နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်များဖြင့် ပြန်လည်ပေးပို့လာသည့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်းအား ပြင်ဆင်ချက်များဖြင့် အတည်ပြုပြီး နိုင်ငံတော်သမ္မတထံ ပြန်လည်ပေးပို့မည်ဖြစ်ကြောင်း သတင်းရရှိသည်။သြဂုတ် ၂၆ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်များအား ဥပဒေကြမ်းပူးပေါင်းကော်မတီက ပြင်ဆင်ဖြည့်စွက်ခဲ့ကာ ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။အဆိုပါ ဥပဒေကြမ်းအား နိုင်ငံတော်သမ္မတက သဘောထားမှတ်ချက် ၁၇ ချက်ဖြင့် ပြန်လည်ပေးပို့လာခဲ့ခြင်းဖြစ်ပြီး ဖြည့်စွက်သင့်သည်ဟု အကြံပြုချက်များအား ထပ်မံဖြည့်စွက်ကာ အတည်ပြုခဲ့ခြင်းဖြစ်သည်။သမ္မတ၏ သဘောထားမှတ်ချက်ဖြစ်သည့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်ရရှိထားသူသည် လိုင်စင်သက်တမ်း တိုးမြှင့်နိုင်ရန်အတွက် လိုင်စင်သက်တမ်း ကုန်ဆုံးသည့်နေ့မှ ၄၅ ရက်အတွင်း သက်တမ်းတိုးပေးရန် ကောင်စီသို့ လျှောက်ထားရမည်ဆိုသည့် မှတ်ချက်အတိုင်း အတည်ပြုခဲ့သည်။ထို့ပြင် လိုင်စင်သက်တမ်း ကုန်ဆုံးပြီးနောက် သတ်မှတ်ရက်အတွင်း သက်တမ်းတိုးမြှင့်ရေးအတွက် လျှောက်ထားရန် ပျက်ကွက်ပါက ကောင်စီက သက်ဆိုင်ရာ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခွင့်ကို ရပ်စဲနိုင်သည်ဆိုသည့် မှတ်ချက်အတိုင်း အတည်ပြုခဲ့သည်။ဥပဒေကြမ်း၏ အပိုဒ် ၄၃ တွင် အများပြည်သူဝန်ဆောင်မှု ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်း၊ စီးပွားဖြစ်မဟုတ်သည့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်းနှင့် ဌာနပိုင် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်းတို့၏ လိုင်စင်ကြေးကို သီးခြားသတ်မှတ်ပေးရမည်။ (ခ) စီးပွားရေးအရ ထုတ်လွှင့်သည့် “ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်းနှင့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း အစီအစဉ်ဖြန့်ဖြူးရေး ဝန်ဆောင်မှုလုပ်ငန်းတို့၏ လိုင်စင်ကြေးကို အဖွဲ့၏ သဘောတူညီချက်အရ သီးခြားသတ်မှတ်ပေးရမည်ဟု ပြင်ဆင်ဖြည့်စွက်ကာ အတည်ပြုခဲ့သည်။ ဥပဒေကြမ်း၏ အခန်း (၁၀) ၏နောက်တွင် အခန်း (၁၁) အပိုဒ် ၈၉ တွင် ပုဒ်မ ၃၆၊ ၃၈၊ ၄၀၊ ၈၆၊ ၈၇ ပြဋ္ဌာန်းချက်များအရ ကောင်စီ၏ ဆုံးဖြတ်ချက်ကို မကျေနပ်သူသည် ဆုံးဖြတ်ချက်ချမှတ်သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း သတ်မှတ်ချက်များနှင့်အညီ နိုင်ငံတော်သမ္မတထံ အယူခံနိုင်သည်ဟု ထပ်မံဖြည့်စွက်ကာ အတည်ပြုခဲ့ကြောင်း သိရသည်။ကောင်စီတွင် နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့မှ သုံးဦးစီ အမည်စာရင်း တင်သွင်းကာ ဖွဲ့စည်းရမည်ဖြစ်ကြောင်း သိရသည်။နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်များဖြင့် ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်ပေးပို့လာသည့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်ချက်များဖြင့် အတည်ပြုခဲ့ပြီး နိုင်ငံတော်သမ္မတထံ ပြန်လည်ပေးပို့သွားမည်ဖြစ်သည်။
သဘောထားမှတ်ချက်များဖြင့် ပြန်လည်ပေးပို့လာသော ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်းအား ပြင်ဆင်ချက်များဖြင့် အတည်ပြုပြီး သမ္မတထံ ပြန်လည်ပေးပို့မည်