မဂ္ဂါဝပ် ၇၀၀၀ ထုတ်လုပ်ပြီး ရာခိုင်နှုန်း ၉၀ ကို ထိုင်းနှင့်တရုတ်သို့ ရောင်းချမည့် မိုင်းတုံ ရေအားလျှပ်စစ် စီမံကိန်းနှင့် ပတ်သက်၍ EIA ၊ SIA ဆောင်ရွက်နေသည် ဆိုသော်လည်း MIC သို့ တရားဝင် တင်ပြထားခြင်း မရှိသေးဟုဆို

မဂ္ဂါဝပ် ၇၀၀၀ ထုတ်လုပ်ပြီး ရာခိုင်နှုန်း ၉၀ ကို ထိုင်းနှင့်တရုတ်သို့ ရောင်းချမည့် မိုင်းတုံ ရေအားလျှပ်စစ် စီမံကိန်းနှင့် ပတ်သက်၍ EIA ၊ SIA ဆောင်ရွက်နေသည် ဆိုသော်လည်း MIC သို့ တရားဝင် တင်ပြထားခြင်း မရှိသေးဟုဆို
Published 5 September 2015
နီလာ

ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် တည်ဆောက်ရန် စီစဉ်နေသည့် အရှေ့တောင် အာရှဒေသ၌ အကြီးဆုံး ဖြစ်လာမည့်  မိုင်းတုံ ရေအားလျှပ်စစ် စီမံကိန်းနှင့် ပတ်သက်ပြီး EIA ၊ SIA စစ်တမ်း ကောက်ယူခြင်း လုပ်ငန်း များ ဆောင်ရွက်နေသည် ဆိုသော်လည်း  မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) သို့ တရားဝင် လာရောက် တင်ပြထားခြင်း မရှိသးကြောင်း MIC မှ သိရသည်။အဆိုပါ မိုင်းတုံ ရေကာတာသည် ရေကာတာအမြင့် ၂၄၁ မီတာရှိပြီး ရေအားလျှပ်စစ် မဂ္ဂါဝပ် ၇၀၀၀ ကို ထုတ်လုပ်နိုင်မည်ဖြစ်ကာ ရာခိုင်နှုန်း ၉၀ ကို ထိုင်းနှင့်တရုတ် နိုင်ငံများသို့ တင်ပို့ ရောင်းချသွားမည် ဖြစ်သည်။“မိုင်းတုံ ရေအားလျှပ်စစ် စီမံကိန်းနဲ့ပတ်သက်ရင် MIC ကို လာရောက် တင်ပြထားတာ မရှိသေးပါဘူး။ MIC ကခွင့်ပြုထားတဲ့ စီမံကိန်းထဲမှာ မိုင်းတုံ မပါပါဘူး၊ လက်ရှိ စိစစ်ဆဲ စီမံကိန်းတွေထဲမှာလည်း မိုင်းတုံ စီမံကိန်း မပါသေးပါဘူး”ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။အဆိုပါ မိုင်းတုံ ရေအားလျှပ်စစ်စီမံကိန်းအား လေ့လာမှုများ ပြုလုပ်နေသည့် သြစတြေးလျနိုင်ငံ အခြေစိုက် SMEC ကုမ္ပဏီအား ကန့်ကွက်သည့် အနေဖြင့်  ရှမ်းပြည်နယ် ဒေသခံ နှစ်သောင်းကျော်မှ လက်မှတ်ရေးထိုးကာ သြစတြေးလျ ကောင်စစ်ဝန်ရုံးသို့ ပေးပို့ခဲ့ကြောင်း ရှမ်းပြည်နယ် မြစ်ချောင်းလှုပ်ရှားသူများ ကွန်ရက်မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။အဆိုပါ ထုတ်ပြန်ချက်တွင် သံလွင်ရေကာတာများအား လက်မခံနိုင်ကြောင်း ရှမ်းပြည်သူလူထု ၂၃၇၁၇ ဦး စုပေါင်း လက်မှတ်ရေးထိုးပြီး သြဂုတ် ၂၅ ရက်တွင် ရှမ်းလူထု ကိုယ်စားလှယ်များက သြစတြေးလျ ကောင် စစ်ဝန်ရုံးအပြင် သြစတြေးလျအခြေစိုက် SMEC ကုမ္ပဏီသို့ ပေးပို့ခဲ့ကြောင်း ရေးသားထားသည်။“သံလွင်မြစ်ဟာ မြန်မာနိုင်ငံထဲမှာ နေထိုင်နေတဲ့ သန်းနဲ့ချီတဲ့ လူဦးရေတွေရဲ့ အသက်သွေးကြောဖြစ်တယ်။ အသက်သွေးကြောတွေကို အစိုးရက နိုင်ငံရပ်ခြား ကုမ္ပဏီတွေကို ရောင်းချပေးဖို့မသင့်ဘူး” ဟု ရှမ်းပြည်နယ် ကွန်ဟိန်းမြို့နယ်ရှိ နန်းခမ်းနောင့်က ပြောကြားခဲ့ကြောင်း ရှမ်းပြည်နယ် မြစ်ချောင်းလှုပ်ရှားသူများကွန်ရက်မှ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ယခုနှစ် မတ်လအတွင်းက ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် အရှေ့တောင်အာရှ၌ အကြီးဆုံးရေကာတာဖြစ်လာမည့် မိုင်းတုံ ရေကာတာတည်ဆောက်ရန် သြစတြေးလျ အခြေစိုက် SMEC ကုမ္ပဏီက သဘာ၀ ပတ်ဝန်းကျင်နှင့် လူမှုအသိုင်းအဝိုင်းများ ထိခိုက်မှု စစ်တမ်းကောက်ယူခြင်းများ ပြုလုပ်ခဲ့ကြာင်း၊ EIA ၊ SIA ကောက်ယူခြင်းကို ယခုနှစ်အတွင်းအပြီးသတ် လုပ်ဆောင်မည်ဖြစ်ပြီး၊ ထိုကဲ့သို့ ဒေသတွင်း စစ်တမ်းကောက်ယူ ရာတွင် စီမံကိန်းကြောင့် ထိခိုက်နိုင်သည့် နေရာများမှ ဒေသခံများက SMEC ကုမ္ပဏီအား ဆန့်ကျင်ကန့်ကွက်မှုများ ရှိခဲ့သည်။မိုင်းတုံ ရေကာတာ စီမံကိန်းကို တရုတ်၊ထိုင်းနှင့် မြန်မာကုမ္ပဏီများ ဖြစ်သည့် China’s Three Gorges Corporation (တရုတ်)၊ the Electricity Generating Authority of Thailand (ထိုင်း)၊ International Group of Entrepreneurs (မြန်မာ) နှင့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနတို့ လုပ်ဆောင်သွားမည့် စီမံကိန်းဖြစ်သည်။IGE ကုမ္ပဏီသည် ဟက်ကြီးရေအား လျှပ်စစ်စီမံကိန်းအပြင် တရုတ်ကုမ္ပဏီများနှင့် ပူးပေါင်း လုပ်ဆောင်ခွင့်ရရှိထားသည့် စီမံကိန်းရှစ်ခု ဝန်းကျင်ရှိကြောင်း၊ ယင်းတို့အထဲတွင် စက်တပ်ဆင်အား အကြီးမားဆုံးဖြစ်သည့် မဂ္ဂါဝပ် ၇၀၀၀ အထက်ရှိသော အထက်သံလွင် (မိုင်းတုံ) စီမံကိန်းနှင့် မဂ္ဂါဝပ် ၁၂၀၀ အထိရှိသည့်  နောင်ဖစီမံကိန်းကဲ့သို့ စီမံကိန်းများလည်း ပါဝင်ကြောင်း၊ အဆိုပါ မိုင်းတုံ ရေအားလျှပ်စစ်စီမံကိန်းမှာမူ IGE ကုမ္ပဏီ နှင့် တရုတ်ကုမ္ပဏီတို့၏ သံလွင်မြစ်ပေါ်တွင် အကောင်အထည်ဖော်မည့် ဒုတိယမြောက် ရေအားလျှပ်စစ် စီမံကိန်းဖြစ်ကြောင်း သိရသည်။ပထမစီမံကိန်းမှာ အထက်သံလွင် (ကွမ်းလုံ) ရေအား လျှပ်စစ်စီမံကိန်းဖြစ်ပြီး အေးရှားဝေါလ်ကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီတစ်ခုဖြစ်သော Hanergy Group Holding Ltd တို့ က ပူးပေါင်း တည်ဆောက်ခွင့် ရရှိထားခြင်း ဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ် မေလအတွင်း သဘောတူစာချုပ် ချုပ်ဆိုပြီးဖြစ်ကြောင်း စုံစမ်းသိရသည်။                                                      

Most Read

Most Recent