နိုင်ငံအတွင်းရှိ ကုမ္ပဏီများ လုပ်ငန်းဆက်လုပ်မည် ဆိုပါက မှတ်ပုံတင်သက်တမ်း ကျန်ရှိသည်ဖြစ်စေ ကုန်ဆုံးသည်ဖြစ်စေ လာရောက်အကြောင်းကြားရန် DICA ထုတ်ပြန်

နိုင်ငံအတွင်းရှိ ကုမ္ပဏီများ လုပ်ငန်းဆက်လုပ်မည် ဆိုပါက မှတ်ပုံတင်သက်တမ်း ကျန်ရှိသည်ဖြစ်စေ ကုန်ဆုံးသည်ဖြစ်စေ လာရောက်အကြောင်းကြားရန် DICA ထုတ်ပြန်
Published 26 August 2015

မြန်မာနိုင်ငံအတွင်းရှိ ကုမ္ပဏီများ အနေနှင့် လုပ်ငန်းဆက်လက်လုပ်ကိုင်မည် ဆိုပါက မှတ်ပုံတင်သက်တမ်း ကုန်ဆုံးသည်ဖြစ်စေ၊ မှတ်ပုံတင်သက်တမ်း ကျန်ရှိသည်ဖြစ်စေ လာရောက်အကြောင်းကြားရန်နှင့် အကြောင်းကြားမှု မရှိပါက မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA) က သတင်းထုတ်ပြန်သည်။  အဆိုပါ ကြေညာချက်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနသည် ကုမ္ပဏီများ ဖွဲ့စည်းမှတ်ပုံတင်ခြင်း လုပ်ငန်းများအား ကုမ္ပဏီ အက်ဥပဒေများနှင့်အညီ ဖွဲ့စည်းမှတ်ပုံတင်ပေးနေကြောင်းနှင့် အဆိုပါ ဖွဲ့စည်းမှတ်ပုံတင်ပြီးသော ကုမ္ပဏီများ အနေဖြင့် မှတ်ပုံတင်သက်တမ်း ကျန်ရှိသည် ဖြစ်စေ၊ မှတ်ပုံတင်သက်တမ်း ကုန်ဆုံးသည် ဖြစ်စေ လုပ်ငန်းဆက်လက်လုပ်ကိုင် ဆောင်ရွက်လျက် ရှိပါက ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (ရုံးချုပ်) နှင့် ရုံးခွဲများသို့ သတင်းပေးပို့ ဆက်သွယ်ဆောင်ရွက်ရန်နှင့် သတင်းပေးပို့ခြင်း မရှိသော ကုမ္ပဏီများအား မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။စက်တင်ဘာ ၁၄ ရက် နောက်ဆုံးထား၍ ရန်ကုန်ရုံးချုပ်၊ နေပြည်တော်ရုံး၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံး ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနဝင်းနှင့် မွန်ပြည်နယ် ဦးစီးမှူးရုံးသို့ လာရောက်သတင်းပေးပို့နိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။မြန်မာနိုင်ငံတွင် ကုမ္ပဏီပေါင်း လေးသောင်းခန့် မှတ်ပုံတင်ထားပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း ကုမ္ပဏီပေါင်း ၁၅၀၀၀ ခန့်သာ အမြတ်ပြ အခွန်ဆောင်ခဲ့ကာ အချို့သောကုမ္ပဏီများမှာ လိပ်စာလိမ်လည်ကာ အမှန်တကယ် အခွန်ထမ်းဆောင်ခြင်း မရှိဘဲ အခွန်ရှောင်နေသည့် ကုမ္ပဏီအများအပြား ရှိခဲ့ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

Most Read

Most Recent