ရွေးကောက်ပွဲတွင် ၂၆ ရာခိုင်နှုန်းအနိုင်ရရုံနှင့် တပ်မတော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းဖြင့်ပေါင်းပြီး အစိုးရဖွဲ့နိုင်ပြီဟုပြောခြင်းသည် တပ်မတော်ကိုစော်ကားရာရောက်သည်ဟု သြဂုတ် ၂၁ ရက်က ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ရှိ ဆံတော်ရှင်ကျိုက်ဒေးယျုံစေတီတော်အနီးကွင်းပြင်တွင်ပြုလုပ်သော ရွေးကောက်ပွဲဆိုင်ရာ ပညာပေးရေးဟောပြောပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။အဆိုပါဟောပြောပွဲသို့တက်ရောက်လာသည့် အမျိုးသမီးတစ်ဦးက ဒေါ်အောင်ဆန်းစုကြည်အား "သမီးသိချင်တာက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက သူတို့က ၂၆ ရာခိုင်နှုန်းနိုင်ရင် သူတို့ပါတီကို အစိုးရဖွဲ့လို့ရပြီဆိုတာကို မရှင်းလို့ပါရှင့်" ဟုမေးမြန်းခြင်းကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားစဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ဒေါ်အောင်ဆန်းစုကြည်က "၂၆ ရာခိုင်နှုန်းနဲ့တော့ အစိုးရဖွဲ့လို့မရပါဘူး။ ဒီလိုဒီလို ကျွန်မသဘောပေါက်ပြီ။ သိတဲ့အတိုင်းပဲ လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်းက တပ်မတော်ကိုယ်စားလှယ်တွေဖြစ်တယ်။ တပ်မတော်ကိုယ်စားလှယ်တွေဆိုတာ ပြည်သူလူထုကရွေးချယ်ထားတာမဟုတ်ဘူး။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကနေ ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေဖြစ်တယ်။ ၂၅ ရာခိုင်နှုန်းက ရှိပြီးသားပေါ့။ ပြောချင်တာက ဒီလိုပြောတာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက သူတို့ ၂၆ ရာခိုင်နှုန်းနိုင်လို့ရှိရင် ၂၆ နဲ့ ၂၅ နဲ့ ပေါင်းလိုက်တော့ ၅၁။ ၅၁ ဆိုတော့ လွှတ်တော်ထဲမှာ အများစုရသွားမယ်။ အဲဒါကြောင့်မို့လို့ သူတို့အစိုးရဖွဲ့နိုင်မယ်လို့ပြောတာဟာ။ ကျွန်မကတော့ ပထမဦးဆုံးအားဖြင့် ဒါဟာ ဒီလိုပြောတဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်ပါတီကပဲဖြစ်ဖြစ် ကြံ့ခိုင်ဖွံ့ဖြိုးရေးတင်မဟုတ်ပါဘူး ကျွန်မတို့အဖွဲ့ချုပ်ကပြောသည်ဖြစ်စေ အခြားပါတီကဖြစ်စေ သူတို့ရဲ့ပါတီဟာ တစ်နည်းအားဖြင့် ကျွန်မတို့ရဲ့တပ်မတော်ကို စော်ကားရာရောက်တယ်လို့ ကျွန်မပြောပါရစေ။ အဲဒီလိုပြောတဲ့အဓိပ္ပာယ်ဟာ ဘယ်လိုအဓိပ္ပာယ်ရောက်သွားလဲဆိုတာ တပ်မတော်ဟာ ပါတီတစ်ခုရဲ့ ခါးပိုက်ဆောင်တပ်မတော်လို့ပြောတဲ့ အဓိပ္ပာယ်ရောက်လို့ စော်ကားရာရောက်တယ်လို့ ကျွန်မပြောချင်ပါတယ်" ဟုပြောကြားသည်။လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၂၆ ရာခိုင်နှုန်းအနိုင်ရပါက လွှတ်တော်ထဲရှိ တပ်မတော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနှင့်ပေါင်း၍ ၅၁ ရာခိုင်နှုန်းဖြင့် အစိုးရဖွဲ့နိုင်ပြီဖြစ်သောကြောင့် NLD ကသမ္မတဖြစ်ရန် ဒီတစ်သက်မလွယ်ဟု ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ပြောကြားသည်။သြဂုတ် ၁၂ ရက်ညပိုင်းက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွင်းဖြစ်ပွားခဲ့သော ဥက္ကဋ္ဌအပြောင်းအလဲဖြစ်စဉ်နှင့် ပတ်သက်ပြီး ဦးလှဆွေက ၎င်း၏သဘောထားအမြင်များကို ပြောကြားခဲ့ခြင်းဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီအတွင်းဖြစ်ပွားခဲ့သော ဖြစ်စဉ်သည် ပြည်ခိုင်ဖြိုးပါတီနှင့် တပ်မတော်အကြား တစ်ပိုင်းတည်းဖြစ်သွားစေသည်ဟု ပြောကြားထားသည်။ဦးလှဆွေက "လာမယ့်ရွေးကောက်ပွဲမှာ ကျွန်တော်တို့ကြံ့ခိုင်ရေးက ၂၆ ရာခိုင်နှုန်းဝင်လာနိုင်ရင် တပ်မတော် ၂၅ နဲ့ပေါင်း ၅၁ ရရင် အစိုးရဖွဲ့လို့ရပြီ။ ဒါကြောင့်မို့လို့ ကြံ့ခိုင်ရေးပါတီထဲမှာ Wavering ဖြစ်နေတာတွေကို Military နဲ့ ပါတီနဲ့ လုံးဝခွဲခြားမရဖြစ်သွားအောင် ဒီလိုမျိုးဆောင်ရွက်ခြင်းဖြစ်တယ်။ ဒါဟာလည်း လိုအပ်လို့လုပ်တာဖြစ်တယ်။ မဟုတ်လို့ရှိရင် မဲပြားသွားနိုင်တယ်လို့ ပါတီဥက္ကဋ္ဌ ဦးသိန်းစိန်က ယူဆဟန်တူတယ်။ ဒါကြောင့်မို့ ဒီလိုမျိုးအခြေအနေဖန်တီးလာတာ။ ဒါကြောင့်မို့ ၂၀၁၅ မှာ ကြံ့ခိုင်ရေးက ၂၆ ရာခိုင်နှုန်းပဲနိုင်ဦး ကျွန်တော်တို့ဟာ အစိုးရဖွဲ့နိုင်ပြီ။ ဒါကြောင့်မို့ ကျွန်တော်ပြောတယ်မဟုတ်လား။ NLD က သမ္မတဖြစ်ဖို့ ဒီတစ်သက်တော့မလွယ်ပါဘူး" ဟု ပြောကြားထားသည်။
အစိုးရအဖွဲ့ဝင် ၅၀ နှင့် တပ်မတော်က အငြိမ်းစားယူလိုက်သည့် တပ်မတော်အဆင့်မြင့်အရာရှိကြီးများ အပါအဝင် တပ်မတော်သား ၅၉ ဦးသည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုအဖြစ် ဝင်ပြိုင်သွားမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီမှ သိရသည်။ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံ၌ ပြုပြင်ပြောင်းလဲမှုမရှိလို့သာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရလုပ်ရန်လိုသည်ဟု ယူဆခြင်းဖြစ်ကြောင်း သြဂုတ် ၂၁ ရက် သန်လျင်မြို့ဟောပြောပွဲတွင် ပြည်သူတစ်ဦး၏မေးမြန်းမှုကိုဖြေကြားရာတွင် ထည့်သွင်းပြောကြားသည်။ဟောပြောပွဲတွင် အမျိုးသမီးတစ်ဦးက "လာမည့်ရွေးကောက်ပွဲက အမေစုနိုင်မှာတော့သေချာတယ်။ အဲဒီတော့ အမေစုကလည်း သမ္မတလုပ်ချင်တယ်လို့ပြောတယ်။ အဲဒီတော့ ၅၉(စ) ရှိနေတာ ဘယ်လိုလုပ်မလဲသိချင်ပါတယ်" ဟု မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က "ဒီဟာကိုသုံးပိုင်းခွဲရမယ်။ လာမယ့်ရွေးကောက်ပွဲမှာ ကျွန်မတို့နိုင်မှာသေချာတယ်ဆိုတော့ သေချာအောင်လုပ်ဖို့က ပြည်သူရဲ့တာဝန်ဖြစ်တယ်။ ပြည်သူကမဲထည့်မှ။ နောက်မေးခွန်းနှစ်ခုကတော့ ဆက်စပ်နေတယ်။ ကျွန်မကလည်း သမ္မတလုပ်ချင်တယ်လို့ပြောတယ်။ ၅၉(စ) ကခံနေတော့ ဘယ်လိုလုပ်သမ္မတလုပ်မလဲဆိုတော့ သမ္မတလုပ်ချင်တဲ့အကြောင်းကို အဓိကထားရမယ်။ လုပ်ချင်ရုံနဲ့မပြီးဘူး။ လူတွေကလုပ်ချင်တာတွေတော့အများကြီးပဲ။ ကျွန်မသမ္မတလုပ်ချင်တယ်ဆိုတာဟာ တကယ်တော့ ကျွန်မတို့နိုင်ငံကို ပြုပြင်ပြောင်းလဲပိုင်ခွင့်ပဲလိုချင်တာပဲ။ ကျွန်မသမ္မတမလုပ်ဘဲနဲ့ ပြုပြင်ပြောင်းလဲမယ်ဆို ကျွန်မသမ္မတလုပ်စရာဘာမှမရှိဘူး။ ပြုပြင်ပြောင်းလဲမှုမရှိလို့သာ ကျွန်မတို့အဖွဲ့ချုပ်ကနေ အစိုးရလုပ်ဖို့လိုတယ်ဆိုတာကို ကျွန်မတို့ယူဆတာပါ။ ဒီတော့ ၅၉(စ) ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ပြည်သူအားလုံးညီညွတ်မှုရှိရင် ဘာမဆိုဖြစ်မြောက်နိုင်ပါတယ်လို့ စိတ်ထဲမှာထားပါ" ဟုပြောကြားသည်။ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် လက်တွဲပူးပေါင်းလုပ်ဆောင်ရန် သင့်မသင့်နှင့်ပတ်သက်ပြီး မေးမြန်းမှုကိုလည်း ဒေါ်အောင်ဆန်းစုကြည်က "အခြားပုဂ္ဂိုလ်တွေအကြောင်း ကျွန်မပြန်ဖြေစရာ ဘာမှမရှိပါဘူး။ ကျွန်မတို့ဟာ ဘယ်သူမဆို နိုင်ငံရဲ့အကျိုးအတွက် တိုင်းပြည်ရဲ့အကျိုးအတွက် ပူးပေါင်းပြီးတော့ ဆောင်ရွက်မယ်ဆိုရင် ကျွန်မတို့ကကြိုဆိုလျက်ပါ" ဟုဖြေကြားသည်။