ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ဥရောပသမဂ္ဂ သံအမတ်ကြီးအား သီးခြားစီတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ဥရောပသမဂ္ဂ သံအမတ်ကြီးအား သီးခြားစီတွေ့ဆုံ
Published 22 August 2015

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်တို့သည် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂအဖွဲ့ရုံးမှ သံအမတ်ကြီး H.E. Mr. Roland Kobia အား သြဂုတ် ၂၁ ရက်က နေပြည်တော်၌ သီးခြားစီလက်ခံတွေ့ဆုံခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။
 
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဥရောပသမဂ္ဂ သံအမတ်ကြီးတို့သည် သြဂုတ် ၂၁ ရက် နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော်ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ပြီး ၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အားလုံး ပါဝင်ပူးပေါင်းဆောင်ရွက်ရေး၊ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးလုပ်ငန်းများ အဆင်ပြေချောမွေ့အောင်မြင်စေရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သတင်းဖော်ပြချက်အရ သိရသည်။
 
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂအဖွဲ့ရုံးမှ သံအမတ်ကြီးတို့သည် သြဂုတ် ၂၁ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်း မဆောင်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
 
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကိစ္စရပ်များ၊ မကြာမီကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ 
 
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တည်ငြိမ်အေးချမ်းမှု၊ စည်းလုံးညီညွတ်မှုတို့အပေါ်တွင် အခြေခံပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်မှ အခြားနိုင်ငံများနည်းတူ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်နိုင်မှာ ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကိစ္စ မဆောင်ရွက်ဘဲ ဒီမိုကရေစီလမ်းကြောင်း အပြည့်အ၀ အောင်မြင်နိုင်မည် မဟုတ်ကြောင်း၊ ငြိမ်းချမ်းရေးလက်မှတ် ရေးထိုးမည့် အဖွဲ့များအား ကြိုဆိုနေကြောင်း၊ နိုင်ငံ၏ အစိတ်အပိုင်းတစ်ခု အေးချမ်းသွားပါက ယင်းအစိတ်အပိုင်းကို ဖွံ့ဖြိုးတိုးတက်အာင် လုပ်ဆောင်လိုသည်မှာ မိမိတို့၏ ပြင်းပြသော ဆန္ဒဖြစ်ကြောင်း၊ သမ္မတကြီးကလည်း အလားတူဆန္ဒ ရှိနေကြောင်း စသည် တို့ကို ပြောကြားခဲ့သည်ဟု သိရသည်။