၂၀၁၅ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အစိုးရအဖွဲ့ဝင်များသည် မဲဆွယ်စည်းရုံးရာတွင် နိုင်ငံပိုင်ပစ္စည်းနှင့် ငွေကြေးများ သုံးစွဲပါက ရွေးကောက်ပွဲဥပဒေနှင့် ငြိစွန်းမည်ဖြစ်ပြီး တိုင်ကြားသူများသည် တိကျစွာတိုင်ကြားရန် လိုကြောင်း စက်တင်ဘာ ၁ ရက် က ရန်ကုန်မြို့၌ ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲ ခေတ္တရပ်နားချိန်တွင် The Daily Eleven သတင်းစာ၏ မေးမြန်းမှုအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဝင်းကိုက ပြောကြားသည်။
“ဝန်ကြီး၊ ဒုဝန်ကြီး အစရှိတဲ့ပုဂ္ဂိုလ်တွေဟာ ရွေးကောက်ပွဲအတွက် သွားကြလာကြတဲ့အခါမှာ ပြောမယ်ဆိုရင် ရွေးကောက်ပွဲကိစ္စ မဲဆွယ်စည်းရုံးတဲ့ကိစ္စတွေမှာ နိုင်ငံပိုင်ပစ္စည်း သုံးတယ်။ ငွေကြေးတွေ ပစ္စည်းတွေ သုံးတယ်ဆိုရင် ရွေးကောက်ပွဲဥပဒေနဲ့ ငြိတယ်လို့ပဲ တိုတိုလေးပြောရပါမယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ တစ်ခုရှိတာက သူတို့က သူတို့လုပ်ငန်းတာဝန်အရ သွားနေရတဲ့ကိစ္စတွေလည်း သူတို့ရဲ့နိုင်ငံတာဝန်အရ ရှိတာပေါ့။ အဲဒီလိုကိစ္စတွေကျတော့လည်း အများက နိုင်ငံပိုင်ပစ္စည်း သုံးတယ်ဆို။ ဒါဖြင့်ရင် အဲဒီသုံးတာက မဲဆွယ်စည်းရုံးတာအတွက် သုံးတာလား။ ဥပမာ သူ့ရဲ့လုပ်ငန်းအတွက် သုံးတာလား။ ဒါတော့ ကွဲကွဲခြားခြားကြည့်ဖို့ လိုတာပေါ့။ တင်ပြတိုင်ကြားတဲ့သူကလည်း တိတိကျကျ ပြတ်ပြတ်သားသား တိုင်ကြားရင် တို့က စစ်ဆေးအရေးယူရတာ ပိုပြီးတော့ ကောင်းတယ်လို့ပဲ ပြောလိုပါတယ်”ဟု ဦးဝင်းကိုက ပြောကြားသည်။
လက်ရှိတွင် ဒုတိယသမ္မတနှစ်ဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ စသည့် ပုဂ္ဂိုလ်အများအပြားသည် အာဏာရ ပြည်ခိုင်ဖြိုးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းထားသည်။
“တိုင်တဲ့သူပေါ်မှာ မူတည်တယ်။ ဆိုကြပါစို့။ ဥပမာတစ်ခုပေးမယ်ဆိုရင် ရန်ကုန်ကို တာဝန်နဲ့လာတယ်။ ဒီအထိ အစိုးရကား သုံးလာတာ သူ့ကိုငြိတယ်လို့ ပြောလို့မရဘူး။ ဥပမာ သူက သန်လျင်ကို မဲဆွယ်စည်းရုံးရေး ဟောပြောပွဲသွားတယ်။ အဲဒီလို သွားတဲ့အခါမှာ သူ့ကိုထုတ်ပေးထားတဲ့ အစိုးရကားကြီး စီးပြီး သွားပြီဆိုရင်တာ့ ငြိပြီလို့ပြောလို့ရတာပေါ့။ အကြမ်းဖျင်းပေါ့။ ဥပမာပေးတာပါ”ဟု ဦးဝင်းကိုက ပြောကြားသည်။
လွှတ်တော်ရွေးကောက်ပွဲ ဥပဒေများတွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူသည် “နိုင်ငံတော်ပိုင်ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်း စသည်တို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့်ဖြစ်စေ ရယူသုံးစွဲသူ သို့မဟုတ် ယင်းသို့ ရယူသုံးစွဲခဲ့သည့်အဖွဲ့အစည်းဝင်ဖြစ်သူ”ဟုပြဋ္ဌာန်းချက်နှင့် ငြိစွန်းကြောင်း တိုင်ကြားချက်ကို ရရှိလျှင် ကော်မရှင်သည် တိုင်ကြားချက်ကို ရွေးကောက်ပွဲခုံအဖွဲ့ ဖွဲ့၍ စစ်ဆေးပြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် ရှိ၊ မရှိ ဆုံးဖြတ်စေနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
သို့သော် ဥပဒေ၌ ခြွင်းချက်အနေဖြင့် နိုင်ငံပိုင်ငွေကြေးဟူသော စကားရပ်တွင် အငြိမ်းစားလစာ၊ စရိတ်၊ ငွေကြေးသော်လည်းကောင်း၊ နိုင်ငံတော်အကျိုးအတွက် ဆောင်ရွက်သဖြင့် နိုင်ငံတော်က တရားဝင်ထောက်ပံ့ ချီးမြှင့်ထားသော လစာ၊ စရိတ်၊ ငွေကြေးသော်လည်းကောင်း မပါဝင်ကြောင်း သိရသည်။
ထို့အတူ နိုင်ငံတော်ပိုင်မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်ပစ္စည်းဟူသော စကားရပ်တွင် ဥပဒေတစ်ရပ်ရပ်အရသော်လည်းကောင်း၊ တာဝန်အရသော်လည်းကောင်း နိုင်ငံတော်က သုံးစွဲခွင့်ပြုထားသော သို့မဟုတ် နိုင်ငံတော်ထံမှ အခကြေးငွေဖြင့် ငှားရမ်းသုံးစွဲသော နိုင်ငံတော်ပိုင်မြေ၊ အိမ်၊ အဆောက်အအုံနှင့် အခန်းများ၊ အခြားအဆောက်အအုံ နှင့် အခန်းများ၊ နိုင်ငံတော်ပိုင်လေယာဉ်၊ ရထား၊ သင်္ဘော၊ မော်တော်ယာဉ်၊ ပစ္စည်းစသည်တို့ မပါဝင်ကြောင်း သိရသည်။