ရန်ကုန်စတော့အိတ်ချိန်း ဝင်ရောက်မည့် အများပိုင်ကုမ္ပဏီများ လိုက်နာရမည့် စံသတ်မှတ်ချက်များ (Listing Critia) နှင့် ပတ်သက်၍ ရှင်းလင်းဟောပြောပွဲကို စက်တင်ဘာလ ၁၃ ရက်တွင် ရန်ကုန်မြို့ ကုန်သည်/စက်မှုအသင်းချုပ်ရုံး၌ ပြုလုပ်သွားမည်ဟု မြန်မာငွေချေး သက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်းက ဆိုသည်။
“စံသတ်မှတ်ချက်က ၁၇ ချက်ရှိပါတယ်။ ဒီစံသတ်မှတ်ချက်ဟာ အနိမ့်ဆုံး အဆင့် (minimum standard) သတ်မှတ်ချက် များပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး အများပြည်သူကို ရှင်းလင်းတင်ပြပေးဖို့ စက်တင်ဘာ ၁၃ ရက်နေ့မှာ ကုန်သည်/စက်မှု အသင်းချုပ်ရုံးမှာ ဟောပြောပွဲ ပြုလုပ်သွားဖို့ရှိပါတယ်။” ဟု ဒေါက်တာမောင်မောင်သိမ်းက ဆိုသည်။
ယခု ထုတ်ပြန်လိုက်သော စံသတ်မှတ်ချက်များမှာ စာရင်းဝင်မည့် ကုမ္ပဏီသည် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေအရ မှတ်ပုံတင်ထားသောပေးရန် တာဝန်ကန့်သတ်ထားသည့် လီမိတက်ကုမ္ပဏီဖြစ်ပြီး အများနှင့် သက်ဆိုင်သော ကုမ္ပဏီ အင်္ဂါရပ်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ဆောင်နေသော ကုမ္ပဏီဖြစ်ကြောင်း၊ အစုရှယ်ယာဝင်ဦးရေ အနည်းဆုံး ၁၀၀ အထက် ရှိရမည်ဖြစ်ပြီး လျှောက်ထားသည့်နေ့တွင် ထည့်ဝင်ပြီး မ,တည်ရင်းနှီးငွေ အနည်းဆုံး ကျပ်သန်း ၅၀၀ ရှိရမည်ဟု ဖော်ပြထားသည်။
ထို့ပြင် လျှောက်ထားသည့်နေ့ မတိုင်မီ အနည်းဆုံး နှစ်နှစ်ကာလအတွင်း လုပ်ငန်းအမြတ် ရရှိမည်ဖြစ်ပြီး တည်ဆဲဥပဒေများနှင့်အညီ စီးပွားရေး လုပ်ငန်းကိုလုပ်ကိုင်၍ တည်ငြိမ်သောဝင်ငွေ အခြေခံရှိရမည်ဟု သိရသည်။
ကုမ္ပဏီဒါရိုက်တာ အဖွဲ့ဝင်များ၊ ကုမ္ပဏီကို ဦးဆောင်သူများသည် အကျင့်စာရိတ္တ ကောင်းမွန်၍ ပြစ်ဒဏ်ကျခံဖူးခြင်း မရှိသူများ ဖြစ်ရမည့်အပြင် အမှုရင်ဆိုင်နေရသူများ မဖြစ်စေရ၊ မိမိအကျိုး၊ ကုမ္ပဏီအကျိုး အတွက် အများပြည်သူ အထင်အမြင် လွဲမှားစေမည့် အပြောအဆို၊ အပြုအမူ ပြုလုပ်မှုမျိုး မပြုလုပ်ရဟု စသည်တို့ ဖော်ပြပါရှိသည်။
စတော့အိတ်ချိန်းတွင် စာရင်းဝင်မည့် ကုမ္ပဏီ၏ စာရင်းထိန်းသိမ်းမှု၊ စာရင်းစစ်ဆေးမှုတို့ကို မြန်မာနိုင်ငံ စာရင်းကိုင်နှင့် စာရင်းစစ်၏ “စံ” သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ တည်ဆဲအခွန်ဥပဒေ များနှင့်အညီ အခွန်တာဝန် ကျေပွန်ရမည်ဖြစ်ကြောင်း၊ ကုမ္ပဏီနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များ၊ အများပြည်သူ သိသင့်သည့် အချက်အလက်များကို မြန်မာနိုင်ငံငွေချေး သက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်နှင့် ရန်ကုန် စတော့အိတ်ချိန်းတို့သို့ ထုတ်ဖော်တင်ပြရမည့်အပြင် အများပြည်သူ သိနားလည်လွယ်သည့် သင့်လျော်သော နည်းလမ်းဖြင့် အများပြည်သူသို့ အချိန်မီထုတ်ဖော် ကြေညာရမည်။ ထို့သို့ ထုတ်ဖော်ကြေညာရာတွင် ရင်းနှီးမြုပ်နှံသူများ၏ ရင်နှီးမြုပ်နှံမှုဆိုင်ရာ ဆုံးဖြတ်ချက်များ၊ ပြုလုပ်မှုကို ထိခိုက်စေမည့် အချက်များ၊ ဆုံးရှုံးနိုင်မှု အလားအလာဟု ယူဆရသော အချက်များ၊ လုပ်ငန်းဆောင်ရွက်မှု ပြုနိုင်မည့် အခြေခံအလားအလာများ စသည်တို့ကို အထူးပြုဖော်ပြ ရမည်ဟု သတ်မှတ်ထားသည်။
ထို့ပြင် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ လိုက်နာရန်အတွက် ကြီးကြပ်မည့် အရာရှိ (Compliance Officer) ခန့်ထား၍ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ လိုက်နာရန် ထိရောက်သော စနစ်တစ်ရပ် ထားရှိဆောင်ရွက် ရမည်ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်မှုပုံစံ၊ လုပ်ငန်းဆောင်ရွက်မည့် ဝန်းကျင်နှင့် ဆုံးရှုံးနိုင်မည့် အလားအလာဆိုင်ရာ အချက်များ ပါဝင်သောလုပ်ငန်း စီမံချက် ထားရှိဆောင်ရွက် ရမည်ဖြစ်ကြောင်း သိရသည်။
မ,တည်ရင်းနှီးငွေ အနည်းဆုံးကျပ်သန်း ၅၀၀ ရှိရမည်ဟူသောအချက် အပါအဝင် စတော့အိတ်ချိန်းဝင် စံသတ်မှတ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းမည်










