မြန်မာနိုင်ငံတွင် တည်ဆောက်ရန် စီစဉ်နေသည့် မည်သည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းမျှ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) သို့ တင်ပြထားခြင်းမရှိဟု သိရ

မြန်မာနိုင်ငံတွင် တည်ဆောက်ရန် စီစဉ်နေသည့် မည်သည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းမျှ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) သို့ တင်ပြထားခြင်းမရှိဟု သိရ
Published 27 August 2015
နီလာ

မြန်မာနိုင်ငံတွင် တည်ဆောက်ရန် စီစဉ်နေသည့် မည်သည့်ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းမျှ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) သို့ တင်ပြထားခြင်းမရှိကြောင်း MIC အတွင်းရေးမှူး ဦးအောင်နိုင်ဦးက သြဂုတ် ၂၆ ရက် ညနေ ၅ နာရီက ရန်ကုန်မြို့ရှိ MIC ရုံးတွင် ပြုလုပ်သည့် သတင်းထောက်များနှင့် တွေ့ဆုံပွဲတွင် အထက်ပါအတိုင်း ပြောကြားသည်။
“ကျောက်မီးသွေးနဲ့ ပတ်သက်ရင် MIC တင်တာမရှိသေးပါဘူး” ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ ရရှိသော သတင်းများအရ မြန်မာနိုင်ငံတွင် လက်ရှိအချိန်ထိ အဆိုပြုလွှာ တင်ထားသော ကျောက်မီးသွေး စက်ရုံစီမံကိန်း ၁၁ ခုရှိသော်လည်း မည်သည့်ကျောက်မီးသွေး စက်ရုံကိုမျှ လုပ်ကိုင်ခွင့်ချထားပေးခြင်း မရှိသေးဟု သိရသော်လည်း ပြည်သူလူထုနှင့် သဘာဝပတ်ဝန်းကျင် စောင့်ထိန်းရေး သမားများကမူ မြန်မာနိုင်ငံတွင် ကျောက်မီးသွေးစက်ရုံများ ပေါ်ထွန်းလာမည်ကို စိုးရိမ်လျက်ရှိကြသည်။
လက်ရှိတွင် စူးစမ်းလေ့လာခွင့်ပြုထားသော ၁၁ ခုတွင် တနင်္သာရီတိုင်း ဒေသကြီးတွင် သုံးခု၊ ရန်ကုန်တိုင်း ဒေသကြီးတွင် လေးခု၊ ဧရာဝတီတိုင်း ဒေသကြီးတွင်တစ်ခု၊ ရှမ်းပြည်နယ်တွင်တစ်ခု၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် တစ်ခုနှင့် အခြားတစ်ခုတို့ဖြစ်ကြောင်း သိရသည်။
ပြည်တွင်း၌ ကျောက်မီးသွေးမှ လျှပ်စစ်ဓာတ်အား ထုတ်ယူမည်ဆိုပါက မြန်မာနိုင်ငံမှ ကျောက်မီးသွေးများသည် အရည်အသွေးနိမ့်သည့်အတွက် သြစတြေးလျ၊ အင်ဒိုနီးရှား စသည့် နိုင်ငံများမှ ကျောက်မီးသွေးများကို တင်သွင်းရမည်ဖြစ်ရာ စီးပွားရေးအရလည်း အကျိုးအမြတ် မရှိနိုင်ကြောင်း၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုများကိုသာ ဖြစ်ပေါ်နိုင်ကြောင်း ပညာရှင်အချို့က သုံးသပ်ကြသည်။             
ပညာရှင်တို့၏ ပြောကြားချက်အရ မြန်မာနိုင်ငံတွင် တည်ဆောက်ရန် လျာထားထားသည့် ကျောက်မီးသွေးစက်ရုံ စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပါက ယခုထွက်ရှိသည့် ကာဗွန်ဒိုင်အောက်ဆိုက် ပမာဏထက် ၁၁ ဆခန့် ပိုမိုမြင့်တက် လာနိုင်ကြောင်း သိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌ တစ်နှစ်လျှင် ကာဗွန်ဒိုင်အောက်ဆိုက် တန်ချိန် ၈ ဒသမ ၉၉၅ သန်းတန် ထွက်နေကြောင်း၊ ကျောက်မီးသွေးစက်ရုံ အားလုံးပြီးစီး သွားပါက တစ်နှစ်လျှင် ကာဗွန်ဒိုင်အောက်ဆိုက် ၉၆ ဒသမ ၆၄ သန်းတန် ထွက်ရှိလာနိုင်ကြောင်း၊ လက်ရှိထုတ်လုပ်မှု၏ ၁၁ ဆခန့် ရှိလာနိုင်ကြောင်း သတ္တုတွင်းပညာရှင် ဦးစောမိုးမြင့်က မြန်မာအစိမ်းရောင်ကွန်ရက်၏ လေးကြိမ်မြောက်တွေ့ဆုံပွဲတွင် ပြောကြားသည်။ 
 

Most Read

Most Recent