စတော့အိတ်ချိန်းတွင် စာရင်းမဝင်သော ကုမ္ပဏီများ၏ ရှယ်ယာထုတ်ရောင်းချမှုများကို ကြပ်မတ်စိစစ်မည်ဖြစ်ကြောင်း ဘဏ္ဍာရေးဒုတိယဝန်ကြီး ပြောကြား

စတော့အိတ်ချိန်းတွင် စာရင်းမဝင်သော ကုမ္ပဏီများ၏ ရှယ်ယာထုတ်ရောင်းချမှုများကို ကြပ်မတ်စိစစ်မည်ဖြစ်ကြောင်း ဘဏ္ဍာရေးဒုတိယဝန်ကြီး ပြောကြား
Published 2 September 2015
ဇော်ဝေ

စတော့အိတ်ချိန်းတွင် စာရင်းမဝင်သော ကုမ္ပဏီများ၏ ရှယ်ယာရောင်းဝယ်ခြင်းများကို စိစစ်သွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောကြားသည်။
 
ပထမအဆင့်အနေဖြင့် အများပိုင်ကုမ္ပဏီတစ်ခုအဖြစ်ဖွဲ့စည်းရန် မိမိတို့ ရှေ့လုပ်ငန်းလမ်းစဉ်များ ထုတ်ပြန်ရာတွင် မြန်မာ့ငွေချေးသက်သေခံလက်မှတ် ရောင်းဝယ်မှုလုပ်ငန်းကြီးကြပ်ရေးကော်မရှင်သို့ ပထမဆုံး တင်ပြရမည်ဖြစ်ပြီး ယင်းနောက်မှသာ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ မှတ်ပုံတင်ခြင်းကို ဆက်လက်လုပ်ဆာင်နိုင်မည်ဖြစ်ကြောင်းလည်း ဒေါက်တာ မောင်မောင်သိမ်းက ပြောကြားသည်။
 
“အခုလုပ်နေတဲ့ ကုမ္ပဏီတွေက  Prospectus ထုတ်ရင် ကျွန်တော်တို့ဆီ အရင်လာရတော့မယ်။ ပြီးတော့မှ DICA ကို သွားရမယ့် အနေအထားရှိတယ်။ အဲဒီတော့ Prospectus ထုတ်တာ မှန်သမျှတော့ ကျွန်တော်တို့ Screen လုပ်ကြည့်လိုက်မယ်။ လုပ်ကြည့်ပြီးတော့မှ  ပြည်သူတွေ အကျိုးရှိမယ်ဆိုရင် ဒါကို DICA ကနေ  ဆက်လက်လုပ်ဆောင်ပြီးတော့ Registration လုပ်ပေးမယ်။ နောက်ပိုင်းမှာတော့ အသိအမှတ်မပြုဘဲ လုပ်တာတွေ ဘာတွေဆိုရင် ဥပဒေမှာလည်း ပါတယ်။ ထောင်ဒဏ်ငါးနှစ်အထိ ချမှတ်နိုင်တယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်”ဟု ဒေါက်တောမောင်မောင်သိမ်းကပြောကြားသည်။
 
“အဲ့ဒီ  OTC တွေ လိမ်သွားလို့ ခံခဲ့ရတာ အခုချိန်အထိ ပြည်သူတွေ ခါးစည်းခံခဲ့ရတယ်။အဲဒါတွေကြောင့် ဒါတွေထုတ်ပြန်ထားတာ။ ပြီးခဲ့တဲ့ဟာတွေနဲ့ မဆိုင်တော့ဘူး။ နောက်ပိုင်းထုတ်ရင် အသိအမှတ်ပြုထားတဲ့ လုပ်ငန်းတွေမှာ လုပ်ရမယ်။ ဒါကလည်း ပြည်သူတွေ အလိမ်မခံရအောင် လုပ်တာပါ။ ကျွန်တော်တို့ အမိန့်ကြေညာစာ မကြာခင် သတင်းစာတွေထဲမှာပါမယ်။ အမိန့်ကြေညာစာ မပါခင်ကဟာတွေကိုတော့ အသိအမှတ်မပြုဘူး။ ထုတ်ပြီးတဲ့ နောက်ပိုင်းမှာမှ ဒီဥပဒေနဲ့ အကျုံးဝင်တယ်}}ဟု ဒေါက်တောမောင်မောင် သိမ်းက ပြောကြားသည်။
 
ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေကို  ၂၀၁၃ ခုနှစ် ပြည်ထောင်စုလွှတ်တော်က ဇူလိုင် ၃၁ ရက်တွင် ထုတ်ပြန်ထားပြီး အဆိုပါ ဥပဒေ ပုဒ်မ ၅၅ တွင် မည်သူမျှ လုပ်ငန်းလိုင်စင်မရှိဘဲ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း တစ်ခုခုကို လုပ်ကိုင်ခြင်းမပြုရ၊ ကော်မရှင်ခွင့်ပြု ချက်မရဘဲ ကောင်တာဈေးကွက်ကို ဖြစ်စေ၊ စတော့အိတ်ချိန်းကိုဖြစ်စေ ဖွဲ့စည်းတည်ထောင်ခြင်း၊ ကောင်တာဈေးကွက်သို့မဟုတ် စတော့အိတ်ချိန်း၏ လုပ်ငန်းများ၊ ကောင်တာဈေးကွက် သို့မဟုတ် စတော့အိတ်ချိန်း ကို သဘောသက်ရောက်သော လုပ်ငန်းများကို ဆောင်ရွက်ခြင်းမပြုရဟု ဖော်ပြထားပြီး အခန်း (၁၀)၊ ဥပဒေပုဒ်မ ၆၁ တွင် မည်သူမဆို ပုဒ်မ ၅၅ ပါ တားမြစ်ချက် တစ်ရပ်ရပ် ကို ဖောက်ဖျက်ကြောင်းပြစ်မှုထင်ရှား စီရင်ခံရလျှင် ထိုသူကို ငါးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားသည်။
 
ထို့အတူ ဥပဒေ ပုဒ်မ (၂၃) တွင် စတော့ဈေးကွက်တွင် လျှောက်ထားနိုင်တဲ့ လိုင်စင်အမျိုးအစားများကို ဖေါ်ပြထားပြီး (က) ငွေချေးသက်သေခံလက်မှတ်များ ကိုယ်ပိုင်ရောင်းဝယ်ခြင်းလုပ်ငန်းလိုင်စင်၊ (ခ) ငွေချေးသက်သေခံလက်မှတ် အကျိုးဆောင် သို့မဟုတ် ကိုယ်စားလှယ်လုပ်ငန်းလိုင်စင်၊ (ဂ) ငွေချေးသက်သေခံလက်မှတ်များကို တာဝန်ခံ၍ တစ်ဆင့်ဖြန့်ချိရောင်းချခြင်းလုပ်ငန်းလိုင်စင်၊  (ဃ) ငွေချေးသက်သေခံလက်မှတ် ရင်းနှီးမြှုပ်နှံမှုအတွက် အကြံပေးလိုင်စင်၊ (င) ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ ကိုယ်စားလှယ်လိုင်စင်စသည်ဖြင့် သတ်မှတ်ထားကြောင်းလည်း သိရသည်။
 
“အချို့ကုမ္ပဏီတွေဟာလည်း လုပ်ငန်း စတင်ဖို့ အဆင့်သင့်ဖြစ်နေကြပြီး အများပြည်သူကို ရှယ်ယာတွေ ဖိတ်ခေါ်ရောင်းဖို့ ပြင်ဆင်နေကြတာတွေ ရှိတယ်။ အချို့လည်း လုပ်ငန်းမစတင်နိုင်သေးဘဲ ကြိုတင်ပြင်ဆင်မှုတွေ၊ ဖြစ်နိုင်ခြေရှိမှု လေ့လာရေးလုပ်ငန်းတွေ ၊ ထုတ်ဝေသူနဲ့ ဖြန့်ဝေရောင်းချသူများ၊ ရှေ့နေ စာရင်းကိုင်အဖွဲ့များနဲ့ အကြိုညှိနှိုင်းမှုတွေ လုပ်နေကြတာကိုလည်းတွေ့နေရပါတယ်။ ဒီနေရာမှာ ရှယ်ယာထုတ်ဝေသူ နဲ့ ရင်းနှီးမြှုပ်နှံသူတို့အကြားမှာ ရှယ်ယာတွေကို တာဝန်ခံဖြန့်ချိရောင်းချပေးမယ့် အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍဟာ အရေးပါတဲ့နေရာမှာရှိပါတယ်။ အဲဒီ တာဝန်ခံဖြန့်ချိ ရောင်းချမယ့် လုပ်ငန်းဟာ စတော့ဈေးကွက်ကြီးရဲ့ကနဦး ရှေ့ပြေးအဆင့် ဖြစ်ပါတယ်။ ဒီနေရာမှာ ထုတ်ဝေရောင်းချမည့် ကုမ္ပဏီနဲ့ ရှယ်ယာဖြန့်ချိ ရောင်းချပေးမယ်သူတို့ဟာ Due-Diligence လုပ်ဆောင်ကြရပါတယ်။ ဆွေးနွေးပြီးတဲ့နောက် အများပြည်သူတွေကို ရှယ်ယာထုတ်ဝေရောင်းချမယ့် (IPO Process) အတွက် ထုတ်ဝေသူနဲ့  ရောင်းချပေးမယ့်သူများဟာ စာချုပ်စာတမ်းတွ ချုပ်ဆိုပြီး လုပ်ငန်းစဉ်အဆင့်များ ချမှတ်ဆောင်ရွက်ကြရပါတယ်။ 
စတော့ဈေးကွက် စည်းမျဉ်းတွေအရ ထုတ်ဝေရောင်းချသူတို့ရဲ့ အကြောင်းခြင်းရာတွေကို ကျကျနန မလေ့လာဘဲ ပြည်သူကို ရောင်းချပေးလို့ တစ်ချိန်မှာ မှားယွင်းမှုဖြစ်လာပါက တရားစွဲမှုတွေ ဖြစ်လာနိုင်လို့ ဖြစ်တယ်”ဟု စတော့အိတ်ချိန်း ဈေးကွက်နှင့် ပတ်သက်၍ အတွေ့အကြုံရှိ သူတစ်ဦးက ပြောကြားသည်။
 
လက်ရှိ မြန်မာနိုင်ငံတွင် အများပိုင်ကုမ္ပဏီ ၂၁၀ ရှိပြီးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရပြီး MAPCO၊ FMI နှင့် သီလဝါ အများပိုင်ကုမ္ပဏီ MTSH ကဲ့သို့   အများပြည်သူသို့  ရှယ်ယာအများအပြား ထုတ်ရောင်းထားသည့် ကုမ္ပဏီများလည်းရှိကြောင်း သိရသည်။
 

Most Read

Most Recent