ရန်ကုန်မြို့သစ်စီမံကိန်းအား အစိုးရ၏ကျန်ရှိသက်တမ်း လအနည်းငယ်အတွင်း မည်သည့်အတွက်ကြောင့် အလျင်စလိုအကောင်အထည်ဖော်လိုသနည်းဟု သြဂုတ် ၂၁ ရက်ကပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေးတွင် ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက မေးခွန်းထုတ်ခဲ့သည်။ရန်ကုန်မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်ရန် ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် တင်ဒါခေါ်ယူခဲ့ကြောင်း၊ ယင်းစီမံကိန်းသည် "မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေးမဟာဗျူဟာ စီမံကိန်း ၂၀၄၀ အရ" ဒုတိယဦးစားပေးစီမံကိန်းဖြစ်ပြီး မည်သည့်အတွက်ကြောင့် ဒုတိယဦးစားပေးကို ပထမဦးစားပေး၍ တင်ဒါခေါ်ယူခဲ့ခြင်းဖြစ်သနည်းဟုလည်း ၎င်းက ဆက်လက်မေးခွန်းထုတ်ခဲ့သည်။"အာမခံစပေါ်ငွေကျပ်ငါးဘီလျံတင်ပြီးတော့ အမေရိကန်ဒေါ်လာ ဘီလျံ ၅၀ မှ ဘီလျံ ၇၀ အမြတ်ထွက်နိုင်မယ့် ရန်ကုန်မြို့သစ်စီမံကိန်းကို တစ်လကျော်အချိန်ပေးပြီးတော့ တင်ဒါခေါ်ယူခဲ့တာဖြစ်ပါတယ်။ အဲဒီတင်ဒါခေါ်ယူမှုနဲ့ပတ်သက်ပြီး မည်သည့်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ဆောင်ရွက်ခဲ့ပါသနည်း။ တင်ဒါစိစစ်ရေးကော်မတီကို မည်သည့်စံနှုန်းများဖြင့် ဖွဲ့စည်းထားပါသနည်း။ မည်သည့်အတွက်ကြောင့် စီမံကိန်းဧရိယာအတွင်းရှိ မြေပိုင်ဆိုင်မှုများကို တရားဝင်ငွေကြေးများဖြင့် ဝယ်ယူပိုင်ခြင်း ဟုတ် မဟုတ်ကို စုံစမ်းဖော်ထုတ်ခြင်းမပြုပါသနည်း" ဟု ၎င်းကထပ်မံမေးခွန်းထုတ်ခဲ့သည်။ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ရန် ဆောင်ရွက်နေခြင်းသည် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် ကြည့်မြင်တိုင်မြို့နယ်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်ကတင်သွင်းခဲ့သည့် ရန်ကုန်မြို့သစ် အမြန်အကောင်အထည်ဖော်ပေးရေးအဆိုကို တိုင်းလွှတ်တော်ကအတည်ပြုကြောင်း ဆုံးဖြတ်ချက်အရ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ လုပ်ငန်းပမာဏအရ လုပ်ငန်းစတင်အကောင်အထည်ဖော်မည့် အစီအစဉ်နှင့် အချိန်အခါကို သတ်မှတ်ဆုံးဖြတ်ထားခြင်းမရှိသေးကြောင်းနှင့် ပြည်သူလူထုဆန္ဒသဘောထားကို အလေးထား၍ အများပြည်သူအကျိုးကို ပွင့်လင်းမြင်သာမှုရှိစွာ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီးသစ်တောနှင့် စွမ်းအင်ဝန်ကြီးဦးကျော်စိုးက ပြန်လည်ဖြေကြားသည်။ဒုတိယဦးစားပေးဖြစ်သည့် ရန်ကုန်မြို့သစ်စီမံကိန်းကို ဖော်ဆောင်ခြင်းသည် သက်ဆိုင်ရာတာဝန်ရှိသူအား မဟာဗျူဟာရည်မှန်းချက်ကို မပျက်စီးစေဘဲ နည်းဗျူဟာအရ ဆောင်ရွက်မှုအစီအစဉ်ကို ဖော်ဆောင်ခြင်းသာဖြစ်ကြောင်း၊ ပထမဦးစားပေးဟုဖော်ပြထားသော နေရာဒေသများမှာ ယခင်အစိုးရများက စတင်ဖော်ဆောင်ခဲ့ပြီး ယခုအစိုးရလက်ထက်တွင်လည်း ဆက်လက်ဖော်ဆောင်လျက်ရှိသော နေရာဒေသများဖြစ်ကာ ဒုတိယဦးစားပေးနေရာမှာ ရန်ကုန်မြို့နှင့် အနီးကပ်ဆုံးသောဒေသဖြစ်သဖြင့် ဖွံ့ဖြိုးတိုးတက်မှု အမြန်ဆုံးဖြစ်နိုင်သော ဒေသဖြစ်နိုင်ကြောင်း၊ ရန်ကုန်မြို့သစ်စီမံကိန်းသည် မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းတွင် ဖော်ပြထားသည့် အပြင်ဒေသခံပြည်သူများကလည်း ဆန္ဒထုတ်ဖော်တောင်းဆိုခြင်း၊ ကြည့်မြင်တိုင်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဦးမြင့်လွင် တင်သွင်းခဲ့သော ရန်ကုန်မြို့သစ်စီမံကိန်း အမြန်အကောင်အထည်ဖော်ပေးရေးအဆိုကို လွှတ်တော်တွင်မဲခွဲဆုံးဖြတ်ခဲ့ရာ အနိုင်ရရှိခဲ့ခြင်းကြောင့် လွှတ်တော်ဆန္ဒ၊ ပြည်သူ့ဆန္ဒကိုအလေးထား၍ တင်ဒါခေါ်ယူမှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဦးကျော်စိုးက ပြောကြားသည်။ထို့ပြင် ရန်ကုန်မြို့သစ်စီမံကိန်း တင်ဒါခေါ်ယူမှုကို နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၃ ခုနှစ် ဧပြီ ၅ ရက်တွင် ထုတ်ပြန်ထားခဲ့သည့် တင်ဒါစည်းကမ်းချက်များနှင့်အညီ ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ တင်ဒါခေါ်ယူရေးနှင့် စပ်လျဉ်းသည့် ဥပဒေကို ပြဋ္ဌာန်းရန် ဆောင်ရွက်နေသည်ကို လေ့လာတွေ့ရှိရကြောင်း၊ စီမံကိန်းဧရိယာရှိ မြေပိုင်ဆိုင်မှုများကို တရားဝင်ငွေကြေးများဖြင့် ဝယ်ယူပိုင်ဆိုင်ခြင်း ဟုတ် မဟုတ် သက်ဆိုင်ရာဌာနများက နိုင်ငံတော်ကပြဋ္ဌာန်းထားသော ဥပဒေများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း ဦးကျော်စိုးက ပြန်လည်ဖြေကြားခဲ့သည်။"ဒီလိုဦးစားပေးအစီအစဉ် ပြောင်းချင်တယ်ဆိုရင် လွှတ်တော်ခေါ်ပြီးပြောင်းရမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ပတ်သက်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၂၅၁ နဲ့လည်း ဆန့်ကျင်နေပါတယ်" ဟု ဒေါက်တာညိုညိုသင်းက လွှတ်တော်ကိုယ်ဦးကျော်တင်သွင်းခဲ့သော "ရန်ကုန်တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်မည့် စီမံကိန်းများအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၅၁ ပြဋ္ဌာန်းချက်နှင့်အညီ ဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း" အဆိုကိုဆွေးနွေးရာတွင် ထည့်သွင်းပြောကြားသည်။
အစိုးရ၏ ကျန်ရှိသက်တမ်း လအနည်းငယ်အတွင်း ရန်ကုန်မြို့သစ်စီမံကိန်းအား မည်သည့်အတွက်ကြောင့် အလျင်စလိုအကောင်အထည်ဖော်လိုသနည်းဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ဒေါက်တာညိုညိုသင်း မေးခွန်းထုတ်