“ဆရာ”

“ဆရာ”
Published 5 September 2015
အရှင်သုမင်္ဂလ (စစ်ကိုင်း)

(၁)တစ်ခါက မိမိတို့ကျောင်း ဆွမ်းစားဝိုင်း၌ ရဟန်းတော်များ ဆွမ်းစားနေစဉ် ယပ်ခတ်ပေးနေသည့် ကိုရင်ငယ်တစ်ပါးရှိခဲ့သည်။ ဘွဲ့က “ရှင်တေဇိန္ဒ” ဖြစ်သော်လည်း မိမိကအတိုကောက် “ငတေ” ဟု ခေါ်လေ့ရှိသည်။ သူ့ကို တစ်စုံတစ်ရာခိုင်းလျှင် တလွဲတချော် အလွန်လုပ်တတ်သည်။ ထိုအလွဲကို ဆူပူကြိမ်းမောင်းမိလျှင်ကား တစ်ယောက်တည်း ပျာယာခတ်နေတတ်၏။ အကြောက်လွန် သွားမည်ပင်စိုးရသည်။ ထို့ကြောင့် ထိုအဖုအထစ်ကို ဖြေလျှော့ပေးသည့်အနေဖြင့် ပေါ့ပေါ့ ပါပါးစကားများကို ရံခါပြောပေးရသေးသည်။
တစ်နေ့ ဆွမ်းဝိုင်း၌ ယပ်လေခတ်ပေးနေသည့် ထိုကိုရင်ဘက် တစ်ချက်ငဲ့၍ “ငတေ” ဟု ခေါ်လိုက်တော့ “ဘုရား” ဟု ပျာပျာသလဲ ထူးသည်။ သူ့ကို ကျီစားသည့်အနေဖြင့် “မင်း၊ ငါ့ကိုကြောက်နေလား” မေးတော့ သူက မိမိ ထင်မထားသောအဖြေကို ပေးသည်။ “မကြောက်ပါဘုရား” တဲ့။ မိမိက သူ့ကို နောက်ပြောင်လိုစိတ်ဖြင့် “မင်းကွာ၊ ဆရာနဲ့တပည့်ပဲဟာ၊ နည်းနည်းပဲဖြစ်ဖြစ် အကြောက်တရားလေး ရှိဦးမှပေါ့” ဆိုတော့ သူကလည်း မိမိစကားကို သံယောင်လိုက်ပြီး “နည်းနည်းတော့ ကြောက်ပါတယ်ဘုရား” ဟု ဆိုပြန်သည်။ ဦးဇင်းတွေက ရယ်ကြသည်။ “ဒါထက် နေပါဦးကွ။ မင်းငါ့ကို ကြောက်တဲ့အကြောက်က ချစ်ကြောက်လား၊ လန့်ကြောက်လား” မေးမိတော့ သူလည်း အဖြေပေးဖို့ စိတ်ရှုပ်သွားပုံရသည်။ အတန်ငယ် တုံ့ဆိုင်းနေပြီးမှ “လန့်ကြောက်ပါဘုရား” တဲ့။ ဦးဇင်းတွေ ရယ်ကြပြန်သည်။ “တော်သေးတာပေါ့ကွာ၊ ရွံကြောက်မဟုတ်လို့” ဟု ဆိုလိုက်တော့ မောင်မင်းကြီးသားငတေက ပြုံးတော်မူသည်။
(၂)ဆရာတပည့်တို့၏ နယ်ပယ်၌ စိမ်းကားသော ဆက်ဆံရေးမျိုးမရှိသင့်ဟု မိမိထင်သည်။ တစ်ဦးနှင့်တစ်ဦး စိတ်နေစိတ်ထား ချင်း အလှမ်းမကွာသင့်သည့်နည်းတူ အစေးမကပ်လောက်သည်အထိလည်း အနေမဝေးသင့်ပါ။ စိတ်တိုင်းမကျလှသော တပည့်တစ်ဦးကို ဆရာက ဒဏ်ခတ်သည့်အနေဖြင့် အပြောအဆိုအဆက်အဆံမလုပ်ဘဲ ပစ်ထားခြင်းမျိုး၊ တပည့်က ဆရာကို မထီလေးစားဟန်ဖြင့် တုံ့ပြန်ခြင်းမျိုး၊ သို့မဟုတ်၊ အကြောက်လွန်နေခြင်းမျိုးလည်း မဖြစ်သင့်ပါ။
“ဆရာ” ဟူသော စကားလုံးနှစ်လုံး၏ အဓိပ္ပာယ်က ကျယ်ဝန်းလှသည်။ ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက တန ပဲ့ပြင်သွန်သင်ဆုံးမခဲ့သော ကံ့ကူလက်လှည့် ဆရာသည်သာ ဆရာမည်သည်မဟုတ်။ မိမိ၏ တိမ်းပါးချွတ်ချော်မှုကို တွေ့သည့်အခါမျိုး၌ မေတ္တာဓာတ်အခြေခံဖြင့် ထောက်ပြလမ်းညွှန်တတ်သူမျိုးသည်လည်း “ဆရာ” ပင်ဖြစ်သည်။ သို့သော် အချို့က ပရိသတ်ထူထူတွေ့သည်နှင့် မတ်တတ်ရပ်ပြီး သြဇာပေးချင်တတ်ကြသည်။ ဆရာကြီးလုပ်လို စိတ်အရင်းခံဖြင့် “ဘုန်းကြီး၊ ရှေ့ကကြွပစေ” လုပ်ချင်တတ်ကြသည်။ အဆိုပါပုဂ္ဂိုလ်တို့၏ “ဟန်ဓာတ်ခုတ်ခြင်း” မျိုးကိုကား “ဆရာ” စာရင်းသွင်းထိုက်သည်ဟု မိမိက မှတ်ချက်မပြုလိုပါ။ ထိုမျှသာမက ဓမ္မစစ် အနေဖြင့်  “အဖြူ”ဟု ထင်းထင်းကြီးသိထားပါလျက် ဆရာက “အမည်း” ဆိုသောကြောင့် ကျွန်ုပ်ကလည်း မည်းလိုက်ရပါသည် ဆိုသော ဆရာ့အပေါ် အရိုကျိုးလွန်သော ပုဂ္ဂလဓိဋ္ဌာန်ကို မျက်နှာသာပေးလွန်းရာရောက်သော (အချို့သော တပည့်ကြီးများ၏) မျက်ကန်းတစ္ဆေမကြောက် နောက်မြီးဆွဲဝါဒမျိုးကိုလည်း လပ်ခုပ်လက်ဝါးတီး၍ ကြိုဆိုသင့်သည်ဟု မိမိကမမြင်ပါ။
(၃)သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ ဘုရားမြတ်စွာ သီတင်းသုံးနေတော်မူစဉ်ကာလက ရဟန်းအချို့၏ နယ်ပယ်၌ “အရှင်သာရိပုတ္တရာသည် မိစ္ဆာဒိဋ္ဌိအယူကို မစွန့်လွှတ်သေးယောင်တကား” ဟူသော တီးတိုး စကားတစ်ရပ်ဖြစ်ပေါ်ခဲ့ဖူး၏။ အရှင်သည် ညအချိန် ကျိန်းစက်အံ့သောကာလရောက်လျှင် အတည်တကျမရှိသော အရပ်မျက်နှာတို့ကို ဦးချရှိခိုးကာ ထိုအရပ်ကို ဦးတိုက်ပြီး ကျိန်းစက်လေ့ရှိသည့်အဖြစ်ကို အခြေခံ၍ ထိုစကားရပ် ပေါ်ပေါက်လာရခြင်းဖြစ်သည်။
အရှင်သာရိပုတ္တရာအနေဖြင့် မြတ်စွာဘုရားကို မဖူးတွေ့ရသေးမီ ဦးစွာဆုံစည်းလိုက်ရသောပုဂ္ဂိုလ်က အရှင်အဿဇိဖြစ် သည်။ အရှင်အဿဇိသည် အရှင်၏ မူလ ဆရာရင်းဖြစ်သည်။ အရှင်အဿဇိ ဟောကြားအပ်သော ဂါထာတစ်ပုဒ်ကို နာကြားမိပြီးနောက် သောတာပန်ဖြစ်ခဲ့ပြီးချိန်မှစ၍ အရှင်ဆောက်တည်ထားသော ကျင့်ဝတ်တစ်ခု ရှိနေခဲ့ပါ၏။ ထိုကျင့်ဝတ်သည်ကား ဆရာရင်း အရှင်အဿဇိ သီတင်းသုံးနေထိုင်ရာအရပ်သို့ ညစဉ် ဦးချရှိခိုးပြီးမှ ထိုအရပ်ကို ဦးခေါင်းပြု၍ ကျိန်းစက်လေ့ရှိခြင်းပင်ဖြစ်သည်။
ရဟန်းအချို့က ထိုအဖြစ်ကို မသိ။ ထိုလေးမြတ်မှုကို သဘောမပေါက်။ ထုံးစံမဟုတ်သော အရပ်မျက်နှာတို့သို့ ဦးတိုက်နေ ခြင်းကိုသာ မြင်သည်။ အရှင်သည် ဗြဟ္မာကို ကိုးကွယ်သော ဗြဟ္မဏမျိုးရိုးမှ ဆင်းသက်လာသူ ဖြစ်လေရကား မူလအယူဝါဒကို မစွန့်လွှတ်နိုင်သေးဟု အထင်ရောက်သူက ရောက်သည်။ သို့ဖြင့် မသိသူတို့၏နယ်မြေ၌ ထိုစကားက တစ်စတစ်စ ပြန့်ကားလာရခြင်းဖြစ်သည်။ မြတ်စွာဘုရားက ထိုရဟန်းတို့ကို တစ်နေရာ၌ တစုတဝေးတည်း တည် စေပြီးနောက် အရှင်သာရိပုတ္တရာကို ဆင့်ခေါ်ကာ ဇဝေဇဝါဖြစ်နေသော ထိုကိစ္စကို ရှင်းရှင်းလင်းလင်းဖြစ်သွားအောင် ဖြေရှင်း ပေးတော်မူသည်။
“ချစ်သား သာရိပုတ္တရာ၊ ငါ့ရှင်သည် အရပ်မျက်နှာတို့ကို ရှိခိုးလျက် လှည့်လည်နေ၏ဟု သတင်းစကားဖြစ်ပေါ်နေသည်။ ထိုကိစ္စသည် အမှန်လေလော” ဟု ဘုရားက မေးတော်မူလိုက်ရာ အရှင်က “မြတ်စွာဘုရား၊ တပည့်တော်အနေဖြင့် အရပ်မျက်နှာတို့ကို ရှိခိုးခြင်းပြု၊ မပြုကိစ္စကို ဘုရားမြတ်စွာတို့ အသိဆုံးဖြစ်ပါ၏ဘုရား” ဟု ဘုရားအား ပြန်ကြားလျှောက်ထားလိုက်သည်။
ထိုအခါ ဘုရားမြတ်စွာက “ရဟန်းတို့၊ သာရိပုတ္တရာသည် အရပ်မျက်နှာတို့ကို ရှိခိုးခြင်းမဟုတ်။ အဿဇိထေရ်အား ရှိခိုးခြင်း သာဖြစ်သည်။ အဿဇိထေရ် ဟောကြားအပ်သော ဂါထာတစ်ပုဒ်ကိုနာကြားမိပြီး တရားထူးကိုရခဲ့ချိန်မှစ၍ အဿဇိထေရ် ရှိရာအရပ်သို့ ဦးချရှိခိုးပြီးမှ အနားယူကျိန်းစက်လေ့ရှိ၏။ မူလအယူဟောင်းကို မစွန့်နိုင်၍ အရပ်မျက်နှာတို့ကို ရှိခိုးနေခြင်းမ ဟုတ်” ဟု အကျယ်တဝင့်ရှင်းလင်းတော်မူကာ ဖော်ပြပါဂါထာဖြင့် စကားဝိုင်းကို အဆုံးသတ်တော်မူသည်။
“အကြင်ဆရာ့အထံမှ၊ သမ္မာသမ္ဗုဒ္ဓ ဟောကြားအပ်သောတရားကို သိရာ၏။ ပုဏ္ဏားသည် ပူဇော်မြဲသောမီးကို ရှိခိုးသကဲ့သို့ ထိုဆရာကို ရိုသေစွာရှိခိုးရာ၏”
(၄)အခါတစ်ပါး၌ မြတ်စွာဘုရားက “အာနန္ဒာ၊ သာရိပုတ္တရာအပေါ်၌ သင့်စိတ်ထား အသို့ရှိသနည်း။ ငါ့ရှင်သည် သာရိပုတ္တရာ အား ကျေနပ်နှစ်သက်၏လော” ဟု မေးတော်မူခဲ့ဖူးသည်။ ထိုအခါ အရှင်အာနန္ဒာက “မြတ်စွာဘုရား၊ မမိုက်မဲသော၊ ပြစ်မှားခြင်းကင်းသော၊ မတွေဝေသော၊ မပျံ့လွင့်သော စိတ်ရှိသော အရှင်သာရိပုတ္တရာ၏အပေါ်၌ အဘယ်မှာလျှင် မမြတ်နိုးဘဲ ရှိပါအံ့နည်း ဘုရား” အစချီလျက် အရှင်မြတ်၏ ပညာ ဉာဏ်ကြီးခြင်း၊ အလိုနည်းခြင်း၊ ရောင့်ရဲ လွယ်ခြင်း၊ ဝီရိယထက်သန်ခြင်း၊ ကောင်းစွာပြောဟောတတ်ခြင်း၊ စကားကိုသည်းခံတတ်ခြင်း စသောဂုဏ်တို့ကို ထုတ်ဖော်ချီး ကျူးတင်လျှောက်ခဲ့လေသည်။
ဤနေရာ၌ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီး၏ စကားကိုသည်းခံတတ်ခြင်း (ဝစနက္ခမ) ဂုဏ်ကို အမြွက်မျှ ထုတ် ဆောင်ပြလိုပါ၏။ လောက၌လူအချို့သည် ကိုယ်ကသာဆရာကြီးလုပ်၍ အောက်လက်ငယ်သားစသူတို့အပေါ်၌ ဆုံးမသြဝါဒစကား ဆိုတတ်ကြသော်လည်း အောက်လက်ငယ်သား စသူတို့က ဝေဖန်ထောက်ပြသည်ကို လက်ခံနိုင်စွမ်းသူမျိုးကား ရှားလှဘိသည်။ အရှင်မြတ်သည်ကား သူတစ်ပါးတို့အားလည်း ဆုံးမစကားပြောတတ်လေ့ရှိသည့်နည်းတူ၊ သူတစ်ပါးတို့၏ဆုံးမစကားကိုလည်း ဦးထိပ် ရွက်ပန်ဆင်လိုစိတ် အပြည့်ရှိတော်မူသည့် ပုဂ္ဂိုလ်မြတ်ကြီးတစ်ပါးဖြစ်သည်။
တစ်နေ့သ၌ မြို့တွင်းသို့ ဆွမ်းခံမကြွမီ သင်္ကန်းသပ္ပာယ်(သင်္ကန်းရုံ)ထားသော အရှင်သာရိပုတ္တရာအနီးသို့ ခုနစ်နှစ်အရွယ် သာမဏေလေးတစ်ပါးရောက်လာ၏။ ထို့နောက် “အရှင်ဘုရားသာရိပုတ္တရာ၊ အရှင်ဘုရား၏ ခါးဝတ်သင်းပိုင်သည် အောက်သို့ တွဲလွဲကျနေပါ၏ဘုရား” ဟု ဆိုလိုက်သည်။ အရှင်သည်လည်း စကားတစ်စုံတစ်ရာမဆိုမူ၍ တစ်နေ ရာသို့သွားပြီးသင်းပိုင်ကို ညီညီညာညာပြင် ဝတ်လိုက်သည်။ ထို့နောက် ထိုသာမဏေပေါက်စလေးရှေ့၌ မတ်တတ်ရပ် လက်အုပ်ချီပြီးလျှင် “ဤမျှဆိုလျှင် သင့်တော်ပါပြီလား ဆရာ”ဟု တလေးတစားဆိုတော်မူပါသည်။
(၅)ဘုရားမြတ်စွာသာသနာတော်၌ အရှင်သာရိပုတ္တရာမထေရ်၏ နေရာက ထိပ်ဆုံးအဆင့်၌ရှိသည်။ မည်မျှအဆင့်မြင့်သနည်း ဆိုလျှင် “ဘုရားပြီးလျှင် သူ” ဆိုရမည့်နေရာ၌ ရှိနေခဲ့သော မထေရ်ကြီးတစ်ပါးဖြစ်သည်။ ထိုအဆင့်၌တည်သူ မထေရ်မြတ်ကြီးတစ်ပါး၏ “ဆရာ” အပေါ်ထားရှိသည့်ခံယူချက်နှင့် စိတ်နေစိတ်ထားက တခမ်းတနားရှိလှသည်။
လောက၌ ကိုယ့်ဆရာသမားကို လေးစားမြတ်နိုးသူတို့ မရေမတွက်နိုင်အောင်ရှိခဲ့ပါလိမ့်မည်။ ဆရာ့စကားကို မြေဝယ်မကျ နားထောင်လေ့ရှိသော၊ ဆရာ့မျက်နှာရိပ် မျက်နှာကဲကို အကဲဖမ်းပြီး ဆရာမကြိုက်သော အပြု၊ အပြော၊ အကြံတို့ကို ရှောင်ကြဉ်လေ့ရှိသော ဆရာချစ်တပည့်ကြီးတို့လည်း မြောက်မြားစွာရှိခဲ့ပါလိမ့်မည်။ သို့သော် အရှင်သာရိ ပုတ္တရာကိုယ်တော်မြတ်ကြီးကဲ့သို့ ဆရာရှိရာအရပ်ကို ခေါင်းတိုက်ပြီးမှ လက် ၁၀ ဖြာ ထိပ်မှာမိုးရှိခိုးအိပ်စက်လေ့ရှိသူမျိုးကား မရှိသလောက်ရှားပါလိမ့်မည်။
“သည်းခံနိုင်စွမ်း ရှိပါပေ၏” ဆိုသူမျိုးပင်ဖြစ်လင့်ကစား ကိုယ့်အပေါ်ဝေဖန်ရေး လုပ်လာသော ခုနစ်နှစ်သားအရွယ် သူငယ် လေးတစ်ယောက်၏ စကားကို အရေးတယူ နားထောင်ပေးသည်အထိ သည်းခံနိုင်စွမ်းသည့်သူမျိုးလည်း မရှိသလောက် ရှားပါးပါလိမ့်မည်။ အရှင်သာရိပုတ္တရာသည်ကား မိမိ၏ ဟာကွက်ကို ထောက်ပြပေးသော ခုနစ်နှစ်အရွယ် သာမဏေငယ်လေးကို လက်အုပ်ချီရုံမျှမက “ဆရာ” ဟုပင် ခေါ်လိုက်ပါသေး၏။ မည်မျှ ကြက်သီးထဖွယ်ကောင်းလိုက် ပါသနည်း။
သစ္စာဓမ္မ၏ နယ်မြေ၌ အနက်သွားက တစ်မျိုးတည်းဖြစ်သည်။ အကြောင်းအရာတစ်ခုသည် မှန်လျှင်လည်း အမှန်သာဖြစ်၍၊ မှားလျှင်လည်း အမှားသာဖြစ်သည်။ အမှန်တရားဟူသည် ဘုရားကဆိုသောစကားဖြစ်၍ အမှန်ဖြစ်ရခြင်းမဟုတ်။ သူ့ ပင်ကိုအတိုင်း မှန်နေသောကြောင့် အမှန်ဖြစ်ရခြင်းဖြစ်သည်။ အမှန်တရားသည် ဝါကြီးဝါငယ်နှင့် မဆိုင်ချေ။ ထိုအမှန်သည် ဘုရားကဆိုလျှင်လည်း အမှန်သာဖြစ်၍ ခုနစ်နှစ်သားကလေးကဆိုလျှင်လည်း အမှန်သာဖြစ်သည်။ အကြောင်းကား အမှန်သည် အမှန်ဖြစ်နေသောကြောင့် ဖြစ်သည်။ မိမိက ဤသို့ ယုံကြည်မိပါ၏။

Most Read

Most Recent