မိုးခါးရေအောက် ကျပျောက်သွားသော တောင်ဇလပ်လေးများ

မိုးခါးရေအောက် ကျပျောက်သွားသော တောင်ဇလပ်လေးများ
Published 30 August 2015
ဌေးလှအောင် (ခေတ္တချင်းပြည်နယ်)

(၁)
မြေပြန့်လွင်ပြင်မှ တောင်တန်းများပေါ်သို့ တက်လိုက်သည်နှင့် တစ်ပြိုင်နက် အေးမြလှသည့် လေပြည်အေးနှင့်အတူ မိုးစက်မိုးပေါက်တို့၏ ပွေ့ဖက်ဆီးကြိုမှုကို စတင်ခံစားလိုက်ရသည်။ အခြားသော တောင်ပေါ်ဒေသများနှင့်မတူ တောင်ပေါ်မြေပြန့်ဟူ၍ မည်သည့်နေရာမျှ မရှိ၊ ကြည့်လေရာနေရာတိုင်းသည် မြင့်မားမတ်စောက်လှသည့် တောင်တန်းကြီးများက ဆီးကြိုကာဆီးထားသည်။ တရွေ့ရွေ့ ဖြတ်သန်းသွားနေရသည့် တောင်ပေါ်လမ်းကလေး၏ တစ်ဖက်တစ်ချက်တွင် နက်ရှိုင်းလွန်းသည့် ချောက်ကမ်းပါးကြီးများက အောက်ခြေသို့ပင် မြင်ရနိုင်ရန် မလွယ်ကူ။ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်းထောင်ကျော်သို့ ရောက်ရှိချိန်ဝယ် တောင်မြူခိုးနှင့် မိုးစက်ပွင့်တို့ ထွေးရောယှက်တင် ဖြစ်နေပြီး ရှေ့ဆီမှ တောင်ပေါ်လမ်းလေးနှင့် မြင်ကွင်းများက ဆေးသားမပီပြင်တော့သည့် ပန်းချီကားတစ်ချပ်အား စူးစိုက်ကြည့်နေရသည့် အလားနှယ်…။ဝသန်ကာလ မိုးဥတုဖြစ်သည်နှင့်အညီ တောတန်းစိမ်းစိမ်း တောင်တန်းစိမ်းစိမ်းတို့ဖြင့် တောင်ပေါ်ရာသီဥတုသည် မိုးရေစက်များအောက်ဝယ် စိုပြည်စိမ်းလန်းနေ၏။ တောင်ပေါ်ဒေသများအတိုင်း ဥတုရာသီအလိုက် သုံးရာသီ အလှတရားတို့ဖြင့် ပြည့်စုံလေ့ရှိသော်လည်း ယခုဖြတ်သန်းသွားနေရသည့် တောင်ပေါ်ဒေသသည် တစ်ဖက်၌ ရာသီအလိုက် အလှတရားရှိနေဆဲ ဖြစ်သော်လည်း တစ်ဖက်တွင်မူ ပိုမိုလွန်ကဲသည့် ရာသီဥတုဒဏ်နှင့် လောဘသားတို့နှင့်အတူ ပေါက်ဖွားလာခဲ့သည့် သယံဇာတကျိန်စာကြောင့် ရုပ်ဆိုးအကျည်းတန်မှုများကလည်း ခရီးသွားသူတို့အား ခြောက်လှန့်ဆီးကြိုလျက် ရှိနေလေသည်။ 
(၂)
မြင့်မားမတ်စောက်လှသည့် တောင်တန်းများ၏ ကမ်းပါးယံများအား မှီတွယ်ခိုကပ်၍ ဖောက်လုပ်ထားသော လမ်းကလေး၏ ဖြတ်သန်းရာတစ်လျှောက်တွင် မိုးသည်းထန်စွာ ရွာသွန်းထားမှုကြောင့် တောင်ကျရေနှင့်အတူ တစ်ဖက်ရှိ နက်ရှိုင်းလွန်းသည့် ချောက်ကမ်းပါးအတွင်း သက်ဆင်းသွားရခြင်း၊ လမ်းအဖြစ်မှ တောင်ကျချောင်းအဖြစ် အသွင်ပြောင်းသွားခြင်း၊ မိုးရေနှင့်အတူ လမ်းအဖြစ်မှ မြေစာပုံအဖြစ် အသွင်ပြောင်းသွားခြင်း စသော အမည်နာမမျိုးစုံ တပ်ထားခြင်းခံရသည့် တောင်ပေါ်လမ်းကလေး အပေါ်မှ အားနာစွာဖြင့် အသာဖြတ်သန်းရင်း တောင်ဇလပ်တို့ရှိရာသို့ နောက်ထပ် မိုးမသည်းခင် အမြန်ခရီးနှင်ခဲ့တော့သည်။
ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၄၀၀၀ ကျော်အရောက်တွင် မိုးက သဲသဲမဲမဲ ရွာချလိုက်ပြန်သည်။ တောင်ဇလပ်တို့ ပျော်မွေ့ရာဒေသသည် တောင်ပေါ်လမ်း တစ်ခုတည်းကိုသာ အားကိုးနေရသောကြောင့် မိုးအရမ်းသဲလာသည်နှင့် တစ်ပြိုင်နက်မည်ကာမတ္တ တောင်ပေါ်လမ်းကလေးပေါ်တွင် ရှေ့ဆက်တိုး၍ မည်သို့မျှ မဖြစ်နိုင်။ အစိုးမရသည့် တောင်ပေါ်မိုးသည် ခေတ္တကြာမျှ အားရပါးရ သဲလိုက်ပြီးနောက် သူမဟုတ်သလိုပင် အဝေးသို့ ပြန်လည်ပြေးထွက်သွားပြန်သည်။ ဟိုကွေ့သည်တက် ရုန်းရင်းကန်သွားနှင့် တောင်ပေါ်လမ်းကလေးပေါ်ဝယ် တစ်နေကုန်၍ တစ်မိုးချုပ်ခဲ့သွားခဲ့လေပြီ။ သည်လိုနှင့် ဖလမ်းဆိုသော တောင်ပေါ်မြို့အကျော် တောတန်းတစ်နေရာတွင် မဖြစ်မနေ ညအိပ်ရပ်နားခဲ့ရတော့သည်။တောင်ပေါ်လင်းကြက်တွန်သံကြားသည်နှင့် တစ်ပြိုင်နက် မဝေးတော့သည့် ခရီးသို့ ထပ်မံဆက်ခဲ့ကြသည်။ တောင်ဇလပ်တို့၏ မြို့တော်သို့ ရောက်လုနီးနေသော်လည်း ရာသီဥတုဒဏ်နှင့် သယံဇာတကျိန်စာတိုက်မှုကြောင့် လမ်းပျောက်နေသည့် တောင်ပေါ်လမ်းဝယ် ဘယ်လူးညာလိမ့်နှင့်ပင် တစ်ဖက်ချောက်နက်တွင်းသို့ ကျမသွားစေရန်အတွက် တောင်းဆုပြုလျက် ဖြတ်သန်းရင်း တောင်ဇလပ်မြို့တော်အနီးသို့ ချဉ်းနင်းရောက်ရှိလာချိန်တွင် …  အရှိန်အဟုန်ပြင်းသည့် တောင်ကျရေကြောင့် ရှေ့ဆီက လမ်းကလေးမှာ တောင်ကျရေနှင့်အတူ ချောက်အတွင်းသို့ သက်ဆင်းသွားရပြန်သည်။ 
(၃)
တောင်ဇလပ်တို့ ဌာနေသို့ ပထမအကြိမ် ခြေချခွင့်ရခဲ့သည့် မြေပြန့်သားတစ်ယောက် အတွက်မူ မြင့်မားမတ်စောက်လှသည့် တောင်ပေါ်ဒေသ ဆိုးရွားလွန်းသော ဥတုရာသီနှင့် လမ်းဟုခေါ်ဆိုရန်ပင် မလွယ်ကူသည့် ရွှံ့နီစေးများအား အန်တုဖြတ်လျှောက်ရင်း သက်စွန့်ဆံဖျား ခရီးတစ်ခု အနေဖြင့် သဘာဝဘေးသင့်ဆဲ ဇလပ်မြေသို့ တစ်မိုးမချုပ်မီ ရောက်ရှိခဲ့ရလေပြီ။ ယခင်က လှပလွန်းသည့် တောင်ပေါ်မြို့ကလေးမှာ ယခုချိန်မှာဖြင့် သဘာဝတရား၏ ဒဏ်ခတ်မှုကြောင့် ဒဏ်ရာဗရပွနှင့် လူးလွန့်လှုပ်ရှားလျက် ရှိနေသည်။တောင်ကျရေနှင့် တောင်ပြိုကျမှုကြောင့် နေအိမ်ပျက်စီးသွားခဲ့ရသူများက တိုက်ပေါ်မှ မြေပေါ်သို့ သက်ဆင်းကာ ဒုက္ခသည်စခန်း၌ နေထိုင်နေရပုံအား စိတ်မကောင်းစွာဖြင့် စတင်မြင်တွေ့လိုက်ရသည်။ လမ်းတစ်လျှောက်တွင် “သဘာဝဘေးသင့် ပြည်သူများအား လှူဒါန်းကူညီ ထောက်ပံ့ရေး” ဆိုသော စာသားပါကားလေးများက ဟိုမှသည်သို့ လှုပ်ရှားသွားလာနေကြသည်။ မိမိသည်လည်း Eleven Media Group နှင့် စေတနာရှင် အလှူရှင်များက လှူဒါန်းထားသည့် ကူညီကယ်ဆယ်ထောက်ပံ့ရေး ပစ္စည်းမျိုးစုံကို တင်ဆောင်လျက် သက်စွန့်ဆံဖျားဖြင့် သဘာဝဘေးသင့်ရာ ဒေသများသို့ အခက်အခဲ မျိုးစုံကြားမှ ရောက်ရှိလာခဲ့ရလေပြီ။ တောင်ပေါ်မြို့ကလေး အပါအဝင် ကျေးရွာအများစုမှာ မကြုံဖူးသည့် ဆိုးရွားသော သဘာဝဘေးဒဏ်ကို အလူးအလဲ ခံစားလိုက်ရရှာသည်။ မြင်တွေ့နေရသည့် တောင်ဇလပ်တို့၏ မျက်နှာများက ညှိုးလျော့အားငယ်မှုများဖြင့် ကမ်းလင့်လက်တို့ကို မျှော်နေကြဆဲ…။
“နောက်တစ်ခါ ဒီလိုထပ်ဖြစ်ရင် ဘယ်လိုလုပ်ကြမလဲ၊ ခု လမ်းတွေက မကောင်းဘူး။ မြို့ကိုလာဖို့အတွက် ခြေကျင်ခရီးနဲ့ ငါးညအိပ် လာရတယ်။ တို့မှာ စားစရာ ပြတ်နေပြီ။ အစိုးရကို ပြောထားတာလည်း လာပြီး မကူညီကြဘူး။ မင်းတို့လာကူတာ ကျေးဇူးအများကြီး တင်တယ်။ ဝမ်းသာတယ်ဆိုတာကို ဘယ်လိုပြောရမလဲ မသိဘူး” ဟု ဝေးလံခေါင်ဖျားသည့် ကျေးရွာများမှ အကူညီ လာရောက်တောင်းခံခဲ့ကြသော ချင်းတောင်သူဦးကြီးများ၏ ချင်းလေသံ ခပ်ဝဲ၀ဲဖြင့် ဗမာစကားကို ကြိုးစားပြောလာသည်များကို ကြားရသောအခါ အလှူ ရှင်များကိုယ်စား လာရောက်လှူဒါန်းပေးနေရသူအတွက် ဝမ်းနည်းဝမ်းသာ ဖြစ်ရမိသည်က အမှန်ပင်။ ထို့အပြင် သူတို့၏ မျက်ဝန်းများတွင် မျှော်လင့်မထားသည့် ကူညီမှုများကြောင့် မျက်ဝန်းများ၌ ကျလုဆဲဆဲဖြစ်နေသည့် မျက်ရည်စများက အတိုင်းသား မြင်တွေ့နေရသည်။ 
(၄)
၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ကာလများတွင် မြန်မာနိုင်ငံ ဒေသအနှံ့အပြား၌ သဘာဝဘေးဒဏ်များကို သိသိသာသာ ခံစားလာကြရပြီး ငလျင်လှုပ်ခတ်မှု၊ မုန်တိုင်းတိုက်ခတ်မှု၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ရေကြီးရေနစ်မြုပ်ခြင်း အစရှိသည့် သဘာဝဘေးများ ပိုမိုကြုံတွေ့လာရကြောင်း မှတ်တမ်းများက ပြောဆိုကြသည်။ ယင်းကဲ့သို့ သဘာဝဘေးများအနက် လူသန်းပေါင်းများစွာ ထိခိုက်မှု ဖြစ်စဉ်အဖြစ် ၂၀၀၈ ခုနှစ် မေလအတွင်းက တိုက်ခတ်ခဲ့သည့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းမှာ မြန်မာနိုင်ငံ သမိုင်းတွင် အဆိုးရွားဆုံး ဖြစ်ခဲ့ရပြီး အောက်ပိုင်းဒေသများ၌ လူဦးရေသန်းနှင့်ချီ သေဆုံးခဲ့ကြရပြီး အိမ်ခြေယာမဲ့များစွာ ဖြစ်ပေါ်ခဲ့သည်။ယခု ၂၀၁၅ ခုနှစ်တွင် ဇူလိုင်လကုန်နှင့် သြဂုတ်လဆန်းပိုင်းများအတွင်း ဖြစ်ပွားခဲ့သည့် မိုးရေချိန်လက်မ စံချိန်တင်ကာ မိုးရွာသွန်းမှုများကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ကနဦးအနေဖြင့် ဆိုးရွားသည့် သဘာဝဘေးဒဏ်များ ဖြစ်ပေါ်ခဲ့ပြီး လူသေဆုံးမှု၊ နေအိမ်နစ်မြုပ်မှု၊ တောင်ပြိုကျမှုနှင့် နေအိမ်ပြိုကျမှု၊ အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုနှင့်အတူ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ရပြီး အလွန်ဆိုးရွားသည့် အခြေအနေတစ်ရပ်သို့ ရောက်ရှိချိန်မှသာ သဘာဝဘေးသင့် ဒေသများအဖြစ် အစိုးရမှ ထုတ်ပြန်ကြေညာခဲ့သည်။ လက်ရှိအချိန်တွင် ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင်လည်း ရေဘေးဒုက္ခများ ဆိုးရွားစွာ ခံစားနေကြရပြန်သည်။ ထို့ကြောင့် ၂၀၀၈ ခုနှစ်အတွင်း ကြုံခဲ့ရသည့် နာဂစ်မုန်တိုင်းကဲ့သို့ပင် ယခုအချိန်ဝယ် မြန်မာနိုင်ငံ အနှံ့အပြား၌ သဘာဝဘေးကြောင့် လူပေါင်းသန်းချီကျော်ကာ သဘာဝဘေးဒဏ် သင့်ခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်နေရဆဲဖြစ်သည်။ယင်းကဲ့သို့ သဘာဝဘေးဒဏ် ခံစားနေကြရသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတို့တွင် သက်ဆိုင်ရာ လူမှုအဖွဲ့အစည်း အသီးသီးနှင့် စေတနာရှင် အလှူရှင် ပြည်သူများမှလည်း ကူညီကယ်ဆယ်ထောက်ပံ့ရေး ပစ္စည်းများအား လှူဒါန်းမှုလုပ်ငန်းများ လုပ်ဆောင်လျက် ရှိနေကြဆဲဖြစ်ပြီး အစိုးရအဖွဲ့၏ သဘာဝဘေးသင့် ဒေသများအား စီမံခန့်ခွဲမှု အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ အားနည်းမှု စသည့် ဆောင်ရွက်ချက် အားနည်းချက်များကို သဘာဝဘေးသင့် ပြည်သူများနှင့်အတူ အများ၏ ပြင်းထန်သည့် ဝေဖန်မှုများက ဆက်တိုက်ထွက်ပေါ်နေဆဲလည်း ဖြစ်သည်။ 
(၅)
သဘာဝဘေးသင့် ဒေသတစ်ခုဖြစ်နေသည့် ချင်းပြည်နယ်သည် မြန်မာနိုင်ငံ၏ အနောက်ဘက်၌ တည်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်တို့နှင့် ထိစပ်လျက်ရှိကာ အနောက်ဘက်တွင် အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ချင်း ဆက်စပ်တည်ရှိသည်။ မြေမျက်နှာသွင်ပြင် အနေအထားအရ တောတောင်ထူထပ်ပြီး မြင့်မားမတ်စောက်လှသည့် တောင်တန်းများအပေါ်တွင် ချင်းလူမျိုးအများစု နေထိုင်အသက်မွေးကြလျက်ရှိပြီး အခြားတိုင်းရင်းသား လူမျိုးစု အနည်းငယ်လည်း နေထိုင်ကြကြောင်း မှတ်သားရသည်။
ရောက်ရှိနေသည့် ချင်းပြည်နယ်မြို့တော်သည် သဘာဝဘေးဒဏ်ကြောင့် မြို့၏ သုံးပုံနှစ်ပုံခန့်မှာ တောင်ကျရေကြောင့် နေအိမ်များ ပြိုကျခြင်း မြေအက်ကွဲကြောင်းများ ဖြစ်ပေါ်နေခြင်းတို့ကြောင့် ဆက်လက်နေထိုင်ရန် မဖြစ်နိုင်သည့် အနေအထားအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ သဘာဝဘေးကြောင့် မြို့နယ်အတွင်းရှိ အိမ်ခြေ ၆၀၀ ကျော် ပျက်စီးခဲ့ကာ လူဦးရေ ၅၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဘဝသို့ ရောက်ရှိခဲ့ပြီး ပြည်နယ်မြို့တော်နှင့် ဆက်သွယ်ထားသည့် အဓိကလမ်းပိုင်းများမှာလည်း လမ်းအဖြစ်မှ မြေစာပုံအဖြစ်သို့ ဘဝပြောင်းသွားခဲ့ကြရသည်။ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခက်ခဲသွားသည်နှင့် တစ်ပြိုင်နက် ဒေသတွင်း ကုန်စည်စီးဆင်းမှု ရပ်တန့်လုနီး အခြေအနေသို့ ဆိုက်ရောက်ခဲ့ရပြီးနောက် ထူးမခြားနား ကုန်ဈေးနှုန်းမှာလည်း နောက်ဝယ်မှ အလိုလို မြင့်တက်လာခဲ့သည်။ လတ်တလောဝယ် ဒေသတွင်း ကုန်သည်နှင့် သဘာဝဘေးသင့် ပြည်သူများအတွက် ကူညီထောက်ပံ့ရေး ပစ္စည်းများ ထောက်ပံ့ပေးသည့် အဖွဲ့အစည်းများသာ တောင်ဇလပ်မြေပေါ်၌ စွန့်စားသွားလာနေကြရသည်။သဘာဝဘေးသင့်ဆဲ တောင်ဇလပ်တို့ ဌာနေ၏ နောက်ကွယ်တွင်၊ တရားဝင်သစ်ခုတ်မှုနှင့်အတူ တရားမဝင် သစ်ခိုးခုတ်မှု၊ တောင်ယာခုတ်ယူမှု အစရှိသည့် သဘာဝလွန်လုပ်ရပ် အများစုကြောင့် မြေဆီလွှာ ပျက်စီးခြင်း၊ သဘာဝမိုးသစ်တောများ ပျက်စီးလာခြင်းနှင့်အတူ ရာသီဥတု ဖောက်ပြန်လာခြင်း စသည့် သဘာဝဂေဟစံနစ်များ ပျက်စီးလာခြင်းတို့ကြောင့် ဥတုရာသီ၏ ပုံမှန်ထက်လွန်ကဲသည့်ဒဏ်အား ခံစားလာနေရကြောင်း သဘာဝပတ်ဝန်းကျင် ပညာရှင်များ၏ ပြောဆိုထားချက်များအရ ချင်းပြည်နယ်၏ သဘာဝဘေးသင့် ဒဏ်ချက်များအနက်မှ သုံးသပ်ထုတ်နုတ် ခံစားမိလိုက်သည်။ ယင်းအပြင် ချင်းပြည်နယ်ဆိုသည်ကား မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်ပြီးပါက ဒုတိယဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး ပြည်နယ်စာရင်း၌ ပါဝင်နေပြန်သည်။ 
(၆)
သဘာဝတရား၏ ဆန့်ကျင်ရိုက်ခတ်မှုဒဏ်ကြောင့် တောင်ဇလပ်တို့၏ ဌာနေသည် ဒဏ်ရာဗရပွနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။ တောင်ပေါ်ဒေသ ဖြစ်သည်နှင့်အညီ သဘာဝရာသီ အလှတရားတို့ဖြင့် ပြည့်စုံနေခဲ့သော်လည်း ယခုပစ္စက္ခ အခြေအနေဝယ် ယခင် စာဆိုခဲ့သော အလှတရားတို့က ဆိတ်သုန်းလျက်။ တောင်ဇလပ်မြေ၏ အဖိုးအနဂ္ဂ ထိုက်တန်သည့် သဘာဝလက်ဆောင်ပစ္စည်းများ ထွက်ရှိခဲ့သော်လည်း တောင်ဇလပ်မြေ၌ပေါက်သော ပန်းသည် တောင်ဇလပ်မြေအတွက် မဟုတ်ခဲ့ရ။ လောဘသားကောင်များ ခေါ်ဆောင်ရာနှင့်အတူ တောင်ဇလပ်မြေပေါ်မှ မျက်လှည့်ပမာ ပျောက်ဆုံးသွားခဲ့ရလေသည်။ တောင်ဇလပ်မြေအတွက် ကျန်ရစ်ခဲ့သည့် လက်ဆောင်ဆိုသော အရာများက …။ဟုတ်ပါသည်။ မိုးသည်းထန်စွာ ရွာသွန်းခဲ့သော တောင်ပေါ်ဒေသတွင် မိုးရေစုပ်ယူထားနိုင်စွမ်း မရှိလေသည့် သစ်တောများကား ပျောက်ကွယ်သွားခဲ့ပြီ။ စံချိန်တင် ရွာသွန်းနေဆဲ မိုးရေချိန်လက်မများအောက်ဝယ် ဟိုးအမြင့်ဆီမှ တောင်ကမ်းပါးယံများ ပြိုကျလာသည်။ တောင်တန်းတို့အား မှီခိုနေရသည့် နေအိမ်၊ လမ်းနှင့် တောင်ယာများ တောင်ကျရေအောက် ကျပျောက်သွားခဲ့ရသည်။ တောင်ဇလပ်တို့ ငိုကြွေးနေကြရလေပြီ။ ကျပျောက်သွားသည့် အိမ်လွမ်းသင့် ဝေဒနာနှင့်အတူ အဝေးဆီသို့ မျှော်ကြရသည်။ ကမ်းလင့်လက်တို့အား ငံ့လင့်နေကြရဆဲ၊ တိမ်တောင်မြူခိုးများ အကြားက ရောင်နီကို မျှော်နေကြဆဲ။ တောင်ဇလပ်တို့ မြေပေါ်ပေါက်သော ပန်းများကို အားပါးတရ ခူးဆွတ်ခဲ့ကြသူများ ယခုချိန်တွင် ဘယ်ဆီဘယ်ဝယ်သို့ သွားရောက်လေကြနေသည် မသိ…။ 
(၇)
ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၆၀၀၀ ကျော်ရှိ တောင်ပေါ်မြို့လေး၏ အနောက်တောင်ဘက်ဆီမှ မိုးသားတိမ်လိပ်များ ညို့လာပြန်သည်။ ယခင်က တောင်ဆီမှ မိုးညို့သော်လည်း အပြုံးမပျက်ခဲ့သည့် တောင်ဇလပ်တို့ ယခုညို့နေသည့်မိုးက သူတို့အတွက် သူစိမ်းတစ်ဦးပမာ။ မကြာသေးမီက သဲသဲမဲမဲ စံချိန်တင် ရွာခဲ့သော မိုးကြောင့် တောင်ဇလပ်တို့၏ ဘဝဇာတ်ခုံ အများအပြား တောင်ကျရေနှင့်အတူ မျောပါပျောက်ဆုံးသွားခဲ့ရပြီး ဖြစ်သည့်အပြင် နောက်ထပ်တစ်ဖန် မျောပါပျောက်ဆုံးရမည် ဆိုပါက ဖြစ်နိုင်လျှင် တောင်ဇလပ်တို့ အနေဖြင့် အတတ်နိုင်ဆုံး ခေတ္တမေ့ထားချင်ပေလိမ့်မည်။ သို့သော် …။
ဆုတောင်းကား မပြည့်ခဲ့ပါ။ မိုးကား သဲသဲမဲမဲ ရွာနေပြန်သည်။ မိုးနှင့်အတူ တောင်ကျရေများက ဒေါသကြီးနေသည့်အလား အရှိန်အဟုန်ဖြင့် နေရာအနှံ့ ဖြတ်သန်းစီးဆင်းလျက် ရှိသည်။ ဤသို့ဆိုလျှင်ဖြင့် တောင်ပေါ်လမ်းမှ မြေပြန့်သို့ပြန်ရန် စီစဉ်ထားမှုကို ဖျက်လိုက်ရသည်။ ဇွတ်ပြန်ချင်လျှင်ဖြင့် မည်ကာမတ္တ တောင်ပေါ်လမ်းကလေးပေါ်ဝယ် ယာယီတဲထိုးကာ စောင့်ဆိုင်းရန်ပင်။ သို့သော်လည်း မြေပြန့်ခရီးမှ ခေတ္တခဏလာရောက်နေရသူအဖို့ အချိန်တန်က ပြန်ရမည်သာ။ပြောင်းလဲဖောက်ပြန်လာခဲ့သည့် ဥတုရာသီကြောင့် ဖြစ်ပေါ်လာခဲ့သည့် သဘာဝဘေးအောက်ဝယ် တောင်ဇလပ်တို့၏ ဘဝများစွာ ကျပျောက်သွားခဲ့ရသည်။ ယခင်က တောင်ပေါ်မိုးရေသည် တောင်ဇလပ်တို့အတွက် ချိုမြိန်သော ရေစက်များ ဖြစ်ခဲ့ပေလိမ့်မည်။ ယခုတွင် လိုသည်ထက် ပိုကဲခဲ့သည့် မိုးရေစက်များက မိုးခါးရေအဖြစ် တောင်ဇလပ်များ၏ ဘဝများစွာအား ကျပျောက်စေခဲ့သည်။ တောင်တန်းများကို ဖက်တွယ်၍ တောင်ယာအလုပ်ဖြင့် အသက်မွေးနေကြရသည့် ချင်းတောင်သူဦးကြီးများ၏ နေအိမ်အများအပြားနှင့် တောင်ယာများမှာလည်း တောင်ပြိုကျမှုနှင့်အတူ ပျောက်ဆုံးပျက်စီး သွားခဲ့ရခြင်းကြောင့် ရှေ့ဆက်ရမည့် ဘဝခရီးလမ်း များစွာအတွက် အားသစ်လောင်းပေးမည့်သူများအား မျှော်လင့်လျက် ရှိနေကြသည်။ ယခုအချိန်ထိတိုင် လမ်းပန်းဆက်သွယ်ရေးကြောင့် အခက်အခဲမျိုးစုံဖြင့် ရင်ဆိုင်နေရသည့် တောင်ဇလပ်များစွာ ကျန်ရှိနေဆဲဖြစ်သည်။ ချင်းတောင်တန်းဝယ် တောင်ဇလပ်ပန်းများ ပြန်လည်ဝေဆာ ပွင့်လန်းနိုင်ဖို့အတွက် များစွာသော အစီအမံများ လုပ်ဆောင်ရပေဦးမည်။ သို့သော် မိုးခါးရေအောက်တွင် ကျပျောက်သွားခဲ့သည့် တောင်ဇလပ်တို့၏ ဘဝများစွာကား မည်သည့်အချိန်ထိ ကျပျောက်နေရမည်လဲ ဆိုသည်ကဖြင့် …။

Most Read

Most Recent