NLD က ကိုယ်စားလှယ်လောင်း ရုပ်သိမ်းမှုများ၊ မှားယွင်းတင်သွင်းမှုများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ရုံးများထံ ပြန်လည်တင်ပြမှုများ ပြုလုပ်

NLD က ကိုယ်စားလှယ်လောင်း ရုပ်သိမ်းမှုများ၊ မှားယွင်းတင်သွင်းမှုများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ရုံးများထံ ပြန်လည်တင်ပြမှုများ ပြုလုပ်
Published 24 August 2015

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ကိုယ်စားလှယ်လောင်းရုပ်သိမ်းမှုများ၊ မှားယွင်းတင်သွင်းမှုများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ရုံးများထံသို့ ထိုသူများက ပြန်လည်တင်ပြမှုများ ပြုလုပ်နေကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောကြားသည်။  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ စာရင်းချုပ်အရ NLD က ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ခြောက်ခု၊ အမျိုးသားလွှတ်တော်အတွက် မဲဆန္ဒနယ် တစ်ခုနှင့်  တိုင်းရင်းသားရေးရာဝန်ကြီး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ခြောက်ခုတို့တွင် NLD ကိုယ်စားပြု အနေဖြင့် ကိုယ်စားလှယ်နှစ်ဦးစီ အမည်စာရင်း ပေးသွင်းထားခြင်း ဖြစ်သည့်အတွက် အဆိုပါကိစ္စနှင့် ပတ်သက်၍ ယခုကဲ့သို့ ပြန်လည်တင်ပြမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။“ဒီအတွက် သက်ဆိုင်ရာ ခရိုင်ကော်မရှင် ရုံးတွေမှာ မှားပြီးတော့ တင်ထားတဲ့သူတွေ၊ နောက်ကိုယ်စားလှယ်လောင်းအဖြစ်က ပြန်လည်ရုပ်သိမ်းတာ စနစ်မကျတဲ့ သူတွေကို ထပ်ပြီး ပြန်လုပ်လို့ ပြောထားတယ်။ သူတို့လည်း ပြန်တင်ပြတာတွေ လုပ်နေတယ်” ဟု ဦးဉာဏ်ဝင်းက ပြောကြားသည်။၂၀၁၅ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီအလိုက် လွှတ်တော်ကိုယ်စားလှယ်လောင်းများအင်အား စာရင်းချုပ်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သြဂုတ် ၂၀ ရက်က ထုတ်ပြန်ခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည့်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း ၃၂၅ ဦး၊ အမျိုးသားလွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း ၉၈ ဦးနှင့် တိုင်းရင်းသားရေးရာဝန်ကြီး ၂၉ နေရာ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း ၆၅၉ ဦးဖြင့် စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၁၅၁ ဦး စာရင်းပေးသွင်းထားကြောင်း ဖော်ပြထားသည်။NLD က မဲဆန္ဒနယ် ၁၁၇၁ နေရာအနက် ၁၁၃၈ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူများက ပြောကြားထားပြီး ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃၀ အနက် ၃၁၉ နေရာတွင် လည်းကောင်း၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈ နေရာအနက် ၁၆၆ နေရာတွင် လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၆၄၄ နေရာအနက် ၆၂၄ နေရာတွင် လည်းကောင်း၊ တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်(တိုင်းရင်းသားရေးရာဝန်ကြီး) ၂၉ နေရာအနက် ၂၉ နေရာလုံးတွင် ဝင်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းမှုများကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများက သြဂုတ် ၁၈ ရက်မှ ၃၁ ရက်အထိ စိစစ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားရာ လက်ရှိတွင် ပြည်နယ်နှင့် တိုင်းအသီးသီးရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအသီးသီးတို့က လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းလွှာများကို စိစစ်လျက်ရှိကြောင်း သိရသည်။