စက်မှုလုပ်ငန်းဥပဒေကြမ်း ပြည်သူ့လွှတ်တော်သို့တင်သွင်း

စက်မှုလုပ်ငန်းဥပဒေကြမ်း ပြည်သူ့လွှတ်တော်သို့တင်သွင်း
Published 25 August 2015
ကျော်ဇင်ဝင်း၊ မျိုးမင်းထက်

စက်မှုလုပ်ငန်းဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီက လွှတ်တော်သို့တင်သွင်းခဲ့သည်။    ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့်စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီက နေပြည်တော်တွင် သြဂုတ် ၂၅ရက်ကပြုလုပ်သည့် ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် အထက်ပါဥပဒေကြမ်းကို တင်သွင်းခဲ့ခြင်းဖြစ်သည်။    စက်မှုလုပ်ငန်းဥပဒေကြမ်းနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီက အစီရင်ခံစာဖတ်ကြားရာတွင် စိုက်ပျိုးရေးကိုအခြေခံသော စက်မှုလယ်ယာကဏ္ဍတိုးတက်စေခြင်းနှင့် အကြီးစားစက်မှုလုပ်ငန်းများ တည်ထောင်ခြင်းဖြင့် စက်မှုနိုင်ငံတည်ဆောက်ရန်၊ မိုက်ခရို၊ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများကို တိုးတက်သောနည်းပညာများဖြင့် ဖွံ့ဖြိုးစေပြီး နိုင်ငံတော်၏စီးပွားရေးကို အရှိန်အဟုန်မြှင့်တင်ရန်၊ အလုပ်အကိုင်အခွင့်အလမ်းများနှင့် ပြည်သူတစ်ဦးချင်း၏ ပုံမှန်ဝင်ငွေတိုးတက်စေရန်၊ ကျေးလက်ဒေသထွက်ကုန်များအား တန်ဖိုးမြှင့်ထုတ်လုပ်စေခြင်းဖြင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရန် စသည့်ရည်ရွယ်ချက်များဖြင့် ရေးဆွဲထားခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်ဟု ဖော်ပြထားသည်။    စက်မှုလုပ်ငန်းဥပဒေကြမ်း၏ အခန်း (၇) အပိုဒ် ၁၅ အဖြစ် ဥပဒေကြမ်းကော်မတီက " ၁၅။ အထောက်အကူပြုကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် (က) အထောက်အကူပြုကော်မတီသည် စက်မှုဇုန်တည်ထောင်နိုင်ရေး သို့မဟုတ် စက်မှုဇုန်သတ်မှတ်နိုင်ရေးအတွက် သင့်လျော်သည့်နေရာ၊ လိုအပ်သည့်နယ်မြေဧရိယာ၊ အကျယ်အဝန်းနှင့် နယ်နိမိတ်ပိုင်းခြားသတ်မှတ်နိုင်ရေးတို့ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ပေးခြင်း" ဟုပြင်ဆင်ထားသည်။    ဥပဒေကြမ်းကော်မတီ၏ အသစ်ဖြည့်စွက်ချက်ဖြစ်သည့် ဥပဒေကြမ်း၏ အပိုဒ် ၁၅ အပိုဒ်ခွဲ (ဆ) နိုင်ငံတော်၏လိုအပ်ချက်အရ ကန့်သတ်ထားသည့် စက်မှုလုပ်ငန်းများကို ထုတ်ပြန်နိုင်ရန်နှင့် လုပ်ငန်းလိုင်စင်ရယူရန် လိုအပ်ချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊ အပိုဒ်ခွဲ (ဇ) ယာယီမှတ်ပုံတင်ကြေး၊ မှတ်ပုံတင်ကြေးနှင့် မှတ်ပုံတင်သက်တမ်း တိုးမြှင့်ခသတ်မှတ်ခြင်း" ဟူ၍ ထည့်သွင်းထားသည်။    ဥပဒေကြမ်းကော်မတီက စက်မှုလုပ်ငန်းဥပဒေကြမ်း၏ အခန်း ၂၀  အပိုဒ် ၅၈ အဖြစ် ပုဒ်မ ၅၆ အရ ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူသည် ယင်းပြစ်မှုကို ဆက်လက်ကျူးလွန်ပါက တစ်ရက်လျှင် ငွေဒဏ်ကျပ်ငါးသောင်းနှုန်းဖြင့် ကျူးလွန်သည့်ကာလ အများဆုံး ရက် ၉၀ အထိ ဒဏ်ရိုက်ရမည်။ ၎င်းရက်ထက်ကျော်လွန်ပါက လုပ်ငန်းအား ပိတ်သိမ်းရမည်ဟု ပြင်ဆင်ရေးဆွဲထားသည်။    ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီက တင်သွင်းသည့် စက်မှုလုပ်ငန်းဥပဒေကြမ်းနှင့်ပတ်သက်ပြီး ပြင်ဆင်ချက်အဆိုတင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အမည်စာရင်းတင်သွင်းရန် ကြေညာထားသည်။