နှစ် ၄၀ နီးပါး ပြန်ဆပ်ရမည့် ချေးငွေများချေးနေမှုသည် နောက်အစိုးရရှစ်ဆက်အထိ အကြွေးများရှိနေမည်ဖြစ်သည့်အတွက် မလိုအပ်သည့် စီမံကိန်း၊ အသုံးစရိတ်များကို ဖြတ်တောက်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်ဆွေးနွေး

နှစ် ၄၀ နီးပါး ပြန်ဆပ်ရမည့် ချေးငွေများချေးနေမှုသည် နောက်အစိုးရရှစ်ဆက်အထိ အကြွေးများရှိနေမည်ဖြစ်သည့်အတွက် မလိုအပ်သည့် စီမံကိန်း၊ အသုံးစရိတ်များကို ဖြတ်တောက်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်ဆွေးနွေး
Published 25 August 2015
စိုးမင်းထိုက်၊ ကျော်ဇင်ဝင်း၊ မျိုးမင်းထက်

နှစ် ၄၀ နီးပါးပြန်ဆပ်ရမည့် ချေးငွေများချေးနေမှုသည် နောက်အစိုးရရှစ်ဆက်အထိ အကြွေးများရှိနေမည်ဖြစ်သည့်အတွက် မလိုအပ်သည့်စီမံကိန်း၊ အသုံးစရိတ်များကို ဖြတ်တောက်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးက ပြောကြားသည်။သြဂုတ် ၂၅ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လျှပ်စစ်ဝန်ကြီးဌာနနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနများ၏ ပြည်ပချေးငွေများနှင့်ပတ်သက်ပြီး ဆွေးနွေးစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။    ဒေါ်တင်နွယ်ဦးက "လျှပ်စစ်ဝန်ကြီးဌာနက ဝန်ကြီးဌာနတွေထဲမှာ ကြည့်မယ်ဆိုရင် အကြွေးအမျိုးအမည်အများဆုံး ဝန်ကြီးဌာနဖြစ်ပါတယ်။ အရင်တုန်းကလည်း သထုံဓာတ်အားပေးစက်ရုံအတွက်ဆိုပြီး ကမ္ဘာ့ဘဏ်ကနေ ဒေါ်လာသန်း ၁၄၀ ချေးခဲ့ပါတယ်။ ဂျပန်နိုင်ငံကနေလည်း ယန်း ၂၉ ဘီလျံ ချေးထားပါတယ်။ တရုတ်နိုင်ငံကနေလည်း ဒေါ်လာ ၅၇ သန်းကျော် ချေးထားတာရှိပါသေးတယ်။အာရှဖွံ့ဖြိုးရေးဘဏ်ကလည်း ဒေါ်လာသန်း ၆၀၊ အခုနောက်ဆုံး အာရှဖွံ့ဖြိုးရေးဘဏ်ကနေလည်း ဒေါ်လာ ၂၉၄ ဒသမ ၃၇၈ သန်းချေးထားပါတယ်။ နောက်ထပ်လည်း ထပ်ပြီးချေးဦးမယ့်၊ လာဦးမယ့်ချေးငွေများလည်း ရှိပါသေးတယ်" ဟုဆွေးနွေးသည်။    ဆက်လက်ပြီး "အစိုးရဘတ်ဂျက်ကနေ သုံးထားတာတွေလည်းရှိပါတယ်။ ဒါတွေကိုပြန်ဆပ်ဖို့လည်း ရှိပါသေးတယ်။ ချေးငွေတစ်ရပ်ကိုစဉ်းစားမယ်ဆိုရင် ချေးပြီးမတိုင်ခင်နဲ့ ချေးပြီးရင် ဘာတွေလုပ်မယ်ဆိုပြီး အကြီးအကျယ်တွေပြောတာရှိပါတယ်။ ဒါပေမဲ့ တကယ့်တကယ်ကျတော့ ဝင်ငွေရှိမှ ချေးလို့ရမှာဖြစ်ပါတယ်။ ဝင်ငွေမရှိဘဲချေးသုံးထားရင် ဘယ်ကပိုက်ဆံနဲ့ပြန်ဆပ်မလဲ။ နောက်ပြီးတော့ နှစ် ၄၀ နီးပါး ပြန်ဆပ်မယ့်အသုံးစရိတ်ဆိုရင် နောက်တက်လာမယ့် အစိုးရရှစ်ဆက်အထိ အကြွေးတွေရှိနေမှာဖြစ်ပါတယ်။ စီမံကိန်းတွေကိုကြည့်ရင်လည်း ပြီးစီးတဲ့စီမံကိန်းက နည်းပါတယ်။ ပြီးစီးတဲ့ရာခိုင်နှုန်းက အလွန်နည်းတဲ့ရာခိုင်နှုန်းဖြစ်ပါတယ်" ဟုဆွေးနွေးသည်။    ထို့အတွက် မလိုအပ်သည့်အသုံးစရိတ်များ၊ စီမံကိန်းများကို ဖြတ်တောက်သင့်ကြောင်း၊ အပိုသုံးမည့်အသုံးစရိတ်များကို ခွင့်မပြုသင့်ကြောင်း ဆွေးနွေးသည်။    ဒေါ်တင်နွယ်ဦးက မွေးရေဝန်ကြီးဌာနအနေဖြင့် ယခုချေးသည့် ကျေးလက်ဒေသမီးလင်းရေးအတွက် ကမ္ဘာ့ဘဏ်မှ ဒေါ်လာသန်း ၉၀ ချေးရန်ဖြစ်ကြောင်း၊ သန်း ၉၀ ဆိုတာ နည်းသည့်ပမာဏမဟုတ်ကြောင်း၊ ကျေးရွာ ၂၉၄၄ ရွာမီးလင်းမည်ဆိုသည်မှာ အလွန်ကောင်းသည့် စီမံကိန်းဖြစ်ကြောင်း၊ စီမံကိန်းကကောင်းသော်လည်းပဲ မွေးရေဝန်ကြီးဌာနအနေဖြင့် ဒီအရင်မှာလည်း ကမ္ဘာ့ဘဏ်ကနေပဲ ကျေးလက်နဲ့ လူထုဗဟိုပြုစီမံကိန်းဆိုပြီး သန်း ၄၀၀ ချေးခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၁၃-၂၀၁၄ မှာလည်း အီတလီက အမေရိကန်ဒေါ်လာ သန်း ၂၀ ချေးခဲ့ကြောင်း၊ ဒါ့အပြင် အစိုးရဘတ်ဂျက်ကနေ သုံးထားတာလည်းရှိကြောင်း၊ ပြီးခဲ့သည့် ၂၀၁၃-၂၀၁၄ ရှေ့ပြေးအမှန်ချေး ငွေကျပ် ၁၁၆၃ သန်းရှိပြီး ကျပ် ၂၉၃ သန်းပဲဆပ်ကြောင်း၊၂၀၁၄-၂၀၁၅ မှာလည်း ကျပ်သန်းပေါင်း နှစ်သောင်းကျော်ချေးထားပြီးတော့ ကျပ်သန်းပေါင်း ၆၀၀ ကျော်ပဲ ပြန်ဆပ်ထားသည်ကို တွေ့ရကြောင်း၊ ၂၀၁၅-၂၀၁၆ မှာဆိုရင်လည်း ကျပ်သန်းပေါင်းနှစ်သောင်းကျော် ချေးထားကာ ကျပ် ၅၇၄ သန်းပဲ ဆပ်မည်ဟုဖော်ပြထားသည်ကို တွေ့ရှိရကြောင်း ဒေါ်တင်နွယ်ဦးက ဆွေးနွေးသည်။    "အဲဒီတော့ မွေးရေဝန်ကြီးဌာနအနေနဲ့ သမ္မတရဲ့သီးသန့်ရန်ပုံငွေပေါ့။ ရုတ်တရက်သုံးရမယ့် သီးသန့်ရန်ပုံငွေကနေ ၂၀၁၂-၂၀၁၃ မှာ ကျပ်သန်းပေါင်းခြောက်ထောင်ကျော်၊၂၀၁၃-၂၀၁၄ ဘတ်ဂျက်မှာလည်း လုပ်ငန်းနှစ်ခုအတွက်ဆိုပြီး ကျပ်သန်းတစ်သောင်းလောက် ချေးထားပါသေးတယ်။ ၂၀၁၅-၂၀၁၆ မှာလည်း ကျပ်သန်းပေါင်း လုပ်ငန်းလေးခုအတွက်ဆိုပြီး ကျပ်သန်းပေါင်းထောင်ဂဏန်း ချေးထားတာတွေ့ရပါတယ်။ အဲဒီတော့ ကျေးလက်ဒေသမီးလင်းရေးအတွက်ဆိုတာ အလွန်ကောင်းသော်လည်းပဲ ကိုယ်စားလှယ်တော်များ စဉ်းစားလို့ရအောင် တင်ပြခြင်းဖြစ်ပါတယ်" ဟု ဒေါ်တင်နွယ်ဦးက ဆွေးနွေးသည်။    နိုင်ငံတော်သမ္မတထံမှ ပေးပို့လာသည့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနအတွက် ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၉၀ နှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနများအတွက် ကမ္ဘာ့ဘဏ်ထံမှ အမေရိကန်ဒေါ်လာ သန်း ၃၁၀ ချေးယူခွင့်အား ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။    အဆိုပါချေးငွေများအတွက် ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်ကိုးဦး ဆွေးနွေးခဲ့ကြောင်း၊ ထောက်ခံဆွေးနွေးမှုများပြားခဲ့ကြောင်း၊ ချေးငွေများအား အကျိုးရှိစွာသုံးစွဲရန် လိုအပ်ကြောင်း ကိုယ်စားလှယ်များကဆွေးနွေးသည်။