ရေကြီးမြေပြိုမှုများကြောင့် ချင်းပြည်နယ်၌ ရွေးကောက်ပွဲရွှေ့ဆိုင်းရန် ပြည်နယ်ကော်မရှင်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြထား

ရေကြီးမြေပြိုမှုများကြောင့် ချင်းပြည်နယ်၌ ရွေးကောက်ပွဲရွှေ့ဆိုင်းရန် ပြည်နယ်ကော်မရှင်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြထား
Published 2 September 2015

ရေကြီး၊ မြေပြိုမှုများ ကြုံတွေ့ခဲ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအနက် ချင်းပြည်နယ်တွင် ရွေးကောက်ပွဲရွှေ့ဆိုင်းရန် ပြည်နယ်ကော်မရှင်က ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်သို့ တင်ပြထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။စက်တင်ဘာ ၂ ရက်က ရန်ကုန်မြို့ ရွှေလီလမ်းရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးခွဲ၌ ပြုလုပ်သည့် ရွေးကောက်ပွဲဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သည့် ဒေသများတွင် ရွေးကောက်ပွဲရွှေ့ဆိုင်းရန် ရှိမရှိဆိုသည့် မေးမြန်းမှုကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ဖြေကြားရာတွင် ထိုကဲ့သို့ ပြောကြားသည်။“ရေကြီးတာက ရွှေ့ဖို့ကိစ္စကတော့ ချင်းပြည်နယ်က တင်ပါတယ်။ တင်တဲ့အတွက်ကြောင့် ကျွန်တော်တို့ဘက်က ရွေးကောက်ပွဲက လိုပါသေးတယ်။ နှစ်လကျော်လောက် လိုပါသေးတယ်။ ကျွန်တော့်ဘက်ရှိတာက ဥပဒေပါ။ သူက ဘာလဲဆိုတော့ သဘာဝဘေးအန္တရာယ်အရသော် လည်းကောင်း၊ နယ်မြေလုံခြုံရေး အခြေအနေအရသော် လည်းကောင်း လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသည့် မဲဆန္ဒနယ်များကို ရွှေ့ဆိုင်းနိုင်သည်လို့ ပြောပါတယ်” ဟု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။ထို့ပြင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ရွေးကောက်ပွဲရွှေ့ဆိုင်းရန် တင်ပြထားသည့် မဲဆန္ဒနယ်များကို စိစစ်ပြီး တကယ်လိုအပ်သည့် နေရာများအား တစ်လ သို့မဟုတ် နှစ်လရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ပြောကြားသည်။ “ကျွန်တော့်ဘက်က အချိန်နဲ့တစ်ပြေးညီ စဉ်းစားပါတယ်။ လိုအပ်ရင် ရွှေ့ပေးပါ့မယ်။ မလိုအပ်ရင် မရွှေ့ပါဘူး။ ရွှေ့ရင်လည်း တကယ်လိုအပ်တဲ့ နေရာပဲ ရွှေ့မှာပါ။ ဘာလို့လဲဆိုတော့ လွှတ်တော်ကြီးက ၂၀၁၆ ဇန်နဝါရီ ၃၁ ရက်မှာ ခေါ်ကိုခေါ်ပေးနိုင်ရမှာပါ။ ဘာကြောင့်လဲဆိုတော့ ပထမအကြိမ် လွှတ်တော်သက်တမ်းက ၂၀၁၆ ဇန်နဝါရီ ၃၀ မှာ သက်တမ်းကုန်ပါမယ်။ နောက်သက်တမ်း မရှိပါဘူး။ ဒါကြောင့်မို့ အဲဒီသက်တမ်း မကုန်ခင် ရက်ပေါင်း ၉၀ အတွင်းမှာ ရွေးကောက်ပွဲ လုပ်ပေးရမယ်။ ရက်ပေါင်း ၉၀ အတွင်းမှာဆိုတာ ၆၀ ဖြစ်ရင်ဖြစ်မယ် ၃၀ ဖြစ်ရင်ဖြစ်မယ်။ ဒါပေမဲ့ ကျွန်တော့်ဘက်က allowance က ရက်ပေါင်း ၉၀ လောက် ယူထားမှ အနိုင်အရှုံး ကြေညာရမယ်။ ကန့်ကွက်လွှာတွေ စစ်ရမယ်။ အဲဒီအတွက်ကြောင့် သုံးလလောက် ယူထားတာပါ။ နှစ်လယူလို့ရတယ် တစ်လယူလို့ရတယ်။ ဘာပဲဖြစ်ဖြစ် ကျန်တာတွေက ကျင်းပသွားမှာပါ။ အဲဒီဟာတွေကိုတော့ နှစ်လရွှေ့ရင်လည်း ရွှေ့မယ်။ တစ်လရွှေ့ရင် ရွှေ့မယ်။ ပြီးရင် ရွေးကောက်ပွဲ လုပ်ပေးပြီးတော့ လွှတ်တော်ခေါ်ပေးမှာပါ” ဟု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။ဆက်လက်ပြီး ဦးတင်အေးက သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သည့် ဒေသများ၏ အခြေအနေကို စစ်ဆေးတင်ပြရန် ကော်မရှင်အဖွဲ့ဝင်များကို ညွှန်ကြားထားကြောင်းနှင့် ရွေးကောက်ပွဲကျင်းပရန် မဖြစ်နိုင်သည့် မဲဆန္ဒနယ်များ စိစစ်တွေ့ရှိပါက ကြေညာချက်ထုတ်ပြန်၍ ရွှေ့ဆိုင်းပေးမည်ဖြစ်ကြောင်း ပြောကြားသည်။ချင်းပြည်နယ်၌ ရွေးကောက်ပွဲကျင်းပရန် လျာထားသည့် မဲဆန္ဒနယ် ၃၉ နေရာရှိကြောင်း သိရသည်။