NCA လက်မှတ်ထိုးရာတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့စုံမှသာ သက်သေလက်မှတ် ရေးထိုးမည်ဖြစ်ပြီး တိုင်းရင်းသား ခေါင်းဆောင်အချို့မှာ ၂၀၁၅ ရွေးကောက်ပွဲရလဒ်ကို မျှော်လင့်မှု ရှိနိုင်ကြောင်း ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်းပါတီ) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက စက်တင်ဘာ ၄ ရက် ဝိုင်းမော်မြို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်းပါတီ) မြို့နယ်ရုံးဖွင့်ပွဲတွင် သတင်းထောက် များ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ထည့်သွင်းပြောကြားသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်းပါတီ) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက “ကျွန်တော်ကတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ဆိုတော့ ရှမ်းပြည်မှာ ကချင်တိုင်းရင်းသားတွေ ရှိသလို ကချင်ပြည်နယ်မှာလည်း ရှမ်းတိုင်းရင်းသားတွေရှိတော့ ကချင်တိုင်းရင်းသားတွေနဲ့လည်း ညီညွတ်မှု၊ ထိတွေ့မှုရအောင် လာပြီးရုံးဖွင့်တာပါ။ ကျွန်တော့်ပါတီက ရှမ်းတိုင်းရင်းသားတွေ ရှိတဲ့နေရာမှာ ပါတီရှိမယ်။ ရုံးရှိမယ် ဆိုတဲ့မူက ချပြီးသားပါ။ လာမယ့် စက်တင်ဘာ ၉ ရက် ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကို ထောင်ကလွှတ်ပးတာလည်း ငြိမ်းချမ်းရေးလုပ်ဖို့ လွှတ်ပေးတာပဲ။ ၂၀၁၁ မှာ လွှတ်ပေးပြီး ငြိမ်းချမ်းရေးမှာ ပါဝင်စေချင်တယ်။ ရှမ်းကယား၊ ရှမ်းမွန် ယုံကြည်မှု တည်ဆောက်ဖို့လည်း ကျွန်တော်တို့လုပ်ပြီးပြီ။ ကျွန်တော်တို့လည်း လုပ်လက်စနဲ့ လုပ်သွားဖို့ ပဲရှိတယ်။ မလျှော့မတင်း ဆွေးနွေးကြမယ်ဆိုရင် ပြေလည်မယ်။ နှစ် ဖက်က ကိုယ့်မူကို ရပ်တည်ပြီး တင်းနေရင် ၆၈ နှစ်က အတွေ့အကြုံ မတွေ့စေချင်ဘူး။ အခုက ဗဟိုမှာ ပြောင်းလဲမှုရှိတယ်။ ကျွန်တော်ကြားတာက ဒေါ်စုက ကိုယ်စားလှယ်လွှတ်မယ် ကြားတယ်။ ကျွန်တော်ကတော့ ဖိတ်စာကို ကြည့်မယ်။ ဖိတ်စာမှာ NCA ဖိတ်စာဆိုရင် တစ်နိုင်ငံလုံး ငြိမ်းချမ်းရေး စာချုပ်ဆိုတော့ တစ်နိုင်ငံလုံးနဲ့ဆိုင်တယ်။ ဟိုလူမပါရဘူး။ ဒီလူ လက်နက်ချရမယ်ဆိုရင် တစ်နိုင်ငံလုံး အပစ်ရပ်ရေး ဖြစ်လို့လာပြီး သက်သခံပါဆိုရင် ပါတီနဲ့ညှိမယ်။ ဒီစာချုပ်ကြီးဟာ တကယ်ဖြစ်လာလို့ဆိုရင် ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ကြီးလို ဖြစ်လာမှာ။ ကျွန်တော်ကိုတော့ တိုင်းရင်းသားတွေ ယုံကြည်လို့ ပါဝင်လာတာဖြစ်လို့ အားလုံးမပါရင် ကျွန်တော် လက်မှတ်မထိုးနိုင်ဘူး။ သမိုင်းတရားခံ အဖြစ်မခံနိုင်ဘူး။ အားလုံးပြည့်စုံပြီ။၂၁ ဖွဲ့ပါပြီဆိုရင်တော့ ကျွန်တော်ထိုးမယ်။ NCA (တစ်နိုင်ငံလုံး အပစ်ရပ်ရေးစာချုပ်) မပါရင်တော့ စဉ်းစားရမှာပေါ့။ တရားဝင်စာတွေ မရောက်သေးဘူး။ MPC ကတော့ သတင်းအရ လက်မှတ်ထိုးဖို့ရှိတယ် ပြောတာရှိတယ်” ဟု ပြောကြားသည်။
ဦးခွန်ထွန်းဦးက “ကျွန်တော့် ပုဂ္ဂိုလ်အမြင် ပါတီအမြင်အရပါ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးမျိုး ရချင်တယ်။ MPC တစ်မျိုး တပ်ကတစ်မျိုးပြောတယ်။ ခြောက်ဖွဲ့မပါရဘူး။ သုံးဖွဲ့က လက်နက် ချရမယ်ဆိုတဲ့ ပုံမျိုး ပြောလာတာလည်းရှိတယ်။ လာမယ့် စက်တင်ဘာ ၉ ရက်က ဘယ်လိုပုံမျိုးနဲ့ သွားမလဲ။ သမ္မတကြီး ရေဒီယိုမိန့်ခွန်း အရဆိုရင် သူကိုယ်တိုင်လည်း ငြိမ်းချမ်းရေး ရချင်ပုံရတယ်။ တစ်ဖွဲ့ကထိုးပြီး တစ်ဖွဲ့ကမထိုးရင် တိုင်းပြည် ကံကြမ္မာပါပဲ။ ထိလွယ်ရှလွယ်တဲ့ကိစ္စ။ (နိုင်ငံ) အရှေ့ခြမ်းဘက်ကဆိုရင် ဒီဘက်တိုက် ဟိုဘက်ပြေးဝင် လက်နက်လည်း ဒီလိုဝင်လာတာပဲ။ ရှောရှောရှူရှူရလိမ့်မယ် မထင်ဘူး။ အားလုံး ညှိညှိနှိုင်းနှိုင်း အပေးအယူ ကောင်းကောင်းနဲ့ ကိုယ်ကျိုးမကြည့် ပြည်သူ့အကျိုးကြည့်ပြီး ဆုံးဖြတ်ကြဖို့ အရေးကြီးပါတယ်။ (တိုင်းရင်းသားများတွင် လက်နက်ကိုင် တိုင်းရင်းသား လူမျိုးစုများနှင့် လက်နက်မကိုင် တိုင်းရင်းသား လူမျိုးစုများ အရေးနှင့် ပတ်သက်ပြီး) လက်နက်ကိုင်တဲ့ အဖွဲ့က လက်နက်မကိုင်တဲ့ လူစုကို လူ့အခွင့်အရေး ချိုးဖောက်တာတွေက ရှိခဲ့တာပဲ မှန်တယ်။ ဖြစ်ရိုးဖြစ်စဉ်လို ရှိခဲ့တာပါပဲ။ လက်မှတ်ထိုးပြီး အားလုံး ညှိနှိုင်းကြရမှာပါ။ ကျွန်တော်တို့ အဖွဲ့ကိုယ်တိုင်လည်း လက်နက်ကိုင် လူငယ်တွဟာ သေနတ်ကိုင်တဲ့ ဉာဉ်တွေကြောင့် ဖြစ်လာတဲ့ ပြဿနာကို ဖြေရှင်းခဲ့ရတာ ရှိလာတယ်။ သေနတ်ကိုင်ပြီး သင်တန်းဆင်းလာတာနဲ့ ရွာသူကြီးကိုတောင် ဆင့်ခေါ်တာတွေ ဖြစ်လာတာ။ ဖိနှိပ်ခံရသူလည်း နောက်ဆုံးမှာ လက်နက်ကိုင်လာနိုင်တာပဲ” ဟု ဆက်လက်ပြောကြားသည်။
“အကောင်းဆုံးက NCA ကိုခေါ်ပြီး စားပွဲဝိုင်းမှာ ဆွေးနွေး ကတိကဝတ်တည်၊ ဖြူ စင်ကြမယ်။ ယုံကြည်မှု တည်ဆောက်မယ်။ယုံကြည်မှု ဖြစ်အောင်လည်း လုပ်ပြမှ ဒီစာချုပ်ဟာ ထိုးဖြစ်မယ်လို့ မြင်ပါတယ်။ စက်တင်ဘာ ၉ ရက်နေ့ ဆွးနွေးပွဲကတော့ ကြိုပြောလို့မရဘူး။ “ဝ” နှင့် မိုင်းလားအဖွဲ့တော့ ပါလာမယ် မထင်သေးဘူး။ တိုင်းရင်းသား ခေါင်းဆောင်တချို့ အမြင်မှာတော့ ၂၀၁၅ ရွေးကောက်ပွဲကို အခြေခံပြီး တွက်ကြတာရှိ မယ်။ ရွေးကောက်ပွဲလည်း နီးလာပြီ။ သုံးလးလ စောင့်လိုက်တာနဲ့ နောက်အစိုးရတက်ရင် အခွင့်အရေးများ အပြောင်းအလဲရှိမလား ဆိုတာလည်း မျှော်နေတာပါပဲ။ ပြီးပြည့်စုံအောင် မဖြစ်သေးရင်လည်း မဖြစ်သေးတဲ့အလိုက် ရှိနေကြမှာပါပဲ။ တိုင်းရင်းသား ခေါင်းဆောင်တွေလည်း ၂၀၁၅ ရွေးကာက်ပွဲရလဒ်ကို မျှော်လင့်နေတာ ရှိမှာပါပဲ။ ဆွေးနွေးခဲ့တာ သုံးနှစ်ကျော်ခဲ့ပြီ။ တိုးတက်မှုမှ မရှိတာ။ တချို့လည်း အစိုးရသစ် ကို မျှော်လင့်ပြီး တင်းချင်တင်းနေမှာပေါ့။ တင်းဖို့ ပတ်ဝန်းကျင် အနေအထားလည်း ကောင်းနေတာရှိတာကိုး။ ကျွန်တော်ကြားတာက ကျွန်တော်နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းရင်းသားခေါင်းဆာင် ၁၀ ဦး ကိုလည်း ဖိတ်မယ်လို့ ကြားတယ်။ အားလုံးအတွက် ကောင်းတဲ့အဖြေကတာ့ စားပွဲဝိုင်းထိုင်ပြီး ဆွေးနွေးမှသာ ဖြစ်တာ့မှာပါ” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်းပါတီ) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောကြားသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်းပါတီ) သည် ကချင်ပြည်နယ်တွင် ရှမ်းတိုင်းရင်းသား ရေးရာဝန်ကြီး တစ်ဦးအပါအဝင် နေရာ ၁၀ နေရာတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး အများစုမှာ ဗန်းမာ်ခရိုင် အတွင်းမှ ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (ကျားခေါင်းပါတီ) သည် လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားသူ လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၅၆ ဦးရှိကြောင်း သိရသည်။
NCA လက်မှတ်ထိုးရာတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့စုံမှသာ သက်သေလက်မှတ် ရေးထိုးမည်ဖြစ်ပြီး တိုင်းရင်းသား ခေါင်းဆောင်အချို့မှာ ၂၀၁၅ ရွေးကောက်ပွဲရလဒ်ကို မျှော်လင့်မှုရှိနိုင်ကြောင်း ကျားခေါင်းပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ပြောကြား