အာဆီယံဒေသတွင်း မြန်မာနိုင်ငံသည် စီးပွားရေးလုပ်ငန်း တည်ထောင်နိုင်မှု အနည်းဆုံးဖြစ်ပြီး ၁၁၃၂ ဦးတွင် ကုမ္ပဏီတစ်ခုသာ ရှိ

အာဆီယံဒေသတွင်း မြန်မာနိုင်ငံသည် စီးပွားရေးလုပ်ငန်း တည်ထောင်နိုင်မှု အနည်းဆုံးဖြစ်ပြီး ၁၁၃၂ ဦးတွင် ကုမ္ပဏီတစ်ခုသာ ရှိ
Published 28 August 2015
ဇော်ဝေ

အာဆီယံဒေသတွင်း၌ မြန်မာနိုင်ငံသည် စီးပွားရေးလုပ်ငန်း တည်ထောင်နိုင်မှု အနည်းဆုံးဖြစ်ပြီး ပျမ်းမျှ လူ ၁၁၃၈ ယောက်တွင် ကုမ္ပဏီတစ်ခုသာ ပိုင်ဆိုင်ကြကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး က ပြောကြားသည်။“မြန်မာနိုင်ငံမှာ ကုမ္ပဏီတွေ ၄၅၀၀၀ ကျော်လောက် ရှိလာပြီးဖြစ်တဲ့အတွက် သိပ်များနေပြီလားလို့ သုံးသပ်တဲ့အခါမှာ အကျယ်ချဲ့ပြီးပြောချင်တာက ပတ်ဝန်းကျင်နိုင်ငံတွေ လှမ်းကြည့်လိုက်ရင် အာဆီယံမှာ ကုမ္ပဏီတွေ ဘယ်လောက်အထိရှိလဲ လှမ်းကြည့်တော့ ကမ္ဘောဒီးယားကို ကြည့်လိုက်ရင် လူဦးရေ ၁၅ သန်းလောက် ရှိတယ်။ ကုမ္ပဏီပေါင်းက ၁၅၆၂၀၇ ရှိတယ်။ အဲဒီတော့ လူဦးရေနဲ့ ကုမ္ပဏီအချိုးချ ကြည့်လိုက်ရင် လူဦးရေ  ၉၆ ယောက်ရှိတိုင်း  ကုမ္ပဏီတစ်ခု ရှိတယ်။ ကျွန်တော်တို့နဲ့ ကပ်လျက် ကမ္ဘော့ဒီးယားထက် ပိုဖွံ့ဖြိုးတဲ့ ထိုင်းနိုင်ငံမှာ လူဦးရေက ၆၇ သန်းရှိတယ်။  ၁ ဒသမ ၂ သန်းကျော် ရှိတယ်။ ဒါ ကျွန်တော်လွန်ခဲ့တဲ့ ငါးလလောက်က ရထားတဲ့ စာရင်းပေါ့။ လူဦးရေနဲ့ ကုမ္ပဏီအချိုးချရင် လူ ၅၄ ယောက်ရှိ တိုင်းရှိတိုင်းမှာ ကုမ္ပဏီတစ်ခုရှိတယ်။ ကျွန်တော်တို့ရဲ့ တောင်ဘက်က မလေးရှားနိုင်ငံမှာ ကုမ္ပဏီက ၁ ဒသမ ၁၃ သန်း ရှိတယ်။ လူ ၂၆ ယောက်တိုင်းမှာ ကုမ္ပဏီတစ်ခု ရှိတယ်။ ဗီယက်နမ်က လူဦးရေက သန်း ၉၀ လောက် ရှိတယ်။ ကုမ္ပဏီ ၃၇၀၀ ၁၄ ခုရှိတယ်။ လွန်ခဲ့တဲ့ ငါးလက စာရင်း။  ဗီယက်နမ်မှာ လူ ၂၄၃ ယောက်ရှိရင်  ကုမ္ပဏီတစ်ခု ရှိတယ်။ လာအို နိုင်ငံက လူဦးရေ ခုနစ်သန်း မပြည့်တစ်ပြည့်လောက် ရှိတယ်။ ကုမ္ပဏီက ၈၄၇၇၀ ရှိ တယ်။ လူ ၈၂၅ ယောက်တိုင်းမှာ ကုမ္ပဏီတစ်ခု ရှိတယ်။ မြန်မာနိုင်ငံကို ကြည့်မယ်ဆိုရင် နောက်ဆုံး သန်းခေါင်စာရင်းအရ လူဦးရေ ၅၂ သန်းပေါ့။ ကုမ္ပဏီပေါင်း ၄၅၉၁၀ ရှိတယ်။ အဲဒီတော့ မြန်မာနိုင်ငံက လူဦးရေ ၁၁၃၂ ယောက်မှာ ကုမ္ပဏီတစ်ခုပဲ ရှိတယ်။  ကိုယ့်လောက်မဖွံ့ဖြိုးတဲ့ လာအိုလည်း မမီဘူး။ ကိုယ့်ရဲ့ရှေ့ရောက်တဲ့ နိုင်ငံလည်း မမီဘူး”ဟု ဦးအောင်နိုင်ဦးက ဆိုသည်။တိုင်းပြည်တစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှုတွင် တိုင်းပြည်တစ်ခု၏ မှတ်ပုံတင်ထားသည့် ကုမ္ပဏီအရေအတွက်ကို Indicator တစ်ခုအဖြစ် တိုင်းတာကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် Register လုပ်သည့်ကုမ္ပဏီအရေအတွက်က နည်းနေသေးကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းအများစုမှာ မှတ်ပုံတင်ထားခြင်းမရှိဘဲ Informal အဖြစ် လုပ်ကိုင်နေသည့် လုပ်ငန်းများဖြစ်ကြောင်း သိရသည်။ကမ္ဘာ့ဘဏ်အုပ်စုဝင် အပြည်ပြည်ဆိုင်ရာ ငွေကြေးကော်ပိုရေးရှင်းသည် အာရှပစိဖိတ်ဒေသရှိ နိုင်ငံများ စီးပွားရေးလုပ်ရလွယ်ကူမှုနှင့် ပတ်သက်၍၂၀၁၄ ခုနှစ်  Doing Business  အဆင့် သတ်မှတ်ချက်တွင် မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၁၈၉ နိုင်ငံတွင်  ၁၈၄ နိုင်ငံမြောက်တွင် ရပ်တည်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ၂၀၁၄ ခုနှစ်ကထက် အဆင့် ခုနစ်ဆင့်သာ ပိုမိုလာပြီး အာဆီယံဒေသတွင်း နိုင်ငံများတွင် အနိမ့်ဆုံးဖြစ်ကြောင်းလည်း သိရသည်။ 

Most Read

Most Recent