ဗဟိုဘဏ်၏ နှုန်းရှင်သတ်မှတ်မှု သုံးနှစ်ကျော်အတွင်း အမြင့်ဆုံးအဖြစ် ၁၂၈၅ ကျပ် သတ်မှတ်ပြီးနောက် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှု ရာခိုင်နှုန်း ၆၀ ခန့်ဖြစ်ပေါ်

ဗဟိုဘဏ်၏ နှုန်းရှင်သတ်မှတ်မှု သုံးနှစ်ကျော်အတွင်း အမြင့်ဆုံးအဖြစ် ၁၂၈၅ ကျပ် သတ်မှတ်ပြီးနောက် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှု ရာခိုင်နှုန်း ၆၀ ခန့်ဖြစ်ပေါ်
Published 23 August 2015
ဖြိုးဝေ

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ နှုန်းရှင် ငွေလဲနှုန်း စတင်သတ်မှတ်ခဲ့သည့် သုံးနှစ်ကျော် ကာလအတွင်း မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှု ရာခိုင်နှုန်း ၆၀ ခန့် ဖြစ်ပေါ်လာနေကြောင်း သိရသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ နှုန်းရှင်ငွေလဲနှုန်းအဖြစ် စတင်သတ်မှတ်ခဲ့သည့် ၂၀၁၂ ခုနှစ် ဧပြီ ၂ ရက်တွင် အမေရိကန် တစ်ဒေါ်လာလျင် ၈၁၅ ကျပ်အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ် သြဂုတ် ၂၁ ရက်တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၁၂၈၅ ကျပ်အဖြစ် သုံးနှစ်အတွင်း အမြင့်ဆုံးအဖြစ် သတ်မှတ်ခဲ့ပြီးနောက် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုမှာ ပိုမိုဆိုးရွားလာကာ စတင်သတ်မှတ်ချိန်နှင့် လက်ရှိအချိန်တွင် ကျပ် ၄၇၀ အထိ ကွာဟလာခဲ့ပြီး မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှု ရာခိုင်နှုန်း ၆၀ ခန့် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။
မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုဖြစ်ပေါ်စေသည့် အကြောင်းအချက်များအဖြစ် ကုန်သွယ်မှုလိုငွေ မြင့်တက်နေမှု၊ ကုန်သွယ်မှု ပြုလုပ်ရာတွင် ဘဏ်ငွေလွှဲ အထောက်အထား တင်ပြခြင်းကို ပယ်ဖျက်ပြီးနောက် ပြည်တွင်းသို့ နိုင်ငံခြားငွေဝင်ရောက်မှု ကိုးဆကျော်အထိ လျော့ကျခဲ့မှု၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ဝန်ထမ်းများအား လစာတိုးမြှင့်ခဲ့မှု၊ ဒေါ်လာ ငွေကြေးဈေးကစားသူများအား ဖမ်းဆီးအရေးယူမည်ဟု ဆိုသော်လည်း လက်ရှိအချိန်အထိ ဖမ်းဆီးအရေးယူခြင်း မရှိခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဝန်ထမ်းများအား လစာတိုးမြှင့်ခဲ့မှု၊ ပြီးခဲ့သည့် ဇူလိုင်လအတွင်း ဗဟိုဘဏ်က အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၁၀၀ ခန့် ခုန်တက်စဉ်က လုပ်ငန်းရှင်များနှင့် ဆွေးနွေးခဲ့မှုကြောင့် အမေရိကန်ဒေါ်လာ လည်ပတ်စီးဆင်းသည့် ငွေများသည် လုပ်ငန်းရှင်များ၏ လက်တွင်းသို့ အလုံးအရင်းဖြင့် စီးဝင်သွားမှု၊ လက်တလော ဖြစ်ပေါ်ခဲ့သည့် ဘဏ်များ ပြိုလဲတော့မည်ဖြစ်ကြောင်း သတင်းထွက်ပေါ်မှု စသည့်အချက်များ ပါဝင်နေကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းရောင်းချနေသည့် စားသုံးကုန်များနှင့် လူသုံးကုန်များ၏ ရာခိုင်နှုန်း ၇၀ ကို ပြည်ပနိုင်ငံများမှ တင်သွင်းနေရခြင်း ဖြစ်သည်။ လက်ရှိအချိန်တွင် ဒေါ်လာဈေး မြင့်တက်လာမှုကြောင့် ကုန်ဈေးနှုန်းများမှာ ဇူလိုင်လဆန်းကထက် ရာခိုင်နှုန်း ၂၀ ခန့် ဈေးနှုန်းများမြင့်တက် သွားကြောင်းနှင့် အလွန်နည်းပါးသော လစာဖြင့် ရပ်တည်နေရသည့် အထည်ချုပ်လုပ် သားများကဲ့သို့ အလုပ်သမားများမှာ အနည်း ဆုံးအခကြေးငွေတန်ဖိုး မသတ်မှတ်မီမှာပင် ပိုမို၍ စားဝတ်နေရေး ကျပ်တည်းလာသည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်လင်းက ပြောကြားသည်။
ထိုသို့ အနည်းဆုံးအခကြေးငွေ မသတ် မှတ်မီ ရက်ပိုင်းအတွင်း၌ပင် ဒေါ်လာဈေး မြင့်တက်လာမှုကြောင့် အလုပ်သမားများ အပါအဝင် ပြည်သူများ၏ စားဝတ်နေရေးပိုမို ကျပ်တည်းလာမှုကို အစိုးရအနေနှင့် တာဝန်ယူ ဖြေရှင်းပေးရန် လိုအပ်မည်ဖြစ်ကြောင်း ဦးအောင်လင်းက ပြောကြားသည်။
ထိုသို့ ပြည်သူများအကြားတွင် စားဝတ်နေရေး မပြေလည်မှုများ ရှိလာနေသဖြင့် တင်းမာမှုများ ရှိလာနေပြီး အန္တရာယ်ရှိလာသည့် အနေအထားသို့ ဆိုက်ရောက်နေကြောင်းနှင့် ပြည်သူများအကြား တင်းမာမှုများ လျော့ပါးစေရန် မျှော်လင့်ချက်များကို အစိုးရအနေနှင့် လျော့ပါးအောင် လုပ်ဆောင်နိုင်ရန် လိုအပ်မည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ စီးပွားရေးကော်မတီမှ ဦးမင်းခင်က သုံးသပ်သည်။
လတ်တလောတွင် နိုင်ငံခြားငွေလဲနှုန်း တန်ဖိုးမြင့်တက်သတ်မှတ်မှုအပြင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများ ဖြစ်သည့် ပို့ကုန်လိုငွေမြင့်တက်မှု၊ ငွေဖောင်းပွမှု၊ အနည်းဆုံး အခကြေးငွေသတ်မှတ်မှု၊ ဘတ်ဂျက်လိုငွေ များပြားနေမှုစသည့် အချက်များကြောင့် မြန်မာကျပ်ငွေမှာ ဆက်လက်တန် ဖိုးကျဆင်းနေနိုင်ကြောင်း မူဝါဒဆိုင်ရာ စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက သုံးသပ်သည်။ ထိုသို့ ဗဟိုဘဏ်က မြန်မာကျပ်ငွေတန်ဖိုး ချလိုက်ခြင်းကြောင့် မြန်မာ ကျပ်ငွေ တန်ဖိုးကျဆင်းနိုင်သည်ဟု ဒေါက်တာအောင်ကိုကိုက သုံးသပ်သည်။ လက်ရှိ အခြေအနေတွင် ဒေါ်လာဈေးနှုန်း အပါအဝင် ငွေကြေးဈေးကွက် တည်ငြိမ်ရေးမှ ဗဟိုဘဏ်တွင်သာ တာဝန်ရှိသကဲ့သို့ ဖြစ်နေပြီး ဖြစ်သင့်သည်မှာ ဗဟိုဘဏ်အပြင် ပြည်ထောင်စုအစိုးရ အဖွဲ့တွင်ပါ တာဝန်ရှိလာနေသည့်အတွက် ဝင်ရောက်ဖြေရှင်းရန် လိုအပ်မည်ဖြစ်ကြောင်း ဒေါက်တာအောင်ကိုကိုက ဆက်လက်ပြောကြားသည်။
“ဒေါ်လာဈေးတက်တော့ စားသောက်ကုန်တွေဆိုရင် ၂၀ ရာခိုင်နှုန်းလောက် တန်ဖိုးတက်သွားတယ်။ ဒီလိုရုတ်တရက် တက်လာတဲ့ ကုန်ဈေးနှုန်းကြောင့် အလုပ်သမားတွေ အတွက်တော့ တော်တော်လေးကို ဘေးကျပ်၊ နံကျပ်ဖြစ်လာတယ်။ မြန်မာငွေကြေး ဈေးကွက်ကို ထိန်းချုပ်ဖို့ဆိုပြီး ဗဟိုဘဏ်ကကို ဒီလိုဈေး သတ်မှတ်လိုက်တော့ ပိုပြီးတော့ကို ဘေးကျပ်နံကျပ် ဖြစ်လာတယ်။ ဒေါ်လာဈေးတက်လာရင် သွင်းကုန်တွေ လူသုံးကုန်တွေ ဈေးတက်နေတာကို မထိန်းချုပ်နိုင်တာ တော်တော်ဆိုးပါတယ်။ အခုဆို တစ်လကုန်တော့မယ်။ နောက်ထပ် ရက် ၆၀ ပေါ့။ အနည်းဆုံးအခကြေး ငွေမကြေညာခင် ရက်မှာပဲ ကုန်ဈေးနှုန်းက မြင့်တက်လာနေတော့ အလုပ်သမားတွေ မျှော်လင့်တဲ့ ၃၆၀၀ ကျပ်၊ ၄၀၀၀ သတ်မှတ်လိုက်ရင်တောင် အလုပ်သမားတွေက ပိန်မသာ လိမ်မသာ အခြေအနေ ပြန်ရောက်သွားတယ်။ ဒေါ်လာဈေးကို ထိန်းချုပ်ဖို့ ဆိုတာထက် ကုန်ဈေးနှုန်းကို မြင့်တက်မလာအောင် ထိန်းချုပ်ဖို့က တော်တော်လေးကို အရေးကြီးလာနေပြီလို့ ပြောချင်ပါတယ်” ဟု ဦးအောင်လင်းက ဆိုသည်။
ကုန်ဈေးနှုန်း မြင့်တက်လာမှုကြောင့် ပြည်သူများအကြား ဆူပူမှုများ ဖြစ်လာစေနိုင်သည်ဟု ခန့်မှန်းမှုများ ရှိလာနေသော်လည်း လက်ရှိအချိန်တွင် အစိုးရက နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ အားလုံးနီးပါးကို ထောင်တွင်းထည့်ထားသဖြင့် အဆိုပါ လှုပ်ရှားမှုများ ထွက်ပေါ်လာပါကလည်း အားအင်နည်းပါးမည့် အခြေအနေ ဖြစ်နေကြောင်း မြန်မာ့အရေးကျွမ်းကျင်သူ ဦးကျော်လင်းဦးက သုံးသပ်သည်။
ဗဟိုဘဏ်က အမေရိကန်ဒေါ်လာဈေး တိုးမြှင့်လိုက်ပြီးနောက် ဘဏ်နှင့်ကုန်သည် သို့မဟုတ် ပြည်သူများအကြားတွင် နေ့စဉ် ဒေါ်လာ အရောင်းအဝယ်ပမာဏမှာ အမေရိကန်ဒေါ်လာ သန်းနှင့်ချီ၍ မြင့်တက်လာ လာခဲ့ပြီး နှစ်ဆန်းပိုင်းကထက် အဆများစွာ မြင့်တက်လာခဲ့ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်သည့် အမေရိကန် ဒေါ်လာအရောင်းအဝယ် ဖြစ်ပေါ်မှုဆိုင်ရာ ကိန်းဂဏာန်း အချက်အလက်များအရ သိရသည်။
ဒေါ်လာဈေးနှုန်း ၁၀၂၅ ကျပ်ဝန်းကျင်ဖြင့် တည်ငြိမ်မှုရှိခဲ့သည့် ၂၀၁၅ ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီလများတွင် ဘဏ်အချင်းချင်းအကြား အရောင်းအဝယ် ဖြစ်ပေါ်မှုမှာ အမေရိကန်ဒေါ်လာ ၂ သန်းဝန်းကျင်သာ ဖြစ်ပေါ်ခဲ့သည်။ ဇန်နဝါရီ ၃၀ ရက်တွင် ၂ဒသမ ၄ သန်းကျော် အရောင်းအဝယ်ဖြစ် ပေါ်ခဲ့ပြီး ဖေဖော်ဝါရီ ၁၇ ရက်တွင် အမေရိကန်ဒေါ်လာ ၂ သန်းအရောင်းအဝယ် ဖြစ် ပေါ်ခဲ့သည်။ အဆိုပါ လများအတွင်း အမေရိကန်ဒေါ်လာ ခြောက်သန်းကျော်သာ အများဆုံး အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သည်။ ထို့နောက် ဒေါ်လာဈေးများစွာ မြင့်တက်ခဲ့သည့် မေ၊ ဇူလိုင်နှင့် သြဂုတ်လများတွင် ဘဏ်များ နှင့် ပြည်သူများအကြား တရားဝင်ဈေးကွက် တွင်ပင် အရောင်းအဝယ်ဖြစ်ပေါ်မှုမှာ အမေရိကန်ဒေါ်လာ ခြောက်သန်းမှ ၁၁ သန်းကျော် အကြား နေ့စဉ်ဖြစ်ပေါ် လာနေကြောင်း သိရသည်။         
ငွေလဲနှုန်း မတည်ငြိမ်ဖြစ်နေရသည့် အချက်များအနက် အဓိကအချက်ဖြစ်သည့် ဈေးကစားမှုတွင် ဘဏ်များ ပါဝင်ပတ်သက်မှု မရှိစေရန် တိုက်တွန်းကြောင်းနှင့် ကြီးကြပ် စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က ပြောကြားခဲ့ကြောင်း ဇူလိုင် ၂၁ ရက်က ပြုလုပ်သည့် မြန်မာကျပ်ငွေနှင့် အမေရိကန် ဒေါ်လာ လဲလှယ်နှုန်းမြင့်တက် နေသည့်ကိစ္စနှင့် စပ်လျဉ်း၍ နိုင်ငံတော်အစိုးရအဖွဲ့၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် ပြည်တွင်းပုဂ္ဂလိက ဘဏ်များမှ တာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေးသည့် တတိယအကြိမ် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ငွေလဲလှယ်နှုန်း မတည်ငြိမ်မှုနှင့် စပ်လျဉ်း၍ မတည်မငြိမ်ဖြစ်ရသည့် အကြောင်းရင်းများစွာ ရှိသည့်အနက် ဈေးကစားသည့် အချက်မှာ အဓိကဖြစ်နေကြောင်း ဦးကျော်ကျော်မောင်က ပြောကြားသည်။
ဗဟိုဘဏ်အနေဖြင့် ဘဏ်များကတစ်ဆင့် သွင်းကုန်တင်သွင်း သူများကို နေ့စဉ်ဒေါ်လာ ရောင်းချပေးနေ သကဲ့သို့ နေ့စဉ် လေလံဈေးမှလည်း ရောင်းချပေးနေကြောင်း ဦးကျော်ကျော်မောင်က ဆိုသည်။ ဘဏ်များအနေဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ချမှတ်ထားသော လိုက်နာရန်အချက်များကို လိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်သွားရန်နှင့် ငွေလဲလှယ်နှုန်း မတည်ငြိမ်ရသည့် အဓိက အချက်ဖြစ်သည့် ဈေးကစားမှုတွင် ဘဏ်များ ပါဝင်ပတ်သက်မှု မရှိစေရန် တိုက်တွန်းကြောင်း၊ လိုအပ်သည့် ကြီးကြပ်စစ်ဆေးမှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ထိုသို့ ပြောကြားမှုများ ရှိနေသည့်အပြင် ဒေါ်လာဈေးကွက် အတွင်း ပုဂ္ဂလိကဘဏ်ကြီးများမှ ငွေထုပ်ပိုက်၍ ဈေးကစားမှု ရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း အမှန်တကယ် အရေးယူနိုင်မှု မရှိသေးခြင်း စသည့်အချက်များ ပါဝင်နေကြောင်း သိရသည်။
မြန်မာနိုင်ငံအနေနှင့် ဒေါ်လာဈေးနှုန်း မြင့်တက်မှုကို ထိန်းချုပ်ရန်နှင့် ဒေါ်လာအား အဓိက သုံးစွဲလာသည့် နိုင်ငံအဖြစ်မှ လျှော့ချနိုင်ရန် ပြည်တွင်းငွေသုံးစွဲမှု အားလုံးကို ကျပ်ငွေဖြင့်သာ ပေးချေရန် လုပ်ဆောင်နေမှုများ ရှိနေကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ပြောကြားသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနှင့် နိုင်ငံတော်အတွင်း၌ ရောင်းချ/ဝယ်ယူသည့် ဝန်ဆောင်မှုများအတွက် ကျသင့်ငွေကို နိုင်ငံခြားသုံးငွေဖြင့် ရယူ/ပေးချေခြင်း တို့ကြောင့် ပြည်တွင်းတွင် ဒေါ်လာကျယ် ပြန့်စွာအသုံးပြုမှု (Dollarization) ဖြစ်လာခြင်း၊ ဒေါ်လာ လိုအပ်ချက်ပမာဏ မြင့်မားလာခြင်း၊ ပြည်တွင်း ကျပ်ငွေ၏ အသုံးဝင်မှု အခန်းကဏ္ဍကို လျော့ကျလာစေခြင်း တို့ကြောင့် နိုင်ငံခြား ငွေလဲနှုန်း မတည်ငြိမ်မှုကို ဖြစ်လာပြီး နိုင်ငံတော်၏ ငွေရေးကြေးရေးကဏ္ဍ မတည်ငြိမ်မှုကိုပါ ဖြစ်ပေါ်စေကြောင်း ထုတ်ပြန်ခဲ့သည်။
ထို့ပြင်ပြည်ထောင်စု ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ စသည်တို့တွင် နိုင်ငံခြားသားများနှင့် နိုင်ငံသားများ ဝယ်ယူသုံးစွဲမှုအတွက် ကောက်ခံနေသော ဝန်ဆောင်ခနှင့် အခကြေးငွေ စသည်တို့ကို ပေးချေရာ၌ နိုင်ငံတကာတွင် ဆေင်ရွက်နေသကဲ့သို့ ပြည်တွင်းသုံးကျပ် ငွေဖြင့်သာ ဆောင်ရွက်ရေးကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ခွင့် ပြုပါရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခဲ့ရာ နိုင်ငံတော်သမ္မတရုံးက ဆက်လက်ဆောင်ရွက်သွားရန် အကြောင်းပြန်ကြား ခဲ့ကြောင်း သိရသည်။
သို့ပါ၍ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးနှင့် တိုင်းဒေသကြီး ပြည်နယ်အစိုးရ အဖွဲ့များအနေဖြင့် မိမိဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့ကွပ်ကဲမှုအောက်ရှိ အဖွဲ့အစည်းများ၊ ဆက်စပ်ဆောင်ရွက် လျက်ရှိသော အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းများနှင့် အဖွဲ့အစည်းများအတွင်း ကုန်ပစ္စည်းများ ဝယ်ယူရောင်းချခြင်းနှင့် ဝန်ဆောင်မှု ဆောင်ရွက်ခြင်းများအတွက် ပေးချေခြင်း၊ ဈေးနှုန်းဖော်ပြခြင်း ကိစ္စရပ်များတွင် နိုင်ငံခြားသုံးငွေဖြင့် သတ်မှတ်ခြင်း၊ တောင်းခံ/သုံးစွဲခြင်း မပြုဘဲ ပြည်တွင်းသုံး ကျပ်ငွေဖြင့်သာ ဆောင်ရွက်သွားရန်အတွက် ထပ်ဆင့်ညွှန်ကြား ပေးနိုင်ပါရန် ညှိနှိုင်းအကြောင်းကြား အပ်ပါသည်ဟု ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်များ အသက်ဝင်စေရန်အတွက် လက်ရှိအချိန်တွင် အစိုးရဌာနများကို ညွှန်ကြားချက် ထပ်ဆင့်ထုတ်ပြန်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဦးဝင်းသော်က ဆက်လက် ပြောကြားသည်။ 
 

Most Read

Most Recent