စီးပွားရေးသီအိုရီအရ ကျပ်ငွေတန်ဖိုး လျော့ကျလျှင် သွင်းကုန်တင်သွင်းမှုပါ လျော့ကျနိုင်ပြီး ပြည်တွင်းဝယ်လိုအား ကျဆင်းစေနိုင်သော်လည်း မြန်မာနိုင်ငံအတွင်း ထိုသို့မဖြစ်သေးဟု သိရ

စီးပွားရေးသီအိုရီအရ ကျပ်ငွေတန်ဖိုး လျော့ကျလျှင် သွင်းကုန်တင်သွင်းမှုပါ လျော့ကျနိုင်ပြီး ပြည်တွင်းဝယ်လိုအား ကျဆင်းစေနိုင်သော်လည်း မြန်မာနိုင်ငံအတွင်း ထိုသို့မဖြစ်သေးဟု သိရ
Published 5 September 2015

စီးပွားရေးသီအိုရီများအရ  ကျပ်ငွေတန်ဖိုး လျော့ကျလျှင် သွင်းကုန်တင်သွင်းမှုပါ လျော့ကျလာနိုင်ပြီး ပြည်တွင်းဝယ်လိုအား ကျဆင်းလာစေနိုင်သော်လည်း မြန်မာနိုင်ငံအတွင်း ထိုသို့မဖြစ်သေးကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်  UMFCCI ၏ တရားဝင် သုတေသနကုမ္ပဏီ New Crossroads Asia (NCRA) ၏ အစီရင်ခံစာအရ သိရသည်။
 
မြန်မာနိုင်ငံတွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ပထမနှစ်ဝက်အတွင်း လူသုံးကုန်ပစ္စည်း တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၁၈ ဘီလျံရှိပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ပထမနှစ်ဝက်က ၄ ဒသမ ၁၆ ဘီလျံသာရှိခဲ့ကြောင်း သိရသည်။
 
အဆိုပါကာလအတွင်း သွင်းကုန်တင်သွင်းမှု စုစုပေါင်းနှိုင်းယှဉ်ချက်မှာလည်း လက်ရှိဘဏ္ဍာနှစ်ဝက်တွင် အမေရိကန်ဒေါ်လာ ၇ ဒသမ ၉၄ ဘီလျံရှိပြီး ယမန်နှစ် နှစ်ဝက် တင်သွင်းမှု စုစုပေါင်း မှာ ၇ ဒသမ ၉၃ ဘီလျံသာရှိသဖြင့် သွင်းကုန်ပမာဏမှာ တိုးတက်လာခဲ့ကြောင်း သိရသည်။
 
စီးပွားရေးပညာရှင်အချို့က ပို့ကုန်တင်ပို့မှုက သွင်းကုန်တင်သွင်းမှုထက် နိမ့်ပါးနေချိန်တွင် ကုန်သွယ်မှုလိုငွေပြစေသည်ဟု ယူဆကြပြီး မကြာသေးမီက ကျပ်ငွေတန်ဖိုး ကျဆင်းမှုများတွင် သွင်းကုန်များပြားမှုကို အပြစ်တင်ခဲ့ကြသည်။
 
မြန်မာ့ကုန်သွယ်မှုမှာ လိုငွေပြနေသော်လည်း နိုင်ငံအတွင်းသို့ စီးဝင်သည့် ဝင်ငွေ ထွက်ငွေပမာဏတွင် လိုငွေမပြဟု ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းက ပြောကြားသည်။
 
“နိုင်ငံက အသွင်ကူးပြောင်းဆဲကာလဖြစ်လို့ အခုမှစက်ရုံတွေထောင်၊ ရင်းနှီးမြှုပ်နှံမှုတွေ အပြေးအလွှားလုပ်ကြတာမို့ ကုန်သွယ်မှုလိုငွေပြတယ်ဆိုတာက ရှိပါတယ်။  ဒါပေမဲ့ Balance of Trade  မှာ လိုငွေပြပေမယ့် နိုင်ငံထဲကို စီးဝင်တဲ့ ဝင်ငွေထွက်ငွေကို ဖော်ပြတဲ့ Balance of Payment မှာ လိုငွေမပြပါဘူး။ Balance of Payment အောက်နေရင်သာ နိုင်ငံမှာ အခက်အခဲရှိနေတာဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားသည်။
 
မြန်မာနိုင်ငံတွင် Balance of Payment ကို နိုင်ငံတော်ဗဟိုဘဏ်မှ ကိုင်တွယ်ခြင်းဖြစ်ပြီး ခရီးသွားလုပ်ငန်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေက ပြန်ဝင်သည့်ငွေများမှာ Balance of Payment  တွင်ပေါ်ပြီး ပို့ကုန်သွင်းကုန် သီးသန့်တွက်ချက်ရသည့်  Balance of Trade တွင် မပေါ်သဖြင့် ထိုသို့လိုငွေပြနေခြင်းဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောကြားသည်။
 
မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းမှုအများဆုံးပစ္စည်းများတွင် ဓာတ်မြေသြဇာ၊ ဘိလပ်မြေတို့ပါဝင်ပြီး ၂၀၀၈ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ဓာတ်မြေသြဇာတင်သွင်းမှု သုံးဆ၊ ဘိလပ်မြေတင်သွင်းမှု နှစ်ဆအထိ တိုးတက်လာခဲ့သည်။

Most Read

Most Recent