ယခင်ဘဏ္ဍာနှစ်က ပုံမှန်နှင့်နယ်စပ်ကုန်သွယ်မှုမှ အကောက်ခွန်ပမာဏ စုစုပေါင်း ကျပ် ၄၉၅ ဘီလျံကျော်ရရှိပြီး ပြီးခဲ့သည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် တစ်နှစ်လုံးရရှိသည့် ပမာဏထက် ကျပ် ၁၃၂ ဘီလျံကျော် ပိုများ

ယခင်ဘဏ္ဍာနှစ်က ပုံမှန်နှင့်နယ်စပ်ကုန်သွယ်မှုမှ အကောက်ခွန်ပမာဏ စုစုပေါင်း ကျပ် ၄၉၅ ဘီလျံကျော်ရရှိပြီး ပြီးခဲ့သည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် တစ်နှစ်လုံးရရှိသည့် ပမာဏထက် ကျပ် ၁၃၂ ဘီလျံကျော် ပိုများ
Published 22 August 2015
ချမ်းမြေ့သူ

ယခင် ဘဏ္ဍာနှစ်က ပုံမှန်နှင့် နယ်စပ်ကုန်သွယ်မှုမှ အကောက်ခွန်ပမာဏ စုစုပေါင်း ကျပ် ၄၉၅ ဘီလျံကျော် ကောက်ခံရရှိထားပြီး ပြီးခဲ့သည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် တစ်နှစ်လုံးရရှိသည့် အကောက်ခွန်ပမာဏထက်ပင် ကျော်လွန်ရရှိခဲ့ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ သိရသည်။
 
ယခင်ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၁၅ ခုနှစ် မတ်လကုန်အထိ စာရင်းများအရ ပုံမှန် ကုန်သွယ်မှုမှ အကောက်ခွန်ပမာဏ ကျပ် ၄၁၁၉၇၄ သန်းကျော် (ကျပ် ၄၁၁ ဘီလျံ ကျော်) ရရှိပြီး နယ်စပ်ကုန်သွယ်မှုမှ ကျပ် ၈၃၆၂၃ သန်းကျော် (ကျပ် ၈၃ ဘီလျံကျော်) ရရှိပြီး ကုန်သွယ်မှုလမ်းကြောင်း နှစ်ခုပေါင်းမှ ကောက်ခံရရှိသည့် အကောက်ခွန် စုစုပေါင်းမှာ ကျပ် ၄၉၅၅၉၈ သန်းကျော် (ကျပ် ၄၉၅ ဘီလျံကျော်) ရရှိခဲ့ကြောင်း သိရသည်။
 
ပြီးခဲ့သည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင်မူ ဘဏ္ဍာနှစ်တစ်နှစ်လုံး ကောက်ခံရရှိသည့် ပမာဏမှာ ပုံမှန်ကုန်သွယ်မှုမှ အကောက်ခွန် ကျပ် ၂၉၇၈၆၈ သန်းကျော် (ကျပ် ၂၉၇ ဘီလျံကျော်) ကောက်ခံရရှိခဲ့ပြီး နယ်စပ်ကုန်သွယ်မှုမှ အကောက်ခွန် ကျပ် ၆၅၃၆၃ သန်းကျော် (ကျပ် ၆၅ ဘီလျံကျော်) အသီးသီး ကောက်ခံရရှိခဲ့ပြီး စုစုပေါင်းရရှိခဲ့သည့် အကောက်ခွန်ပမာဏမှာ ကျပ် ၃၆၃ ဘီလျံ ကျော်ဖြစ်သည့်အတွက် အဆိုပါ ဘဏ္ဍာနှစ်တစ်နှစ်လုံး ကောက်ခံရရှိသည့် ပမာဏထက်ပင် ပိုများနေခြင်းဖြစ်ကြောင်း သိရသည်။
 
ပမာဏအတိအကျအားဖြင့် ဆိုပါက ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကောက်ခံရရှိထားသည့် ပမာဏမှာ ပြီးခဲ့သည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် တစ်နှစ်လုံး ကောက်ခံရရှိမှု ပမာဏထက် ကျပ် ၁၃၂ ဘီလျံကျော် ပိုများနေခြင်းဖြစ်ကြောင်း သိရသည်။
 
မြန်မာနိုင်ငံသည် ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုပြုလုပ်ရာတွင် ပုံမှန် (ပင်လယ်ရေကြောင်း) ကုန်သွယ်မှုမှ ရာခိုင်နှုန်း ၈၀ နီးပါးအထိ ကုန်သွယ်မှုပြုလုပ်နေခြင်းဖြစ်ပြီး နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းမှမူ ရာခိုင်နှုန်း ၂၀ နီးပါး ကုန်သွယ်မှုပြုလုပ်လျက်ရှိနေကြောင်း သိရသည်။
 
ပြည်ပကုန်သွယ်မှုပြုရာတွင် တရုတ်၊ ထိုင်း၊ စင်ကာပူ၊ ဂျပန်၊ မလေးရှား၊ အိန္ဒိယ၊ ကိုရီးယား၊ အင်ဒိုနီးရှား၊ အမေရိကန်၊ ဟောင်ကောင်၊ ဂျာမနီနှင့် ဗြိတိန်နိုင်ငံတို့ဖြင့် အဓိက ကုန်သွယ်မှုပြုလုပ်လျက်ရှိကြောင်း သိရသည်။
 
ကုန်သွယ်မှုပြုလုပ်ရာတွင် တရားဝင် ကုန်သွယ်မှုအပြင် တရားမဝင်ကုန်သွယ်မှုများလည်း ရှိနေဆဲဖြစ်သည့်အတွက် စစ်ဆေးဖမ်းဆီး အရေးယူမှုများ ပြုလုပ်လျက်ရှိကြောင်း တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့မှ သိရသည်။
 
ယခုဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် သြဂုတ် ၁၄ ရက်အထိ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဒေါ်လာ ၇၅၉၃ သန်းကျော် ရှိပြီး နယ်စပ်ကုန်သွယ်မှု မှ ဒေါ်လာ ၂၄၈၁ သန်းကျော်ရှိပြီး ကုန်သွယ်မှု စုစုပေါင်းဒေါ်လာ ၁၀ ဘီလျံကျော်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
 
 
 

Most Read

Most Recent