လက်ရှိဘဏ္ဍာနှစ်အတွင်း နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာ နှစ်ဘီလျံကျော် ရရှိထားပြီး တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် ကုန်သွယ်သည့် နယ်စပ်ကုန်သွယ်ရေးစခန်းအချို့ ကုန်သွယ်မှု လျော့ကျနေ

လက်ရှိဘဏ္ဍာနှစ်အတွင်း နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာ နှစ်ဘီလျံကျော် ရရှိထားပြီး တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် ကုန်သွယ်သည့် နယ်စပ်ကုန်သွယ်ရေးစခန်းအချို့ ကုန်သွယ်မှု လျော့ကျနေ
Published 23 August 2015

လက်ရှိဘဏ္ဍာနှစ်အတွင်း နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာနှစ်ဘီလျံကျော် ရရှိထားပြီး မြန်မာ-တရုတ်၊ မြန်မာ-ထိုင်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ကုန်သွယ်ရေးစခန်းအချို့ ကုန်သွယ်မှု လျော့ကျနေကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ သိရသည်။၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ သြဂုတ် ၁၄ ရက်အထိ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် နယ်စပ်ကုန်သွယ်မှုမှ ကုန်သွယ်မှုပမာဏမှာ ဒေါ်လာ ၂၄၈၁ ဒသမ ၂၈၂ သန်း ရရှိခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံ အနေဖြင့် နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်ရာတွင် တရုတ်နှင့်ကုန်သွယ်ရန် မူဆယ်၊ ကန်ပိုက်တီး၊ ချင်းရွှေဟော်နှင့် လွယ်ဂျယ်နယ်စပ်စခန်းများ ဖွင့်လှစ်ဆောင်ရွက်နေပြီး ထိုင်းနှင့်ကုန်သွယ်ရန် ကျိုင်းတုံ၊ တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်၊ နဘုလယ်/ထီးခီး၊ မောတောင်စခန်းများမှ ဆောင်ရွက်နေကာ ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်ရန်အတွက် စစ်တွေ၊ မောင်တော၊ အိန္ဒိယနှင့် ကုန်သွယ်ရန်အတွက် တမူး၊ ရိဒ် စခန်းများ ဖွင့်လှစ်ဆောင်ရွက်နေကြောင်း သိရသည်။အဆိုပါ ကာလအတွင်း နယ်စပ်ကုန်သွယ်မှုပမာဏ စုစုပေါင်းမှာ ဒေါ်လာနှစ်ဘီလျံကျော် ရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ် ကာလတူ နယ်စပ်ကုန်သွယ်မှုထက် ဒေါ်လာသန်း ၈၃၀ ကျော် ပိုမိုဆောင်ရွက်နိုင်ခဲ့သော်လည်း မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်း၊ မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်၊ ကော့သောင်း၊ မောတောင်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေ၊ မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းများမှာ ယခင်ဘဏ္ဍာနှစ် ကာလတူ ကုန်သွယ်မှုထက် လျော့ကျနေကြောင်း သိရသည်။ချင်းရွှေဟော်စခန်းမှ ဒေါ်လာ ၁၄ သန်းကျော်၊ တာချီလိတ်မှ ဒေါ်လာ ၁၄ သန်းကျော်၊ ကော့သောင်းမှ ဒေါ်လာနှစ်သန်းကျော်၊ မောတောင်မှဒေါ်လာ ၀ ဒသမ ၁၇ သန်းကျော်၊ စစ်တွေမှ ဒေါ်လာ ၀ ဒသမ ၆၃ သန်းကျော်၊ မောင်တောမှ ဒေါ်လာ ၀ ဒသမ ၄၉ သန်းကျော် အသီးသီး လျော့ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံနှင့် ဆက်စပ်လျက်ရှိသော အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်မှု ပြုလုပ်နိုင်ရန် မြန်မာ-အိန္ဒိယ၊ မြန်မာ-ထိုင်း၊ မြန်မာ-တရုတ်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်တို့ နယ်စပ်ကုန်သွယ်ရေးစာချုပ်များ ချုပ်ဆိုထားပြီးဖြစ်ကြောင်း သိရသည်။ကုန်သွယ်မှုဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်ထွက်ပစ္စည်းများ၊ သတ္တုတွင်းထွက်များ၊ သစ်တောထွက်ကုန်များ၊ စက်မှုကုန်ချောများ တင်ပို့ခဲ့ပြီး အိမ်နီးချင်းနိုင်ငံများမှ လူသုံးကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းများ၊ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ကုန်သွယ်မှုပမာဏ တိုးတက်ရေးအတွက် တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး လုပ်ငန်းများကို နယ်စပ်ကူးသန်းရောင်းဝယ်ရေး လမ်းကြောင်းများတွင် ပြုလုပ်နေသကဲ့သို့ ကုန်သွယ်မှုအများဆုံး ပြုလုပ်နေသည့် ပင်လယ်ရေကြောင်းကုန်သွယ်ရေး လမ်းကြောင်းများတွင်ပါ ဆောင်ရွက်နေကြောင်း သိရသည်။နယ်စပ်ဒေသနေ ဒေသခံများ တစ်နိုင်တစ်ပိုင် ကုန်သွယ်မှုပြုလုပ်နိုင်ရန်နှင့် တရားမဝင်ကုန်သွယ်မှု လျော့နည်းလာစေရန်အတွက် တစ်ဦးတည်းပိုင် ထုတ်ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်ကတ်များကို နယ်စပ်ကူးသန်းရောင်းဝယ်ရေးစခန်းများ အားလုံးတွင် ထုတ်ပေးနေကြောင်း သိရသည်။နယ်စပ်ကုန်သွယ်ရေး တိုးချဲ့နိုင်ရန်အတွက် ကုန်သွယ်မှုအရ အချက်အချာကျသည့် ဒေသများတွင် ကုန်သွယ်ရေးစခန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရန် သက်ဆိုင်ရာနိုင်ငံများနှင့် ညှိနှိုင်းဆောင်ရွက်သွားရန် အစီအစဉ်များ ရှိကြောင်းလည်း သိရသည်။

Most Read

Most Recent