ဒူးရင်းဆိပ်မှအပြန်

ဒူးရင်းဆိပ်မှအပြန်
Published 1 September 2015
■ ကိုနေ(မန်း)

 
ဒုံသမိချောင်းရေ ပြန်လည်ကျဆင်းလာတဲ့နောက် သြဂုတ်ဒုတိယပတ်က စာရေးသူ ခေတ္တရောက်ရှိခဲ့တဲ့ သထုံမြို့နယ် ဒူးရင်းဆိပ် ကျေးရွာရှိ ရေလွှမ်းခံမိသားစုတချို့ နေအိမ် များသို့ပြန်လည်ပြောင်းရွှေ့မှုများရှိကြောင်း ဒေသခံများရဲ့ပြောကြားချက်အရ သိရတယ်။
လက်ရှိချောင်းရေဟာ သြဂုတ် ၁၀ ရက် နံနက်ပိုင်းက ဒူးရင်းဆိပ်ကျေးရွာရဲ့ စိုးရိမ်ရေအမှတ် ၁၄ ပေအောက် ၉ ဒသမ ၆ ပေခန့် သာရှိတော့ကြောင်း၊ မိုးဆက်လက်ရွာသွန်းမှု မရှိပါက ချောင်းရေဆက်လက်ကျဆင်းနိုင်ကြောင်းနှင့် ရေပြန်လွတ်သည့်နေအိမ်များမှ မိသားစုများ ပြန်လည်ပြောင်းရွှေ့မှုများရှိနေကြောင်း ဒေသခံတစ်ဦးဖြစ်တဲ့  ဦးမင်းသန်းက ပြောကြားပါတယ်။ မွန်ပြည်နယ် သထုံမြို့နယ်ရှိ ဒူးရင်းဆိပ်ရွာအတွင်း ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရာ ဒေသခံပြည်သူများ ၄၀၀ ကျော်မှာ ရေဘေးလွတ်ရာ ဘုန်းကြီးကျောင်း နှင့် ရွာလယ်ဓမ္မာရုံများတွင် ခိုလှုံနေရသည်မှာ နှစ်ပတ်နီးပါးရှိပြီဖြစ်ပါတယ်။ ရေဘေးရှောင်ဒေသခံများထံသို့သက်ဆိုင်ရာမှ တာဝန်ရှိသူများ၊ ပရဟိတနှင့် လူမှုရေးအသင်းအဖွဲ့များ၊ Eleven media Group နှင့် စေတနာ ရှင်အလှူရှင်များမှ ဆန်၊ ဆီ၊ခေါက်ဆွဲခြောက်ထုတ် အစရှိတဲ့ အစားအစာများ၊ အဝတ်အထည်များနဲ့ ဆေးဝါးများ လာရောက်လှူဒါန်းခဲ့ရာမှာ ဒေသခံကော်မတီကိုယ်စား လက်ခံရယူရာမှာ ဦးမင်းသန်းက ကမကထပြုဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
“ဒီသြဂုတ် ၁၀ ရက်မှာ အိမ်ထောင်စုပေါင်း ၃၆ စုလောက် သူတို့အိမ်တွေ ရေပြန် လွတ်သွားလို့ပြန်သွားကြတယ်။ လက်ရှိမှာ ဘုန်းကြီးကျောင်းမှာရော၊ ရွာလယ်ဓမ္မာရုံမှာပါ အိမ်ထောင်စု ၆၁ စုပဲကျန်တော့တယ်။ ရေက ရှစ်ပေအောက်ထပ်ကျမယ်ဆိုရင် တစ်ရွာလုံးရေလွတ်ပါပြီ” လို့ သူကပြောပါတယ်။
သြဂုတ် ၁၀ ရက် နံနက် ၁၀ နာရီက သထုံမြို့နယ်အခြေစိုက်တပ်ရင်းများမှ အရာရှိစစ်သည် ၂၀၀ နှင့် ဒေသခံများမှ ဒူးရင်းဆိပ်ကျေးရွာအတွင်း ရေနစ်မြုပ်ခဲ့သည့် နေရာများနှင့် နေအိမ်များအား သန့်ရှင်းရေး များပြုလုပ်ခြင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ကြက်ခြေနီနှင့် မြို့နယ်ကျန်းမာရေးမှူးဟောင်းများအသင်း (သထုံ) တို့မှ ဆရာဝန်များနှင့် ကျန်းမာရေးမှူးများ၊ မြို့နယ်တိုင်းရင်းဆေးပညာရှင်များမှ ကျေးရွာအတွင်း ကျန်းမာရေးစောင့်ရှောက်မှုများပေးခြင်း၊ ရေတွင်းရေကန်များအား ပိုးလောက်လမ်းသတ်ဆေးများခတ်ခြင်းနှင့် သောက်သုံးရေသန့်ရရှိအောင် ရေသန့်ဆေးများခတ်ခြင်းများ လုပ်ပေးခဲ့ကြောင်း ဦးမင်းသန်းက ဆိုတယ်။
မိုးသည်းထန်စွာရွာသွန်းခြင်း၊ တောင်ကျရေကျဆင်းခြင်းများကြောင့် ဒုံသမိချောင်းရေလျှံမှုဖြစ်ပွားပြီး အဆိုပါချောင်း ရေလျှံမှုကြောင့် မွန်ပြည်နယ် သထုံမြို့နယ်ရှိ ဒူးရင်းဆိပ်ရွာအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ ဒေသခံပြည်သူများ ၄၀၀ ကျော်မှာ ရေဘေးလွတ်ရာဘုန်းကြီးကျောင်း နှင့် ရွာလယ်ဓမ္မာရုံများတွင် ခိုလှုံနေရသည်မှာ နှစ်ပတ်နီးပါးရှိပြီဖြစ်ပါတယ်။ ရေဘေးရှောင်ဒေသခံများထံသို့သက်ဆိုင်ရာမှ တာ ဝန်ရှိသူများက ပရဟိတနှင့် လူမှုရေးအသင်း အဖွဲ့များ၊ Eleven Media Group နှင့် စေ တနာရှင်အလှူရှင်များမှ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်ထုပ်အစရှိတဲ့ အစားအစာများ၊ အဝတ်အထည်များနဲ့ ဆေးဝါးများလာရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။
နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြီးဟာ မြန်မာနိုင်ငံမြစ်ဝကျွန်းပေါ်ဒေသကို ၂၀၀၈ ခုနှစ် မေ ၂ ရက်နဲ့ ၃ ရက်တို့မှာ တိုက်ခတ်ခဲ့ပါတယ်။ နာဂစ်မုန်တိုင်းနဲ့ပတ်သက်ပြီး ကွင်းဆင်းလေ့လာမှုနှစ်ကြိမ်လုပ်ခဲ့တယ်။ ပထမ အကြိမ်ကတော့ နာဂစ်မုန်တိုင်း တိုက်ခတ်အပြီးတစ်ပတ်အတွင်းမှာပဲ နာဂစ်ဒေသဖြစ်တဲ့ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းကို အဖွဲ့ခွဲငါးဖွဲ့ခွဲပြီး ကွင်းဆင်းစစ်ဆေးစေခဲ့ပါတယ်။
အဓိက,ကတော့ သဘာဝဘေးအန္တ ရာယ်ကာကွယ်ရေးမှာ အခြေခံအုတ်မြစ် ရှစ်ခု တည်ဆောက်မှုတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှု ပကတိအခြေအနေတွေကို လေ့လာဖို့ဖြစ်ပါတယ်။ အဲဒီအခြေခံအုတ်မြစ်တွေကတော့
(၁)     အုပ်ချုပ်မှုစနစ်ကောင်းမွန်မှုအခြေအနေ
(၂)     စီးပွားရေး၊ လူမှုရေးနဲ့ အသက်မွေးဝမ်းကျောင်းများ အခြေအနေ၊
(၃)     သဘာဝအရင်းအမြစ်များပြည့်စုံမှု
(၄)     မြေယာအသုံးချမှုနဲ့ အဆောက်အအုံပုံစံ ဒီဇိုင်းများရဲ့ ခေတ်မီခိုင်မာမှုအခြအနေ
(၅)     သဘာဝဘေးဆိုင်ရာ လူထုအသိပညာရေးပြည့်စုံမှုအခြေအနေ
(၆)     ကြိုတင်သတိပေးမှုအခြေအနေ
(၇)     အရေးပေါ်တုံ့ပြန်နိုင်မှုအခြေအနေ။
(၈)     သဘာဝဘေးမှ ပြန်လည်ထူထောင်နိုင်မှု
အဲဒီကွင်းဆင်းလေ့လာမှုရဲ့ တွေ့ရှိချက်တွေကို အစီရင်ခံစာပြုစုခဲ့ပါတယ်။Rapid Assessment Report လို့ခေါ်ပါတယ်။ တွေ့ရှိချက်ကတော့ အမှတ်စဉ် (၆) ကြိုတင်သတိပေးမှုအခြေအနေတစ်ခုသာ နိုင်ငံတ ကာစံအရ အောင်မှတ်ရရှိခဲ့ပြီး ကျန်အုတ်မြစ် ခုနစ်ခုတို့မှာ ပေမမီစံမမီနဲ့ အောင်မှတ်မရခဲ့ရုံံမျှမက အမှတ်စဉ် (၃) (၅) နဲ့ (၈) ကဏ္ဍတွေဟာ ဆိုးဆိုးရွားရွားအခြေအနေမှာ ရှိနေခဲ့တာကို တွေ့ခဲ့ရပါတယ်။ ယခင် မိုးဇလညွှန် ချုပ် ဒေါက်တာထွန်းလွင်ကတော့  “ကျွန်တော်တို့ရဲ့ တွေ့ရှိချက်ကလည်း Everything is Broken ပါပဲ။ ဒါပေမဲ့ တစ်ခုကတော့ အောင်မှတ်ရခဲ့တာကြောင့် Except Early Warning,Everything is Broken လို့တော့
ပြောရပါလိမ့်မယ်”တဲ့။ ကိုမန်အရှိန်ကြောင့် ဖြစ်ခဲ့သမျှက ဒုတိယနာဂစ်သဖွယ် တင်စားနိုင်ပါတယ်။ ကိုမန်ကြောင့်  လူ ၁၀၇ ဦး သေခဲ့ပြီး လူ ၁ ဒသမ ၆ သန်းကျော် သက်ရောက်ခံခဲ့ရတယ်။
 
ကိုမန်အတွေးများ
စစ်တကောင်းကိုသွားတဲ့ ကိုမန်မုန်တိုင်းကြောင့် မြန်မာနိုင်ငံတစ်လွှား မိုးကြီးရေလျှံခဲ့တယ်။ နောက်ဆက်တွဲပြဿနာတွေ များလှပါတယ်။ ကုလသမဂ္ဂလက်အောက်ခံ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က ထုတ်ပြန်တဲ့ထုတ်ပြန်ချက်ကိုတွေ့ရတော့ ရင်မောစရာပါ။ မြန်မာ့ရေဘေးကြောင့် ရိက္ခာအန္တရာယ် ၁၀ ချက်နဲ့ ရင်ဆိုင်နေရကြောင်း၊ ဒဗလျူအက်ဖ်ပီနဲ့ ပူးပေါင်းလှူဒါန်းဆောင်ရွက်ကြဖို့ ထုတ်ပြန်ထားပါတယ်။ မြန်မာနဲ့ ပတ်သက်တဲ့ ဒဗလျူအက်ဖ်ပီထုတ်ပြန်ချက်ပါအကြောင်း (၁၀) ချက်ကတော့ -
(၁)     မြန်မာဟာ နိုင်ငံ့သမိုင်းမှာ အဆိုးရွားဆုံး အကျယ်ပြန့်ဆုံး ရေကြီးရေလွှမ်းမှုနဲ့ ရင်ဆိုင်နေရတယ်။ ဒီဘေးဆိုးကြောင့် လူ ၁၀၀ ကျော်သေကာ လူတစ်သန်းကျော် သက်ရောက်ခံရပြီး ထိုအနက်မှ ရာခိုင်နှုန်း ၄၀ ကျော်က အရေးပေါ်စားနပ်ရိက္ခာအကူအညီ လိုအပ်နေတယ်။
(၂)     နိုင်ငံ့ပြည်နယ်နဲ့ တိုင်း ၁၄ ခုအနက် ၁၂ ခုမှာ သက်ရောက်ခံရတယ်။ လမ်းတွေ၊ တံတားတွေ ပြတ်တောက်၊ နေအိမ်တွေစိုက်ပျိုးမြေတွေ ပျက်စီးခဲ့တယ်။
(၃)     ရေကြီးမှုကိုတုံ့ပြန်တဲ့ သြဂုတ် ၂ ရက်ကစလို့ ဒဗလျူအက်ဖ်ပီက လူနှစ်သိန်းကျော်ထံ ရိက္ခာဖြန့်ခဲ့တယ်။ စစ်ကိုင်း၊ ပဲခူး၊ ချင်း၊ ကချင်၊ ရခိုင်၊ ကရင်၊ မွန်ဒေသတွေမှာ အစိုးရ၊ အခြားသောကုလအေဂျင်စီတွေ၊ မြန်မာပုဂ္ဂလိကကယ်ဆယ်ရေးအဖွဲ့တွေနဲ့ အတူတကွ လက်တွဲကူညီခဲ့ပါတယ်။
(၄)     ရေမကြီးခင်ကတောင် မြန်မာ့လူဦးရေရဲ့ လေးပုံတစ်ပုံကျော်ဟာ ဆင်းရဲမှုမျဉ်းအောက်မှာ နေထိုင်ကြရတယ်။ လူပေါင်း ၁၃ သန်းကျော်ဖြစ်လို့ နယူးယောက်စီးတီး၊ အယ်လ်အေနဲ့ ဝါရှင်တန်ဒီစီနေ လူဦးရေစုစုပေါင်းထက်တောင် ကျော်ပါတယ်။
(၅)     နိုင်ငံ့ကလေးငယ် သုံးပုံတစ်ပုံကျော်ဟာ အာဟာရမပြည့်ဝကြဘူး။ သူတို့အသက်အရွယ်နဲ့သူတို့ အရပ်က ပုလွန်းနေတယ်။ကြီးထွားမှု နှေးကွေးတဲ့လှီတဲ့အခြေအနေပါ။
(၆)     ကလေးသူငယ် ရှစ်ရာခိုင်နှုန်း ပြုန်းတီးနေတယ်။ ပေါင်မပြည့်စံချိန်မမီဘူး။
(၇)     ကျောင်းနေအရွယ်ကလေးတစ်ဝက်ခန့်သာ မူလတန်းပညာရေးပြီးဆုံးတယ်။
(၈)     ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင် ၁၈၀၀၀၊ အသက်နှစ်နှစ်နဲ့ ငါးနှစ်အောက်ကလေး ၄၁၀၀၀ ကျော်တို့ကို ဒဗလျှူအက်ဖ်ပီက အာဟာရထောက်ပံ့နေတယ်။
(၉)     မြန်မာနိုင်ငံက အ်ပ်ချ်အိုင်ဗွီနဲ့ တီဘီရောဂါသည် ၈၀၀၀ ကျော်ကိုလည်း ဒဗလျှူ အက်ဖ်ပီက အာဟာရထောက်ပံ့နေတယ်။
(၁၀)    မြန်မာနိုင်ငံဟာ ယူအင်န်ဒီပီရဲ့ ၂၀၁၄ လူသားဆိုင်ရာဖွံ့ဖြိုးမှုအညွှန်းကိန်းမှာ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၇ နိုင်ငံမှာ အဆင့် ၁၅၀ မျှသာ ရှိပါတယ်တဲ့ဗျာ။ 

Most Read

Most Recent