်ခိုက်မှုကို ဟန့်တားရန် အတွက်ဟုဆိုကာ လုံခြုံရေး အတားအဆီးကို ၂၀၀၂ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့သည်။ ဝေဖန်သူများက ယင်းတံတိုင်းကို နယ်မြေများသိမ်းယူရန်နှင့် နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ကာ တရားမဝင်သည့် နယ်စပ် တည်ထောင်ရန်တို့အတွက် အသုံးပြုရန် ဖြစ်သည်ဟု ပြောကြားခဲ့ကြသည်။အမေရိကန်-မက္ကဆီကိုအမေရိကန် သမ္မတ ဘီကလင်တန်သည် ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း နယ်စပ် လုံခြုံရေးကို တင်းကျပ်ရန် စတင်ကြိုးပမ်းခဲ့သည်။ နယ်စပ် မလုံခြုံပါက အယ်လ်ကေးဒါးများ ယင်းကို အသုံးချသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ ယခုအခါ IS အဖွဲ့၏ အန္တရာယ် ကြီးမားလာသောကြောင့် နယ်စပ် အတားအဆီးများကို ပိုမို တင်းကျပ်ရန် ကိစ္စသည် မကြာသေးမီ သီတင်းပတ်များအတွင်း အမေရိကန်၏ ထိပ်တန်း နိုင်ငံရေး အကြောင်းအရာ ဖြစ်လာသည်။ အမေရိကန် သမ္မတဖြစ်လာရန် အလားအလာရှိသော ဒေါ်နယ်ထရန့်က ဇွန်လ၌ သူသည် မက္ကဆီကို,ကို ငွေကြေးများပေး၍ နယ်စပ်တစ်လျှောက် တံတိုင်းတစ်ခု တည်ဆောက်ခိုင်းမည်ဟု ပြောကြားခဲ့သည်။ဂရိ-တူရကီဂရိသည် တူရကီနှင့် ဆက်ဆံရေး တိုးတက်လာခြင်းအပြင် ၎င်းတို့ နှစ်နိုင်ငံနယ်စပ် တစ်လျှောက်ရှိ မြေမြှုပ်မိုင်းများကို ဖယ်ရှားခဲ့ခြင်းတို့၏ ဘေးထွက်ဆိုးကျိုး တစ်ရပ်မှာ ရွှေ့ပြောင်း အခြေချသူများ ဥရောပသို့ ဝင်ရောက် ရန်အတွက် ဂရိသည် အဓိက ဝင်ပေါက်တစ်ခု ဖြစ်လာခဲ့သည်။ ဂရိနိုင်ငံ အနေဖြင့် စီးပွားရေး ပြိုလဲခဲ့ပြီး များမကြာမီမှာပင် ဥရောပ ရွှေ့ပြောင်းအခြေချသူများ အကျပ်အတည်းကို ရင်ဆိုင်ရခြင်း ဖြစ်သည်။ ထို့ကြောင့် ဂရိသည် ၂၀၁၂ ခုနှစ်တွင် တူရကီနှင့် နယ်စပ်ရှိ ခုနစ်မိုင်တစ်လျှောက်၌ အိဗ်ရော့စ်တံတိုင်းကို တည်ဆောက်ခဲ့သည်။မြောက်အိုင်ယာလန်အစောဆုံးအဖြစ် ပြန်ကြည့်လျှင် ၁၉၆၉ ခုနှစ်တွင် အလုပ်သမား လူတန်းစား ပရိုတက်စတင့်များနှင့် ကက်သလစ် အုပ်စုများကို ပိုင်းခြားထားရန်အတွက် မြောက်အိုင်ယာလန် အစိုးရက ငြိမ်းချမ်းရေးမျဉ်း ၉၉ ခုကို ဒီဇိုင်း ရေးဆွဲထားခဲ့သည်။ ၁၉၉၈ ခုနှစ် Good Friday Agreement ဟုခေါ်သော သဘောတူညီချက် မရမီအထိ ဒုက္ခခေတ် ဟုခေါ်သော ကာလအတွင်း လူသတ်နယ်မြေဟု ထင်ရှားသည့် မြို့၏မြောက်ဘက်ပိုင်းကို အဓိက ထားခဲ့သည်။ ယင်းနောက်တွင် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့သော်လည်း တံတိုင်းများ၏ အရွယ်အစားနှင့် အရေအတွက်ကို တိုးချဲ့၍သာလာကြသည်။စပိန်-မော်ရိုကိုမြောက်အာဖရိက ကမ်းခြေရှိ စပိန်နိုင်ငံပိုင် ကျူတာနှင့် မီလယ်လာ ဒေသတို့တွင် နည်းပညာ အဆင့်မြင့် နယ်စပ် ခြံစည်းရိုးများဖြင့် ကာရံထားသည်။ လူအများအပြားသည် ယင်းခြံစည်းရိုးများကို ဖြတ်ကျော်ရန် ကြိုးစား ခဲ့ဖူးပြီး အချို့ကို မော်ရိုကိုတပ်များက ပစ်သတ်ခဲ့သည်။အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်၁၉၉၃ ခုနှစ်မှစ၍ အိန္ဒိယသည် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုကို တားဆီးရန်အတွက် ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်တစ်လျှောက် သံဆူးကြိုး ခြံစည်းရိုးကို တဖြည်းဖြည်း တည်ဆာက်လာခဲ့သည်။ ယင်းနောက် တိကျသော နယ်ခြားလိုင်းနှင့် ပတ်သက်၍ အငြင်းပွားမှု ဖြစ်ပေါ်ပြီး မည်သည့်နိုင်ငံမှ မပိုင်ဘဲ မည်သည့် အစိုးရဌာနမျှ မရှိသော နယ်မြေတစ်ခုအတွင်း လူပေါင်း ၁၀၀,၀၀၀ အား စွန့်ပစ်ထားရသကဲ့သို့ ဖြစ်ခဲ့သည်။ဆိုက်ပရက်စ်၁၉၇၄ ခုနှစ် တူရကီတို့ ကျူးကျော်ဝင်ရောက်ခဲ့သည့် အချိန်မှစ၍ ဆိုက်ပရက်စ်ကျွန်းနှင့် ယင်း၏မြို့တော် နီကိုးရှားတို့ကို တူရကီ ဆိုက်ပရက်စ်သားများ အပိုင်းနှင့် ဂရိဆိုက်ပရက်စ်သားများ အပိုင်းအဖြစ် ထက်ခြမ်းခြမ်းကာ တံတိုင်းတစ်ခု တည်ဆောက် လာခဲ့သည်။

Most Read

Most Recent