စက်ရုံပေါင်း ၃၉ ခု လုပ်ကိုင်ခွင့် ရရှိထားသည့် သီလဝါအထူးစီးပွားရေးဇုန်ရှိ လုပ်ငန်းများ စတင်လည်ပတ်မည့် ပထမအဆင့် ဖွင့်ပွဲကို ရွေးကောက်ပွဲမတိုင်ခင် ပြုလုပ်သွားမည်

စက်ရုံပေါင်း ၃၉ ခု လုပ်ကိုင်ခွင့် ရရှိထားသည့် သီလဝါအထူးစီးပွားရေးဇုန်ရှိ လုပ်ငန်းများ စတင်လည်ပတ်မည့် ပထမအဆင့် ဖွင့်ပွဲကို ရွေးကောက်ပွဲမတိုင်ခင် ပြုလုပ်သွားမည်
Published 26 August 2015
ဖြိုးဝေ

ဂျပန်၊ အမေရိကန် အစရှိသည့် နိုင်ငံများ အပါအဝင် နိုင်ငံများမှ စက်ရုံပေါင်း ၃၉ ခု ဝင်ရောက်မြှုပ်နှံခွင့် ရရှိထားသည့် သီလဝါ အထူးစီးပွားရေးဇုန် ပထမအဆင့် အတွင်းရှိ စက်ရုံများ လည်ပတ်မည့် ဖွင့်ပွဲကို လာမည့် ရွေးကောက်ပွဲ မတိုင်ခင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီမှ အတွင်းရေးမှူး ဒေါက်တာသန်းအောင်နှင့် တွဲဖက်အတွင်းရေးမှူး ဒေါ်သန်းသန်းသွယ်တို့က သြဂုတ် ၂၆ ရက်တွင် ပြောကြားသည်။ဂျပန်၊ ဟောင်ကောင်၊ ထိုင်း၊ အမေရိကန်၊ မြန်မာ၊ ပြင်သစ်၊ ဆွီဒင်၊ တရုတ်၊ သြစတြေးလျ အစရှိသည့် နိုင်ငံများမှ စက်ရုံပေါင်း ၃၉ ရုံတို့အား ဝင်ရောက်မြှုပ်နှံခွင့် ပြုထားသည့် သီလဝါအထူးစီးပွားရေးဇုန် စီမံကိန်း လုပ်ငန်းများ လည်ပတ်သည့် ဖွင့်ပွဲအတွက် လက်ရှိအချိန်တွင် မိုးရာသီဖြစ်နေခြင်းနှင့် တည်ဆောက်နေသည့် စက်ရုံများ ပြီးစီးရန် စောင့်ဆိုင်းနေခြင်းကြောင့်ဖြစ်ကြောင်း ဒေါ်သန်းသန်းသွယ်က ပြောကြားသည်။“အခုက မိုးတွင်းလည်း ဖြစ်နေတယ်။ စက်ရုံတွေကလည်း အပြီးသတ်ဖို့ အချိန်စောင့်နေရတယ်ဆိုတော့ ဖွင့်ဖို့ တိုင်ပင်နေတယ်။ ရွေးကောက်ပွဲမတိုင်ခင် ဖွင့်လှစ်သွားမယ်” ဟု ဒေါ်သန်းသန်းသွယ်က ပြောကြားသည်။လက်ရှိအချိန်တွင် သီလဝါ အထူးစီးပွားရေးဇုန်အတွင်း လာရောက်မြှုပ်နှံထားသည့် လုပ်ငန်းများမှာ အဝတ်အထည်လုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း၊ ပလတ်စတစ်လုပ်ငန်း၊ အစားအသောက်နှင့် ဆေးဝါးထုတ်လုပ်ငန်း၊ ကားနှင့် ကားပစ္စည်းလုပ်ငန်း အစရှိသည့် လုပ်ငန်းများ ပါဝင်နေကြောင်း ဒေါ်သန်းသန်းသွယ်က ဆိုသည်။“အောက်တိုဘာလထဲမှာ ဖွင့်လှစ်ဖြစ်ဖို့ ရှိပါတယ်” ဟု ဒေါက်တာသန်းအောင်က ဆိုသည်။သီလဝါအထူးစီးပွားရေးဇုန်အပိုင်း (က) ၃၉၆ ဟက်တာအား ပထမအဆင့် (၂၁၁) ဟက်တာ၊ ဒုတိယအဆင့် ဟက်တာ ၁၅၀ နှင့် လူနေရပ်ကွက်နှင့် စီးပွားရေးနယ်မြေအဖြစ် ၃၅ ဟက်တာကို ခွဲဝေအသုံးပြုသွားမည်ဖြစ်ပြီး သီလဝါအထူးစီးပွားရေးဇုန် ပထမအဆင့်အတွင်း စက်ရုံအလုပ်ရုံများသာမက ရဲစခန်း၊ မီးသတ်စခန်းများအပြင် နိုင်ငံတကာအဆင့်မီ စာသင်ကျောင်း၊ ဆေးရုံ၊ ဈေးဝယ်စင်တာ၊ ကွန်ဒိုမီနီယံနှင့် အဆင့်မြင့် လူနေအိမ်များပါ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent