အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အနေဖြင့် အစိုးရဖွဲ့နိုင်ပါက ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို အမြန်ဆုံး စတင်မည်ဖြစ်ပြီး တိုင်းရင်းသားများနှင့် ဖြောင့်ဖြောင့်တန်းတန်း ပွင့်လင်းစွာ ဆက်ဆံမည်ဖြစ်ကာ ကတိဖျက်သည့်အဖွဲ့ မဖြစ်စေရကြောင်း ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၅ ရက်တွင် ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသရှိ ဆီဆိုင်မြို့၌ ရွေးကောက်ပွဲဆိုင်ရာ ပညာပေး ဟောပြောပွဲတွင် အထက် ပါကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။“ကျွန်မတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲမှာ အပြတ်အသတ်နိုင်လို့ အစိုးရဖွဲ့နိုင်တဲ့ အခါကျရင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ကျွန်မတို့ အမြန်ဆုံးစမှာပါ။ အဲဒီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေနဲ့ ပတ်သက်လို့ ကျွန်မတို့မူတွေက ဘာလဲလို့မေးရင် အခြေခံမူက ရှင်းပါတယ်။ ကျွန်မတို့ တိုင်းရင်းသားများနဲ့ ဖြောင့်ဖြောင့်တန်းတန်း ပွင့်ပွင့်လင်းလင်း ဆက်ဆံမယ်။ ကျွန်မတို့ ပေးတဲ့ကတိတွေကို တည်မယ်။ ကျွန်မတို့ဟာ ကတိဖျက်တဲ့အဖွဲ့ မဖြစ်စေရဘူး ဆိုတာတော့ ကျွန်မ အာမခံပါတယ်” ဟု NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လူထုအား ပြောကြားသည်။ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ရှိသည့်အခါတွင် ပါဝင်သင့်သည့် လူများအားလုံး ပါဝင်ရမည်ဖြစ်ပြီး ပွင့်လင်းမြင်သာမှု ရှိရမည်ဖြစ်ကြောင်း၊ နိုင်ငံအတွင်း၌ရှိသည့် တိုင်း ရင်းသား၊ နိုင်ငံသူနိုင်ငံသား၊ ပြည်သူများ အားလုံးအနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသည် ဘယ်လိုဖြစ် နေသလဲ၊ ဘယ်လို အခြေအနေ ရောက်နေလဲ ဆိုသည်ကို သိသင့်သိထိုက်သည် များကို သိနိုင်သည့် အခြေအနေမျိုးများကို ဖန်တီးရမည် ဖြစ်ကြောင်း ပြောကြားသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပအိုးဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့တွင် ရွေးကောက်ပွဲဆိုင်ရာ ပညာပေး ဟောပြောနေသည်ကို စက်တင်ဘာ ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-မျိုးမင်းထက်)“ကျွန်မတို့ဟာ ပင်လုံစိတ်ဓာတ်ကို အခြေခံတဲ့ တိုင်းရင်းသားများ တန်းတူညီမျှရေးကို ပထမထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ တန်းတူညီမျှရေး မရှိဘဲ၊ မျှတမှုမရှိဘဲနဲ့ တကယ့်စစ်မှန်တဲ့ ညီညွတ်မှုဆိုတာ မရှိနိုင်ပါဘူး။ ညီညွတ်မှု မရှိဘဲနဲ့ ငြိမ်းချမ်းမှုဆိုတာလဲ ရှိနိုင်မှာ မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့နိုင်ငံ ငြိမ်းချမ်းဖို့အတွက် တန်းတူညီမျှရေးကို အခြေခံမူ အဖြစ်နဲ့ လုံးဝခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားပါတယ်” ဟု NLD ဥက္ကဋ္ဌ ဒေါ်အာင်ဆန်းစုကြည်က ပြောကြားသည်။မည်သည့် ဆွေးနွေးပွဲများ လုပ်သည်ဖြစ်စေ မည်သည့် သဘောတူညီချက် စာချုပ်များကိုပဲ လက်မှတ်ထိုးသည် ဖြစ်စေ သဘောတူညီသည့် လူများသည် ကတိတည်ဖို့ရာ အဓိကဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။“ကျွန်မတို့ကို တော်တော်များများက နေပြီးတော့ အခုလောလောဆယ် အပစ်အခတ် ရပ်စဲရေး အပေါ်မှာ ဘယ်လို စိတ်ထားလဲ။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေပေါ်မှာ ဘယ်လို စိတ်ထားလဲဆိုတော့ ကျွန်မတို့ကတော့ ရိုးရိုးပဲ အပစ်အခတ် ရပ်စဲရေးဆိုတာ စစ်မှန်တဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို အမြန်ဆုံး ရစေချင်တယ်။ စစ်မှန်ရမယ်။ စစ်မှန်တယ်ဆိုတာ ဘာလဲဆိုတော့ တိုင်းရင်းသားတွေအားလုံး လက်ခံနိုင်တဲ့ အပစ်အခတ် ရပ်စဲရေး စာချုပ်မျိုး၊ ပါဝင်သင့်တဲ့ နိုင်ငံရေး အစုအဖွဲ့များ၊ အင်အားစုများအားလုံး လက်ခံတဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်မျိုး၊ အရေးကြီးဆုံးက ရေရှည်တည်တံ့ ခိုင်မြဲမယ့် အပစ်အခတ် ရပ်စဲရေး စာချုပ်မျိုး ဖြစ်ပါတယ်။ ဒီနေ့ လက်မှတ်ထိုးပြီး နောက်တစ်နေ့ ထပ်ပြီးပစ်မယ်ဆိုရင် ဒါမျိုးဟာ တကယ့်စစ်မှန်တဲ့ စာချုပ်မျိုး မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်မတို့ဟာ စစ်မှန်တဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု တစ်ခုကို အမြန်ဆုံး လက်မှတ်ထိုးတာကို ကျွန်မတို့ သဘောတူတယ်။ ဒါပေမဲ့ အချိန်ကာလက အရေးကြီးဆုံး မဟုတ်ပါဘူး။ စစ်မှန်မှုက အရေးကြီးဆုံးပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ထို့နောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး သိသင့်သိထိုက်သည့် အကြောင်းအရာများကို ဒေသခံ ပြည်သူလူထုအား ဆက်လက် ပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည်က ဒေသခံ လူထုအား “လာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားများဟာ မှန်မှန်ကန်ကန် မဲပေးဖို့က အရေးကြီးပါတယ်။ ဒါထက်ပိုပြီး အရေးကြီးတာက သက်ဆိုင်သူ အားလုံးဟာ ပြည်သူရဲ့ ဆန္ဒကို လေးစားဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်” ဟု ဆက်လက် ပြောကြားသည်။ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုရန်၊ လေးစားရန်၊ အကောင်အထည် ဖော်ရန်မှာ နိုင်ငံသူ၊ နိုင်ငံသား အားလုံး၏ တာဝန်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ ဆီဆိုင်မြို့၌ ပြုလုပ်သည့် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ပွဲဆိုင်ရာ ပညာပေး ဟောပြောပွဲသို့ ဟိုပုံးမြို့ ဒေသခံ ပြည်သူလူထု၊ တောင်ကြီးမြို့ ဒေသခံများ၊ ညောင်ရွှေမြို့ ဒေသခံများ အပါအဝင် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံ တိုင်းရင်းသား ထောင်ချီ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။















