နိုင်ငံခြားငွေကြေး ဈေးကစားမှုအပေါ် ထိန်းချုပ်မှု မရှိခြင်းကြောင့် နိုင်ငံခြားငွေစာရင်းရှင် အပြန်အလှန် ရောင်းဝယ်မှုနှင့် တရားမဝင် ဟွန်ဒီဈေးကွက် ကြီးထွားနေပြီး ငွေကြေးဂယက် ဖြစ်ပေါ်နိုင်သည့် Capital Flows များ အရှိန်အဟုန်ဖြင့် ဝင်ထွက်နေကြောင်း ဗဟိုဘဏ်ဒုဥက္ကဋ္ဌ၏ စာတမ်းတွင် ဖော်ပြ
နိုင်ငံခြားငွေကြေး ဈေးကစားမှု မဖြစ်ပေါ်စေရန် ထိန်းချုပ်မှု မရှိခြင်းကြောင့် နိုင်ငံခြားငွေစာရင်းရှင် အပြန်အလှန် ရောင်းဝယ်မှု (Account Transfer)နှင့် တရားမဝင် ဟွန်ဒီဈေးကွက် (Informal Hundi Transfer) များ ကြီးထွားလာနေပြီး ငွေကြေးဂယက် ဖြစ်ပေါ်စေနိုင်သည့် Capital Flows (ငွေအရင်း အနှီးစီးဆင်းခြင်း) များ အရှိန်အဟုန်ဖြင့် ဝင်ထွက်လာနေကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်၏ ‘မြန်မာနိုင်ငံ ငွေရေးကြေးရေးကဏ္ဍ၌ လက်ရှိဖြစ်ပေါ်နေသည့် စိန်ခေါ်မှုများ’ စာတမ်းတွင် ဖော်ပြထားသည်။ အဆိုပါ စာတမ်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အပတ်စဉ်ထုတ်ဝေသည် The Commerce ဂျာနယ်တွင် သြဂုတ် ၃၁ ရက်က ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ Current Account (သာမန်ငွေစာရင်း) ကို လွှတ်ပေးထားသော်လည်း Capital Account (အရင်း အနှီးငွေစာရင်း) ကိုမူ ထိန်းချုပ်ထားသည်။ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် စတင်မည့် အာဆီယံစီးပွားရေး အသိုက်အဝန်းတွင် Capital Account ကို ဖွင့်ပေးရမည်ဆိုသည့် အချက်ကို အာဆီယံနိုင်ငံ အားလုံးလိုလိုက စိုးရိမ်နေသည်။ Capital Account ကို ဖွင့်ပေးလိုက်ပါက Capital Flows များ အလွယ်တကူ စီးဝင်လာနိုင်ပြီး အဆိုပါ Capital Flows အဝင်အထွက်များ၏ အကျိုးသက်ရောက်မှုများကို ထိန်းချုပ်နိုင်မှု မရှိပါက နိုင်ငံ၏ Macroeconomics တည်ငြိမ်မှုကို ထိန်းသိမ်းရန် အလွန်ခက်ခဲ မည်ဖြစ်ကြောင်း ဦးဆက်အောင်၏ စာတမ်းတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် Capital account ကို ထိန်းချုပ်ထားသည့်အတွက် နိုင်ငံတကာ၏ ဂယက်များကို မခံစားရသင့်သော်လည်း အလွန်ကြီးထွားလာသည့် Informal ဈေးကွက်ကြီးမှ တစ်ဆင့် Capital flow များ အရှိန်အဟုန်နှင့် စီးဆင်းနေသည်ကို မည်သူမျှ ငြင်းပယ်နိုင်မည် မဟုတ်ကြောင်း စာတမ်းတွင် ဖော်ပြထားသည်။
အဆိုပါ Capital Flows များသည် အီလက်ထရွန်နစ်ပုံစံနှင့် တရားဝင်စီးဆင်းနေခြင်း မဟုတ်ဘဲ Informal ဈေးကွက်မှ တစ်ဆင့် စီးဆင်းနေသည့်အတွက် ပိုမို၍ခန့်မှန်းရခက်စေသည်။ ထို့ပြင် မြန်မာနိုင်ငံတွင် ငွေရေးကြေးရေးဆိုင်ရာ ကိရိယာများမှာလည်း ပြည့်စုံမှု မရှိသေးသဖြင့် နိုင်ငံတကာ၏ ဂယက်ရိုက်ခတ်မှုများကို ထိန်းနိုင်ဖို့ မလွယ်ကူနိုင်ကြောင်း ဦးဆက်အောင်၏ စာတမ်းတွင် ဖော်ပြထားပြီး မြန်မာနိုင်ငံတွင်သာမက အခြားနိုင်ငံကြီးများဖြစ်သည့် သြစတြေးလျနိုင်ငံနှင့် ဥရောပနိုင်ငံများပါ နိုင်ငံတကာ၏ ဂယက်များကို လွယ်လွယ်ကူကူ ထိန်းကျောင်းနိုင်မှု မရှိကြောင်းနှင့် မြန်မာနိုင်ငံတွင် အဆိုပါ ဂယက်အပြင် ဘဏ်များပြိုလဲမည် ဆိုသည့် ပြည်တွင်းဂယက် ရိုက်ခတ်မှုများလည်း ရှိနေကြောင်း ဦးဆက်အောင်၏ စာတမ်းတွင် ဖော်ပြထားသည်။
နိုင်ငံတစ်နိုင်ငံ အနေနှင့် တည်ငြိမ်သည့် Macroeconomic environment ကို ရရှိနိုင်စေရန် ထိန်းချုပ်သင့် သည်များကို ထိန်းချုပ်ကြသော်လည်း လူတိုင်းကတော့ ထိန်းချုပ်မှုကို နှစ်သက်မည်မဟုတ်ဘဲ ဥပမာအားဖြင့် မြန်မာနိုင်ငံနှင့် အနီးဆုံး ထိုင်းနိုင်ငံတွင် နိုင်ငံခြားငွေကြေး ဈေးကစားမှု မဖြစ်ပေါ်စေရန် ထိုင်းလူမျိုးများ၏ FCD (Foreign Currency Deposit) များတွင် ပြည်ပကဝင်ရောက်သည့် နိုင်ငံခြားငွေကိုသာ သိမ်းထားနိုင်ပြီး ပြည်တွင်း Account Transfer နှင့် ဝယ်ယူထည့်သွင်း ထားခြင်းနှင့် နိုင်ငံခြားငွေကိုကြိုက်သလောက် ထည့်သိမ်းထားခွင့်မရှိဘဲ လက်ရှိအချိန်ထိ ထိန်းချုပ်ထားသည်။
နိုင်ငံခြားငွေနှင့်ပြည်ပကို ပေးချေစရာ Obligations များ ရှိလာပါက အထောက်အထားတွေများ ပြသရပြီး ယင်းပမာဏထက်ပိုသည့် နိုင်ငံခြားငွေကို FCD တွင် သိမ်းဆည်းထားခွင့် မရှိကြောင်းနှင့် ပြည်ပပေးချေရန် အထောက်အထား မပြနိုင်ပါက ဒေါ်လာငါးသန်းထက်ပိုပြီး မထားရခြင်း၊ ၂၀၁၀ ခုနှစ်အထိ အထောက်အထား မပြနိုင်ပါက ဒေါ်လာ ငါးသိန်းထက်ပိုပြီး မထားရခြင်း ၂၀၀၇ ခုနှစ် အထိအထောက်အထား မပြနိုင်ပါက (တစ်ဦးချင်းစီရဲ့ ငွေစာရင်းမှာ) ဒေါ်လာငါးသောင်း (ကုမ္ပဏီတစ်ခုချင်းစီရဲ့ ငွေစာရင်းမှာ) ဒေါ်လာနှစ်သန်း ထက်ပိုပြီး ထား၍မရရန် ထိန်းချုပ်ထားပြီး စတော့ဈေးကွက် များတွင်လည်း နိုင်ငံခြားသားများ ဝင်ရောက်ဈေး မကစားနိုင်ရန် Non Resident FCD များအပေါ် ထိန်းချုပ်မှု အများအပြား ပြုလုပ်ထားကြောင်း စာတမ်းတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ထိုသို့ထိန်းချုပ်မှု မရှိသည့်အတွက် Informal Hundi Transfer များနှင့်၊ နိုင်ငံခြားငွေစာရင်းရှင် တစ်ဦးနှင့် တစ်ဦး အပြန်အလှန် ရောင်းဝယ်သည့် Account Transfer ဈေးကွက်များ ပိုမိုကြီးထွားလာနေပြီး အဆိုပါ စနစ်များမှ Capital Flows များ အရှိန်အဟုန်နှင့် ဝင်ထွက်နေသည်ကို တွေ့ရှိ နေရကာ အဆိုပါ Capital Flow များက ဖြစ်ပေါ်လာသည့် Effects များကို ထိန်းနိုင်ရန် ငွေရေးကြေးရေးဆိုင်ရာ ကိရိယာများ မစုံလင်သေးသဖြင့် လက်ရှိအခြေ အနေသည် မိုးရွာသည့်အချိန် ခေါင်မိုးပေါက်နေပြီး ရေမစိုအောင် သေသေချာချာ ကာနိုင်သည့် ထီးများမရှိသေးဘဲ ရှိသည့်ပစ္စည်းအချို့နှင့် မိုးကာနေရသလို ဖြစ်နေပြီး ခေါင်မိုးလုံအောင်လုပ်ရန် အဓိကဆိုသော်လည်း ခေါင်မိုးပြင်ရန် ကိရိယာ အနည်းငယ်သာရှိပြီး အိမ်သားအချို့မှလည်း ခေါင်မိုး၏ နေရာအချို့ကို ဖောက်ကာ ရေခံနေသည်နှင့် တူနေကြောင်းနှင့် ထိုအချိန်တွင် ရေမစိုအောင် ထီးလိုက်ရှာရ၊ ပေါက်နေသည့် ခေါင်မိုးကို ရှိသည့်ပစ္စည်းနှင့် ပြုပြင်ရ၊ ခေါင်မိုးပေါက်နေသည့် အိမ်သားများကိုလည်း ပြောလို့မရ၊ အိမ်ထဲမှ အခြားအိမ်သားများကလည်း မိုးရေစို၍ ဝိုင်းဆဲနေသည့် အခြေအနေနှင့် နီးစပ်နေပြီး မည်သည့်အခြေအနေသို့ ရောက်ရှိနေသည်ဖြစ်စေ ရှိသည့်ပစ္စည်းနှင့် မိုးကိုပို၍ လုံအောင်ကာနိုင်ရန်နှင့် ရှိသည့်ပစ္စည်းနှင့် ခေါင်မိုးကို ပြုပြင်နိုင်ဖို့ အရေးကြီးမည်ဖြစ်ကြောင်း ဦးဆက်အောင်၏ စာတမ်းတွင် ဖော်ပြထားသည်။
နိုင်ငံခြားငွေကြေး ဈေးကစားမှုအပေါ် ထိန်းချုပ်မှု မရှိခြင်းကြောင့် နိုင်ငံခြားငွေစာရင်းရှင် အပြန်အလှန် ရောင်းဝယ်မှုနှင့် တရားမဝင် ဟွန်ဒီဈေးကွက် ကြီးထွားနေပြီး ငွေကြေးဂယက် ဖြစ်ပေါ်နိုင်သည့် Capital Flows များ အရှိန်အဟုန်ဖြင့် ဝင်ထွက်နေကြောင်း...










