မြိတ်ကျွန်းစုအတွင်းရှိ ကျွန်းများသို့ ကမ္ဘာလှည့်ခရီးသွားများ နေ့ချင်းပြန်ခရီး စတင်လည်ပတ်ခွင့်ရရှိ

မြိတ်ကျွန်းစုအတွင်းရှိ ကျွန်းများသို့ ကမ္ဘာလှည့်ခရီးသွားများ နေ့ချင်းပြန်ခရီး စတင်လည်ပတ်ခွင့်ရရှိ
Published 30 August 2015
ဇော်မိုးဦး (မြိတ်)

ကမ္ဘာလှည့်ခရီးသွားများအနေ ဖြင့် တနင်္သာရီတိုင်းဒေသကြီးအ တွင်းရှိ ကျွန်းများနှင့် မြိတ်ကျွန်းစု အတွင်းရှိ ကျွန်းများသို့ နေ့ချင်းပြန်ခရီး စတင်လည်ပတ်ခွင့် ရရှိပြီဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှ သိရသည်။မြိတ်ကျွန်းစုအတွင်းရှိ ကျွန်းများသို့ သွားရောက်လည်ပတ်မှုကို ယခင်က တားဆီးကန့်သတ်ထားမှုများရှိပြီး နိုင်ငံခြားသား ခရီးသွားများ အနေဖြင့် သွားရောက်လည်ပတ်ခွင့် လုံးဝမရှိခဲ့ကြောင်း သိရသည်။ပြည်တွင်းခရီးသွားများမှအပ ကမ္ဘာလှည့် ခရီးသွားများမှာ နေ့ချင်းပြန်ခရီးပင် သွားရောက်ခွင့်မရှိဘဲ ကျွန်းစုမြို့နယ်သို့သာ သွားရောက်ခွင့်ပြုထားကြောင်း သိရသည်။“နိုင်ငံခြားခရီးသွားတွေကို နေ့ချင်းပြန်ခရီးအဖြစ် စတင်ပို့ဆောင်လို့ ရပါပြီ။ သွားရောက်မယ့် ခရီးသည် အရေအတွက်၊ ခရီးစဉ်ကို ကျွန်တော်တို့ဌာနကို တင်ပြရမယ်။ ကျွန်တော်တို့က ခရိုင်အုပ်ချုပ်ရေးပိုင်းကို ခရီးစဉ် အစီအစဉ် တင်ပြရုံပဲ ရှိပါတော့တယ်။ အရင်ကလို နေပြည်တော်အထိ တင်စရာ မလိုတော့ပါဘူး။ တိုင်းဒေသကြီး အစိုးရခွင့်ပြုချက်နဲ့ စတင်ဆောင်ရွက်လို့ ရပါပြီ။ အခု လောလောဆယ်တော့ နေ့ချင်းပြန် ခရီးကိုပဲ စတင်ခွင့်ပြုထားပါတယ်။ လိုင်စင်ရထားပြီးဖြစ်တဲ့ ကုမ္ပဏီတွေ အနေနဲ့ ကော့သောင်း၊ မြိတ်နဲ့ ထားဝယ်က ပင်လယ်ခရီးတွေကို စတင်ပို့ဆောင်လို့ ရပါပြီ” ဟု မြိတ်ခရိုင် ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းမှ ဦးစီးအရာရှိ ဦးမိုးကျော်အောင်က ပြောကြားသည်။ထားဝယ်ခရိုင်အတွင်း လောင်းလုံဘုတ်ကျွန်း၊ မြိတ်ခရိုင်အတွင်းရှိ ရေပြည့်အော်ကျွန်း၊ ဒုံးပုလဲကျွန်း (လှပသောရေတံခွန်ရှိသည်)။ ဒဟွန်းကျွန်း၊ လိပ်ဥတောင်နှင့် ကတန်ကျွန်း၊ ကော့သောင်းခရိုင်အတွင်းရှိ မြောက်နီကျွန်း၊ သူရဲနီကျွန်း၊ ကြက်မောက်ကျွန်း (အသည်းပုံကျွန်း)၊ မြင်းခွာကျွန်း၊ စေတန်ကျွန်း၊ South Bay၊ တောင်လပို့ကျွန်းများသို့ နေ့ချင်းပြန်ခရီးများ စတင်လည်ပတ်ခွင့် ရရှိပြီဖြစ်ကြောင်း သိရသည်။“Marine Tourism Site တစ်ခုအနေနဲ့ မြိတ်ကျွန်းစုက ကမ္ဘာလှည့် ခရီးသည်တွေကြားမှာ ထင်ရှားလာနေပါတယ်။ မြိတ်ကိုရောက်ရင် ပင်လယ်ထဲကို သွားမယ်ဆိုတဲ့ ခရီးသည်တွေက များနေပါတယ်။ ကျွန်တော်ထင်ပါတယ်။ ခရီးသွားလုပ်ငန်းက ပွင့်လင်းရာသီမှာ ဖွံ့ဖြိုးလာဖို့က သေချာပါတယ်။ ကျွန်တော်တို့လည်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးဖို့ ကုမ္ပဏီတွေကိုလည်း အားပေးသလို၊ တစ်ဖက်ကလည်း ဌာနဆိုင်ရာ အနေနဲ့ တတ်နိုင်သမျှ လိုက်လံဆောင်ရွက်ပေးနေပါတယ်။ လက်ရှိ နေ့ချင်းပြန် ခရီးကနေ ဖွံ့ဖြိုးလာမယ့် အနေထားတွေ၊ ဝန်ဆောင်မှုပေးထားတဲ့ လှေတွေရဲ့ အနေအထားကိုကြည့်ပြီး နှစ်ညအိပ် သုံးရက်ခရီး ရရှိဖို့ နောက်ပိုင်းမှာ တင်ပြပေးပါမယ်” ဟု ဦးမိုးကျော်အောင်က ပြောကြားသည်။လက်ရှိ မြိတ်မြို့တွင် ခရီးသွားလုပ်ငန်းအေဂျင်စီငါးခု လိုင်စင်ချထားပေးပြီး လိုင်စင်လျှောက်ထားသည့် ကုမ္ပဏီများလည်း ရှိနေပြီဖြစ်ကြောင်း၊ ခရီးစဉ်များကို နေ့ချင်းပြန် စတင်ခွင့်ပြုလိုက်ပြီ ဖြစ်သည့်အတွက် မြိတ်ကျွန်းစု ခရီးစဉ်များ ဖွံ့ဖြိုးလာနိုင်ကြောင်း ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။Marine Tourism အခြေခံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာရန်အတွက် တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ၏ တင်ပြချက်အရ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။မြိတ်ကျွန်းစုအတွင်းရှိ သဘာဝအတိုင်း ရှိနေသည့် ကျွန်းများ၊ ရေအောက်ရှုခင်းများ၊ ဆလုံတိုင်းရင်းသားများ၏ နေထိုင်မှုများမှာ ကမ္ဘာလှည့်ခရီးသွားများအား အဓိက ဆွဲဆောင်မှုတစ်ခုအဖြစ် ရှိနေကြောင်း သိရသည်။   

Most Read

Most Recent