ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ မရောက်မီ လက်ကမ်းစာစောင်များ ဝေငှခြင်း၊ လက်ဆောင်ပေးခြင်းများသည် ကော်မရှင်က ထုတ်ပြန်ထားသည့် ဥပဒေများနှင့် မညီ၍ ဦးလှဌေးဝင်း၊ ဦးဝေလွင်နှင့် ဦးမြင့်လှိုင်တို့အား ရွေးကောက်ပွဲ ကော်မရှင်ထံ တိုင်ကြားမည်

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ မရောက်မီ လက်ကမ်းစာစောင်များ ဝေငှခြင်း၊ လက်ဆောင်ပေးခြင်းများသည် ကော်မရှင်က ထုတ်ပြန်ထားသည့် ဥပဒေများနှင့် မညီ၍ ဦးလှဌေးဝင်း၊ ဦးဝေလွင်နှင့် ဦးမြင့်လှိုင်တို့အား ရွေးကောက်ပွဲ ကော်မရှင်ထံ တိုင်ကြားမည်
Published 6 September 2015
နေရိုင်း၊ စိုးမင်းထိုက်

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ မရောက်မီ လက်ကမ်းစာစောင်များ ဝေငှခြင်း၊ လက်ဆောင်ပေးခြင်းများသည် ကော်မရှင်က ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့် မညီသည့်အတွက် ဦးလှဌေးဝင်း၊ ဦးဝေလွင်နှင့် ဦးမြင့်လှိုင်တို့အား ရွေးကောက်ပွဲ ကော်မရှင်ထံ တိုင်ကြားသွားမည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးမင်းသူက စက်တင်ဘာ ၅ ရက်တွင် မီဒီယာများအား ပြောကြားသည်။ယင်းကဲ့သို့ ဥပဒေနှင့်မညီဘဲ စည်းရုံးရေးလုပ်ငန်းဆန်ဆန် ဆောင်ရွက်နေခြင်းသည် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ မရောက်သေးသည့်အတွက် ဥပဒေနှင့် မညီကြောင်း၊ ထို့အတွက် ရွေးကောက်ပွဲ ကော်မရှင်ထံ တိုင်ကြားနိုင်ရန်အတွက် ဥပဒေပညာရှင်များနှင့် တိုင်ပင်ထားကြောင်း ဦးမင်းသူက ပြောကြားသည်။ဦးမင်းသူက “ကျွန်တော်တို့ ပါတီအနေနဲ့ကတော့ ဥပဒေအတိုင်း ဆောင်ရွက်နေပါတယ်။ တစ်ဖက်က ဥပဒေအတိုင်း မလုပ်ရင်လည်း တိုင်ကြားရမယ့် တာဝန်ရှိတယ်။ ဘာလို့ အခုလို တိုင်ကြားဖို့ စီစဉ်ရတာလဲဆိုတော့ ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းမှာ ဇေယျာသီရိ မဲဆန္ဒနယ်က ဝင်ပြိုင်မယ့် ဦးလှဌေးဝင်းက ကျောက်ချက်ကျေးရွာအုပ်စုက မဲဆန္ဒရှင် ပြည်သူတွေကို ဆေးဝါး ကုသပေးရာမှာ တပ်မတော်ပိုင် ပစ္စည်းတွေကို သုံးစွဲခဲ့တာတွေ ရှိတယ်။ နောက်တစ်ခါ ဦးဝေလွင် (ကာကွယ်ရေး ဝန်ကြီးဟောင်းပေါ့)။ သူကလည်း ပုဗ္ဗသီရိမြို့နယ်ထဲက ကျေးရွာတွေမှာ ကျေးရွာ မီးလင်းရေးအတွက်ဆိုပြီး သိန်း ၆၀၀ ကျော်လှူဒါန်းတယ်။ တပ်မတော်မှာ တာဝန် ထမ်းဆောင်တုန်းက စုဆောင်းထားတဲ့ ငွေကြေးတွေလို့ ပြောပြီး ပေးတယ်။ ကိုယ်စားလှယ်လောင်း တစ်ဦးအတွက် မဲဆွယ်စည်းရုံးရေးကာလမှာ သုံးစွဲဖို့ ခွင့်ပြုထားတာက သိန်း ၁၀၀ ပဲရှိတယ်။ ကိုယ်စားလှယ်လောင်း မဟုတ်သေးခင်မှာ ဒီလို သုံးစွဲတာတွေဟာ ဥပဒေနဲ့ ညီမညီပေါ့။ အဲဒါကို အဆုံးအဖြတ်ပေးဖို့ တိုင်ကြားမယ်။ စည်းရုံးရေးကာလ မရောက်ခင် ကတည်းက အဲဒီလိုတွေဖြစ်နေတယ်” ဟု မီဒီယာများအား ပြောကြားသည်။“၄ ရက်နေ့က ဒက္ခိဏသီရိ မြို့နယ်ထဲမှာ လယ်ဆည်ဝန်ကြီး ဦးမြင့်လှိုင်အတွက် ညွှန်ချုပ် ဦးကျော်ဝင်းက မဲဆွယ်တဲ့ပိုစတာ၊ လက်ကမ်းစာစောင်တွေနဲ့ စည်းရုံးတာ ရှိခဲ့တယ်။ ထီးတွေ ယပ်တောင်တွေ ဖြန့်ချိပြီး စည်းရုံးမှုတွေ လုပ်ခဲ့တာ ထင်ရှားနေတယ်။ ဒါကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို တိုင်ကြားသွားဖို့ ဆောင်ရွက် နေပါတယ်။ ကော်မရှင်ရုံးက ဒီနေ့ဖွင့်ရင် ဒီနေ့တိုင်မယ်။ မဖွင့်ရင်တော့ တနင်္လာနေ့မှ တိုင်ကြား ရမှာပေါ့” ဟု ဦးမင်းသူက ပြောကြားသည်။အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ နေပြည်တော် ဥပဒေ အကျိုးဆောင် နာယက ဦးထွန်းခင်က “ရွေးကောက်ပွဲ ယှဉ်ပြိုင်ရာမှာ တရားမျှတစေဖို့ ကော်မရှင်အနေနဲ့ တရားမျှတဖို့အတွက် ထုတ်ပြန်ထားတာတွေ ရှိပါတယ်။ ထုတ်ပြန်ထားချက်တွေကို မလိုက်နာရင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ၊ ညွှန်ကြားချက်များကို ချိုးဖောက်တာပဲ ဖြစ်ပါတယ်။ စည်းရုံးရေးကာလ မရောက်မီမှာ ပါတီအတွက် စည်းရုံးရေးကာလနဲ့ ကိုယ်စားလှယ်အတွက် စည်းရုံးရေးကာလ ဆိုပြီးရှိပါတယ်။ ကိုယ်စားလှယ်တွေအတွက် စည်းရုံးခွင့်က စက်တင်ဘာ ၈ ရက်မှ စတင်မှာ ဖြစ်ပါ တယ်။ ပါတီစည်းရုံးရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ဟောပြောဖို့အတွက် တောင်အကြိတ် အနယ် ပြောခဲ့ရပါတယ်။ ပါတီအတွက်ကို ပါတီဆိုင်းဘုတ် အောက်ကပဲ စည်းရုံးခဲ့ရပါတယ်။ ကိုယ်စားလှယ်အတွက် စည်းရုံးခွင့် မရှိသေးတဲ့ အချိန်မှာ ဒက္ခိဏမှာ ကိုယ်စားလှယ်အတွက် စည်းရုံးနေတာကို တွေ့ရ ပါတယ်။ အဲဒါဟာ တရားမဲ့ ပြုကျင့်တာပဲ ဖြစ်တယ်။ ကိုယ်စားလှယ်အတွက် စည်းရုံးနေတာဟာ ကော်မရှင်ရဲ့ ညွှန်ကြားချက်ကို ဖောက်ဖျက်တာပေါ့။ လျှပ်စစ်မီးပေးမယ်တို့၊ ဆိုလာပြားတွေပေးပြီး  စည်းရုံးတာတို့ဟာ ဥပဒေကို ချိုးဖောက်ပြီးတော့ လုပ်နေတာပါ။ သက်ဆိုင်ရာ လွှတ်တော်တွေအတွက် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေမှာလည်း စည်းရုံးရာမှာ မလျော်သြဇာ သုံးတာတွေ၊ လာဘ်ပေးတာတွေကို ခွင့်မပြု ပေးထားပါဘူး။  ပြစ်ဒဏ်တွေလည်း ပေးနိုင်တာပဲ။ အဲဒီလိုတွေ ပေးနေတာဟာ မလျော်သြဇာ သုံးတာလည်း ဖြစ်တယ်။ လာဘ်ပေးတာလည်း ဖြစ်တယ်” ဟု ပြောကြားသည်။ဦးမင်းသူက ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့်လည်း ထုတ်ပြန်ထားချက်များ ရှိကြောင်း၊ ပါတီ စည်းရုံးရေးကာလအတွင်း  ကိုယ်စားလှယ်လောင်း စည်းရုံးခွင့်မရှိကြောင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ၏ မဲဆွယ် စည်းရုံးမှုများတွင် သက်ဆိုင်ရာ အာဏာပိုင်များ၏ တားဆီးပိတ်ပင်မှုများ ခံခဲ့ရကြောင်း၊ ပါတီစည်းရုံးရေး ဆောင်ရွက်နေသည့် အနီးတွင် လူတစ်စုအား ငြိမ်းစုစီဥပဒေအရ ဆန္ဒထုတ်ဖော်ရန် ခွင့်ပြုခြင်းသည် ပဋိပက္ခ ဖြစ်နိုင်သည့် နေရာများတွင် ခွင့်ပြုသည်မှာ အန္တရာယ်ကြီးမားကြောင်း၊ အထူးသဖြင့် နေပြည်တော် ကောင်စီနယ်မြေ အတွင်းတွင် ဥပဒေချိုးဖောက်မှုများ အထူးများပြားနေကြောင်း၊ အာဏာပိုင်များ ခွင့်ပြု ထားခြင်းသည် အာဏာပိုင်များ ကိုယ်တိုင် ကျူးလွန်သလို ဖြစ်နေကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲ ကော်မရှင်ကို တိုင်ကြားသွားမည် ဖြစ်ကြောင်း၊ အငြိမ်းစား ယူထားသည့်သူများ နိုင်ငံပိုင်ပစ္စည်းများကို သုံးတာပဲဖြစ်ဖြစ် မလျော်သြဇာ သုံးမှုများကို တိုင်ကြားမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။