အခွန်တံဆိပ်ကပ်ရန် အဆင်မပြေသဖြင့် စူပါမားကက်များ အမှန်တကယ် အခွန်ဆောင်မှု ရှိမရှိ သိရှိနိုင်ရန် ICT နည်းပညာအသုံးပြု၍ စမ်းသပ်စစ်ဆေးမည်

အခွန်တံဆိပ်ကပ်ရန် အဆင်မပြေသဖြင့် စူပါမားကက်များ အမှန်တကယ် အခွန်ဆောင်မှု ရှိမရှိ သိရှိနိုင်ရန် ICT နည်းပညာအသုံးပြု၍ စမ်းသပ်စစ်ဆေးမည်
Published 24 August 2015

စူပါမားကက်များတွင် စားသုံးသူမှ ကျသင့်သည့် ကုန်သွယ်လုပ်ငန်းခွန်ကို စားသောက်ဆိုင်များကဲ့သို့ အခွန်တံဆိပ်ကပ်ရန် အဆင်မပြေသဖြင့် အခွန်ဝင်ငွေနှင့် ပတ်သက်၍ အမှန်တကယ် ပေးဆောင်မှု ရှိမရှိ သိရှိနိုင်ရန် ICT နည်းပညာအသုံးပြု၍ စမ်း သပ်စစ်ဆေးမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ထိုသို့ ပြုလုပ်သည်မှာ စားသောက်ဆိုင်များတွင် စားသုံးသူမှ တိုက်ရိုက်အခွန် ငါးရာခိုင်နှုန်း ကောက်ခံမှုကို တံဆိပ်ကပ်နှိပ် ရောင်းချရချိန်တွင် စူပါမားကက်များ၌ ဈေး ဝယ်ပြေစာထုတ်ရာတွင် အချို့စူပါမားကက်များ၌ ကျသင့်သည့်အခွန်ကို သီးခြားတွက် ချက်ဖော်ပြမှုများ ရှိသော်လည်း အချို့သော စူပါမားကက်များတွင် Including Tax ဟုသာ ဖော်ပြပြီး ကျသင့်သည့် အခွန်ပမာဏကို သီးခြားဖော်ပြခြင်း မရှိသကဲ့သို့ ဝယ်ယူသူထံမှ စူပါမားကက် တာဝန်ယူကောက်ခံ ထားသည့်ငွေမှာ ကုမ္ပဏီအနေဖြင့် အမှန်တကယ် ပေးဆောင်ခြင်း ရှိမရှိမှာ မေးခွန်းထုတ်မှုများ ရှိလာနေခြင်းကြောင့် ဖြစ်ကြောင်းသိရသည်။
“စူပါမားကက်တွေကျတော့ လူရှုပ်တဲ့ အချိန်မှာ တံဆိပ်ကပ်ရတာ အဆင်မပြေဘူး။ အဆင်မပြေတဲ့ အတွက်ကြောင့် သူ့ကို ICT နည်းတွေလုပ်ပြီးတော့ စစ်ဆေးဖို့အတွက်ကို Software ပိုင်းကတော့ အဆင်သင့်ရှိနေပြီ။ ဒါကို မြန်မာနိုင်ငံ လက်လီရောင်းချသူများ အသင်းရှိတယ်။ လွန်ခဲ့တဲ့ နှစ်လလောက် ကတော့ခေါ်ပြီးတော့ ရှင်းပြထားတယ်။ဒီဟာ တွေကို ဧပြီ ၁ ရက်၊ ၂၀၁၆ ကစပြီးတော့ သွားချင်ပါတယ်။ အဲဒါတွေကို လိုက်နာဆောင်ရွက်ပေးပါ ဆိုပြီးတော့ အခွန်စိစစ် ကြပ်မတ်ရေးအဖွဲ့ကခေါ်ပြီး ရှင်းပြထားတယ်။ အခုအချိန်မှာတော့ ကျွန်တော်တို့ရဲ့ Software တွေနဲ့ Test Run လုပ်ချင်ပါတယ်။ အဲဒီအတွက်ကြောင့် စူပါမားကက်တစ်ခုရဲ့ အမည်ကို ပေးပါဆိုပြီးတော့ ကျွန်တော် ဒီလ ထဲမှာ အဲဒီ Association ကို စာထုတ်ထားတယ်။ အခုချိန်အထိတော့ ပြန်ကြားစာ မလာသေးဘူး။ အဲဒါရလို့ရှိရင် ဘယ်စူပါမားကက်ကို Test Run လုပ်ပါမယ်ဆိုရင် အဲဒီစက်တွေ သွားတပ်ဆင်မယ်။ ဒီစက်ကို သွားတပ်ပြီးတော့ အောင်မြင်မှုရှိ မရှိ စမ်းသပ်မယ်ပေါ့။ သူတို့ကို ပေးပို့ထားတယ်။ သူတို့ကတော့ ပြန်ကြားမလာသေးဘူး” ဟု ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ဆိုသည်။
ပြည်တွင်းအခွန်များ ဦးစီးဌာနအနေ ဖြင့် ၂၀၁၄ ခုနှစ် နိုဝင်ဘာတွင် ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်အောက်ရှိ စားသောက်ဆိုင်များတွင် စားသောက်ဆိုင် ပြေစာထုတ်ရာတွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ထုတ်ပေးပြီး စားသုံးသူထံမှ ရောင်းရငွေအပေါ် ၅ ရာခိုင်နှုန်းဖြင့် စားသုံးသူထံမှ တိုက်ရိုက်ကောက်ခံခြင်း လုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းနောက် ယခုနှစ် ဧပြီ ၁ ရက်မှ စတင်ကာ စားသောက်ဆိုင်၊ ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းများတွင် ယင်းစနစ်ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စတင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent