တောင်ပြုံး မင်းနှစ်ပါးပွဲတော်သို့... ရထားဖြင့်သွားခဲ့သည် ...

တောင်ပြုံး မင်းနှစ်ပါးပွဲတော်သို့... ရထားဖြင့်သွားခဲ့သည် ...
Published 25 August 2015
■ သက်ထွန်းအောင်(မန္တလေး)

တောင်ပြုံးမင်းနှစ်ပါးပွဲတော်ကို အရင်က ဆိုင်ကယ်နဲ့ သွားနေကြဖြစ်ပေမယ့် ဒီနှစ်တော့ ရထားနဲ့ သွားဖြစ်ခဲ့တယ်။ မန္တလေးကနေ တောင်ပြုံးကို ရထားနဲ့ သွားမယ်ဆိုရင် ကျုံးမြောက်ဘက်က သူရဲဈေးဘူတာကနေ သွားလို့ရပါတယ်။ ရထားနဲ့ သွားတာဟာ ယာဉ်ကြောကျပ်တာကို ရှောင်နိုင်သလို ရထားလက်မှတ်ခက ကျပ် ၁၀၀ တည်းဆိုတော့ ကုန်ကျစရိတ် သက်သာတယ်ဆိုတာလည်း သိခဲ့ရပါတယ်။ကျွန်တော် ဘူတာကို မနက် ၈ နာရီခွဲလောက် ရောက်သွားချိန်မှာ တောင်ပြုံးသွားမယ့် လူတွေနဲ့ ရှုပ်ယှက်ခတ်နေပါတယ်။ ဘူတာထဲက ခရီးသည်တွေကို ဓာတ်ပုံရိုက်နေတုန်း ရထားစက်ခေါင်းမောင်းတဲ့သူက “ညီလေး ဒီရထားက တောင်ပြုံးသွားမယ့်ရထား အမြန်တက်တော့” လို့ ပြောပါတယ်။ကျွန်တော်လည်း တွေ့တဲ့ရထားတွဲပေါ်ကို မနည်းတိုးဝှေ့ တက်ခဲ့ရတယ်။ ရထားတွဲရဲ့ အလယ်လောက်မှာ ပြတင်းပေါက်နားက ထိုင်ခုံမှာ ထိုင်လိုက်ပါတယ်။ ရထားထွက်ချိန် ၈ နာရီ မိနစ် ၅၀ ဆိုတဲ့အတိုင်း တိတိကျကျ ထွက်ပါတယ်။ကျွန်တော်ငယ်ငယ်က  မိဘတွေနဲ့ လားရှိုးသွားတုန်းကပဲ ရထားစီးခဲ့ဖူးတာပါ။ အခုတစ်ခါဟာ ကျွန်တော့်ဘဝမှာ ဒုတိယအကြိမ် ရထားစီးဖူးခြင်းပါ။ စီးနေကျ မဟုတ်တာကြောင့် ခေါင်းမူးသလို ခံစားရပါတယ်။ မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ကျွန်တော့်ကို “ခေါင်းမူးနေတာလား အစ်မဆီမှာ ချိုချဉ်ပါတယ်။ စားမလား” ဆိုပြီးပေးတော့ ကျွန်တော်လည်း မငြင်းဘဲ လှမ်းယူလိုက်ပါတယ်။“အစ်မက နှစ်တိုင်းတောင်ပြုံးကို ရထားနဲ့ သွားနေကျလေ။ အရင်နှစ်က ရပ်ကွက်ထဲက ကားနဲ့သွားတာ လမ်းမှာတင် တော်တော်လေး အချိန်ကုန်သွားတယ်။ ကားကလည်း တောင်ပြုံးနဲ့ တော်တော်လေးဝေးတဲ့နေရာမှာရပ်တော့ ခြေကျင်လျှောက်လိုက်ရတာ တော်တော်လေးကို မောသွားတယ်” ဆိုပြီး ပြောပါတယ်။     ရထားပေါ်မှာ ဒီဗွီဒီခွေရောင်းတဲ့သူ နှစ်ယောက်က မြန်မာနိုင်ငံမှာ ရုပ်ရှင်ရိုက်သွားတဲ့ အိန္ဒိယဇာတ်ကား AjEGAj ကို ဗီနိုင်းတွေကိုင်ပြီး လိုက်ရောင်းနေပါတယ်။ သူတို့က စကားပြောကောင်းတော့ ခရီးသည်တွေရဲ့ ပိုက်ဆံအိတ်ထဲက ပိုက်ဆံတွေဟာ သူတို့ဆီကို ခုန်ထွက်ကုန်တာပေါ့။ရထားပေါ်မှာ ခွေရောင်းတဲ့သူတွေအပြင် ဗေဒင်ဟောစာတမ်း ရောင်းတဲ့သူတွေ၊ သွားတိုက်ဆေးရောင်းတဲ့သူတွေ၊ ကြေးချွတ်ဆေးရောင်းချသူတွေ၊ ကွမ်းယာသည်၊ ရေခဲချောင်းသည် စတဲ့ဈေးသည် အမျိုးစုံအောင် တွေ့ခဲ့ရပါတယ်။ပြတင်းပေါက်ကနေ အပြင်မြင်ကွင်းကို ကြည့်လိုက်တော့ ကျွန်တော့်ရင်ထဲမှာ တော်တော်လေး ထိတ်လန့်သွားမိတယ်။ သံလမ်းဘေးက လမ်းဘေးဈေးသည်တွေဟာ ရထားနဲ့ လွတ်တယ်ဆိုရုံလေး ကပ်ပြီးရောင်းချကြတယ်။ ‘ပိုက်ဆံကြဲပါဗျို့’ လို့ အော်နေတဲ့ ကလေးတွေဟာ အန္တရာယ်ကို မမြင်တာလား၊ မကြောက်တာဘဲလားတော့ မပြောတတ်ဘူး။ ကျွန်တော့်မှာ သူတို့ကိုကြည့်ရင်း စိုးရိမ်စိတ်တွေ ဝင်နေတယ်။ရထားနံရံပေါ်မှာ “ဆေးလိပ်သောက်ခွင့် မရှိသောနေရာ၊ ဖောက်ဖျက်ပါက ဥပဒေအရ အပြစ်ပေးခြင်း ခံရမည်” ဆိုတဲ့ ဆိုင်းဘုတ်ကြောင့်လား မသိ။ ဆေးလိပ်သောက်တဲ့သူ တစ်ယောက်မှ မတွေ့ခဲ့ရပါဘူး။ရထားက အိုးဘိုဘူတာ၊ မြနန္ဒာဘူတာ၊ ကဘိုင်ဘူတာတွေ ဖြတ်လာခဲ့တယ်။ စီးချိန် ၄၅ မိနစ်လောက် အကြာမှာ တောင်ပြုံးဘူတာကို ရောက်ခဲ့ပါတယ်။ ရထားပေါ်ကနေ ပွဲဈေးတန်းတစ်လျှောက်မှာ တစ်ယောက်ကိုတစ်ယောက် တိုးဝှေ့သွားလာနေကြတာ လှမ်းမြင်နေရပါတယ်။ ရထားက တောင်ပြုံးဘူတာမှာရပ်တော့ ကျွန်တော့်စိတ်ထဲမှာ ပျော်သလို ခံစားရပါတယ်။ပွဲဈေးတန်းမှာ အသက်ကြီးကြီး အမျိုးသမီးကြီးတစ်ဦးက ဂျပ်စက္ကူနဲ့ လုပ်ထားတဲ့ ကလေးဆောင်း ဗန္ဓုလဦးထုပ်ကို ဆေးရောင်ခြယ်နေတာကို တွေ့လိုက်ရပါတယ်။ စုတ်ချက်ကြမ်းကြမ်းနဲ့ လှိုင်းတွန့်လေးတွေ ဖော်နေပြီး  ‘ချစ်တောင်ပြုံး’ ဆိုတဲ့ စကားလုံးကို အနီခံပေါ်မှာ အဖြူရောင်နဲ့ ရေးနေပါတယ်။  သူမရဲ့ လုပ်ပုံကိုင်ပုံကြည့်ရတာ ဒီအလုပ်ကို နှစ်ပေါင်းများစွာ လုပ်လာတဲ့ပုံပါပဲ။ တကယ်တော့ ကျွန်တော်တို့ ငယ်ငယ်ကတည်းက တောင်ပြုံးပွဲက ပြန်လာရင် ဗန္ဓုလဦးထုပ်နဲ့ ဓားဟာ ကလေးတွေအတွက် မပါမဖြစ်ပါပဲ။ပွဲဈေးတန်းမှာ ဆက်လျှောက်ရင်း “မြွေလိမ္မာလေးများအတွက် အစာဖိုး အလှူခံပါသည်” ဆိုတဲ့ စာရွက်လေးကို ပလတ်စတစ်ကတ်လောင်းပြီး ချိတ်ဆွဲထားတာကိုလည်း တွေ့ရပါတယ်။ အမျိုးသားတစ်ဦးက မြွေကြီးနှစ်ကောင်ကို ပိုင်ပိုင်နိုင်နိုင် ကိုင်ထားပါတယ်။ သူတို့ဟာ ပဲခူးမြို့ကနေ လာတာဆိုတာကိုလည်း သိခဲ့ရပါတယ်။ လူတွေကလည်း မဝံ့မရဲနဲ့ ဖုန်းတွေနဲ့ ဓာတ်ပုံရိုက်ကြတယ်။ အစာဖိုး အလှူငွေလည်း ထည့်ကြပါတယ်။ရွှေရောင်အဆင်းရှိသည့် ဆွဲကြိုးအမှတ်တရ ပစ္စည်းများ၊ လက်ဆောင်ပစ္စည်းများနဲ့ ထိုးမုန့်၊ စလူမုန့်၊ သကြားအနုဆုတ်၊ မလိုင်၊ ကရေကရာ စသည်တွေကို ဝယ်ယူနေကြတာကို တွေ့ခဲ့ရပါတယ်။ဘူတာကနေ ပွဲဈေးတန်းတစ်လျှောက် တိုးရင်းဝှေ့ရင်း လျှောက်လာလိုက်တာ နောက်ဆုံးမှာ တောင်ပြုံးမင်းနှစ်ပါးရဲ့ နတ်နန်းကို ရောက်လာပါတယ်။ နတ်နန်းဟာ လူအစည်ကားဆုံးပါ။ သပြေပန်းစည်းတွေ၊ အုန်းပွဲ၊ ငှက်ပျောပွဲတွေ လှူတန်းတဲ့သူတွေကလည်း အလုအယက်ပါပဲ။တောင်ပြုံးမင်းနှစ်ပါးပွဲတော်က ဝါခေါင်လဆန်း ၇ ရက်၊ ၈ ရက်ကနေ ဝါခေါင်လပြည့်နေ့အထိလို့ သိရပါတယ်။ ကျွန်တော်ရောက်သွားတာက ဝါခေါင်လဆန်း ၈ ရက်ပါ။ တကယ်တော့ ကျွန်တော်သွားတဲ့နေ့က တောင်ပြုံးမင်းနှစ်ပါးပွဲတော်ရဲ့ အစပိုင်းဖြစ်တဲ့  မင်းနှစ်ပါး ကန်တော့ခံပွဲပဲ ရှိပါသေးတယ်။နောက်ပိုင်းရက်တွေဖြစ်တဲ့ ညီလာခံသဘင်ပွဲ၊ ချိုးရေတော်သုံးပွဲ၊ တောင်ပြုံးနယ်သားတွေနဲ့ ဆွေစဉ်မျိုးဆက်ပြပွဲ၊ ထပ်ပွဲ၊ ယုန်ကြိုပွဲနဲ့ ထိမ်ခုတ်ပွဲ၊ ဆုတောင်းရ ဆုတောင်းပြည့်ဘုရား ဆွမ်းလောင်းလှူပွဲရက်တွေဆိုရင် မြန်မာနိုင်ငံအနှံ့အပြားက ယုံကြည်သူတွေ၊ လာရောက်လည်ပတ်သူတွေနဲ့ ပြည့်နေတတ်ပါတယ်။တောင်ပြုံးမှာ ကျွန်တော် အချိန်တော်တော်ကြာနေပြီး ဘူတာကို ပြန်လာခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အစည်ကားဆုံးပွဲတော်တွေထဲက တစ်ခုဖြစ်တဲ့ တောင်ပြုံးပွဲအကြောင်းကိုတွေးရင်း ရထားပေါ်မှာ ကျွန်တော်တိတ်တိတ်လေး လိုက်လာခဲ့ပါတော့တယ်။

Most Read

Most Recent