ရေဘေးသင့် တိရစ္ဆာန်များ

ရေဘေးသင့် တိရစ္ဆာန်များ
Published 21 August 2015
အေးမြတ်မွန်

ရေဘေးသင့်နေရာဒေသတွေမှာ လူသားတွေသာမဟုတ်ဘဲ တိရစ္ဆာန်များဟာလည်း ရေဘေးသင့်နေကြရပါတယ်။ လူသားတွေကို အလုပ်အကျွေးပြုနေကြတဲ့ ကျွဲ၊ နွားတွေဟာလည်း ရေဘေးသင့်တာကို ခံစားနေရပါတယ်။အချို့သော ရေဘေးသင့်ဒေသများမှာ တိရစ္ဆာန်တွေ သေဆုံးကြတာရှိသလို အချို့ သောရွာတွေမှာ တစ်ရွာလုံး ခွေး၊ ကြောင်တွေ မရှိတော့တာမျိုးတွေတောင် ကြားနေရပါတယ်။လူသားတွေအတွက် လူလူချင်းစာနာကြတဲ့ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးတွေ ရှိကြပေမယ့် တိရစ္ဆာန်လေးတွေအတွက် ပြန်လည်ထူထောင်ရေးနဲ့ ကယ်ဆယ်ရေးတွေက ရှားပါးပါသေးတယ်။ ရေဘေးအန္တရာယ်ကြုံတွေ့နေရချိန်မှာ ရေဘေး လွတ်ရာကို ပြေးလို့ရပေမယ့်  တိရစ္ဆာန်လေးတွေကတော့ လူက ကယ်ဆယ်ပေးမှ၊ လွတ်ရာပြောင်းပေးမှ အသက်ရှင်ကြရမှာပါ။ အခု ရေဘေးကယ်ဆယ်ရေးတွေမှာ လူသားကယ်ဆယ်ရေးတွေ လုပ်နေကြသလို တိရစ္ဆာန်လေးတွေ သီးသန့်ကယ်ဆယ်ကြတဲ့ အဖွဲ့အစည်းတွေလည်း များပြားလာပါတယ်။

“ကျွန်တော်တို့က ရေဘေးသင့်ဒေသတွေက တိရစ္ဆာန်လေးတွေဖြစ်တဲ့ ကျွဲ၊ နွား၊ ကြောင်၊ ခွေးတွေအတွက် ရေဘေးသင့်ရွာတွေမှာ ကယ်ဆယ်ရေးတွေ လုပ်ခဲ့ပါတယ်။ ကျွန်တော်တို့အဖွဲ့က တိရစ္ဆာန်ကယ်ဆယ်ရေး သီးသန့်အဖွဲ့ပါ။ နောက်ပြီး မြောက်ဒဂုံမှာလည်း ဂီလာနတိရစ္ဆာန်တွေအတွက် စခန်းလေးဖွင့်ပြီး ဆေးကုပေးနေပါတယ်။ လက်ရှိကတော့  ကျွန်တော်တို့ ပဲခူးက ရေဘေးသင့် ခွေး ၊ ကျွဲ၊ နွားတွေကို အားဆေးထိုးပေးတယ်။ ကာကွယ်ဆေး ထိုးပေးတယ်။ ပိုးသတ်ဆေးတွေ ထိုးပေးတယ်”ဟု ရွှေရောင်နှလုံးသား  တိရစ္ဆာန်ကယ်ဆယ်ရေးအဖွဲ့မှ တိရစ္ဆာန်ဆေးကုဆရာဝန် ဒေါက်တာအောင်သစ်ဦးကပြောပြပါတယ်။ရေဘေးသင့်ဒေသတွေမှာ ကျွဲ၊ နွား၊ တိရစ္ဆာန်လေးတွေ အဖြစ်အများဆုံး ရောဂါတွေက အရေပြားဝဲစွဲ၊ ယားနာ၊ ရေဝဲစား၊ ဝဲပေါက် စတဲ့ရောဂါတွေဖြစ်ပြီး ရောဂါဆိုးရွားတာတွေ မရှိသေးပေမယ့် ဆေးကုသမှုတွေ လိုအပ်နေတယ်လို့ သိရပါတယ်။“ကျွန်တော်တို့သွားခဲ့တဲ့ ပြည်မှာကျတော့ ကုန်းမြင့်လေးတွေရှိတော့ နွားတွေကို အမြင့်လေးတွေမှာ ထားပေးကြတယ်။ သစ်ငုတ်လေးတွေပေါ်မှာ ထားပေးကြတယ်။ ဝမ်းပျက်ဝမ်းလျှောတွေလည်း အဖြစ်များနေတာကို တွေ့ရတယ်”လို့ ဒေါက်တာအောင်သစ်ဦး က ပြောပြပါတယ်။
ရေဘေးသင့်ဒေသတွေမှာ လူတွေကို အလုပ်အကျွေးပြုနေတဲ့ ကျွဲ၊ နွားများအတွက် တိရစ္ဆာန်ကယ်ဆယ်ရေးသီးသန့်တွေ ပေါ်လာပေမယ့် လိုအပ်ချက်ရှိနေတဲ့ နေရာတွေလည်း များစွာရှိနေဆဲပါပဲ။ သူတို့အတွက် အဓိကလိုအပ်တာက ဆေးဝါးနဲ့ စားစရာဖြစ်ပြီး ကာကွယ်ဆေး၊ အားဆေးလိုမျိုးတွေက အဓိကလိုအပ်ချက်တွေ ဖြစ်ပါတယ်။ ရေဘေးသင့်ဒေသတွေမှာ တိရစ္ဆာန်လေးတွေ ဒုက္ခရောက်နေတာကို ကယ်ဆယ်နေကြသလိုပဲ ရန်ကုန်မြို့က တိရစ္ဆာန်လေးတွေအတွက်လည်း ကယ်ဆယ်ရေးဂေဟာများနဲ့ ကုသမှုဂေဟာတွေ ပေါ်ထွက်လာခဲ့ပါတယ်။“ကျွန်တော်တို့ဂေဟာက ခွေးတွေအတွက် လုပ်တာပါ။ အခုလည်း ခွေးတွေအတွက် ရေဘေးသင့်ကယ်ဆယ်ရေးအတွက် လုပ်နေတယ်။ လမ်းဘေးခွေးတွေ အရမ်းများလာတော့ သူတို့တွေအတွက် ဂေဟာတစ်ခုလို ဆောက်ပြီးထားတာ။ လက်ရှိမှာ အကောင်ရေ ၁၅၀၀ ကျော်နေပြီ။ သူတို့ကို ကာကွယ်ဆေး ထိုးပေးတယ်။ သားကြောဖြတ်ပေးတယ်။ လေလွင့်တာတွေများလာတော့ သားကြောဖြတ်ပေးတာက ခွေးပြန့်ပွားမှုကို လျှော့ချပေးတယ်။ နောက်ပြီး တစ်ခုခု ရောဂါဖြစ်တာပဲဖြစ်ဖြစ်၊ အခြေနေမကောင်းတဲ့ ခွေးတွေကိုခေါ်ပြီး ဆေးကုသတာလည်း လုပ်ပေးတယ်”ဟု  မှ ဒေါက်တာမြတ်ဦးက ပြောပြခဲ့ပါတယ်။“ကျွန်တော်တို့ ရေဘေးသင့်ဒေသတွေကို သွားကယ်ကြတော့ တချို့ပိုင်ရှင်တွေက ခွေး၊ ကျွဲ၊ နွားတွေကို  ကောင်းကောင်းမွန်မွန် ထားကြပါတယ်။ ဒါပေမဲ့ တော်တော်များများကတော့ ကိုယ့်အသက်က အရေးကြီးတာကြောင့် ခွေးတွေ၊ ကျွဲ၊ နွားတွေက ဖြစ်သလိုပဲ နေကြရတာများတယ်။ တိရစ္ဆာန်ကယ်ဆယ်ရေးအဖွဲ့တွေ လာကြတော့ ပိုင်ရှင်တွေလည်း ဝမ်းသာကြတယ်”ဟု ပြည်မြို့တွင် ရေဘေးကယ်ဆယ်ရေး သွားရောက်လုပ်ကိုင်ခဲ့သည့် ကိုမင်းဖြိုးက ပြောပါတယ်။
လမ်းဘေးခွေးတွေကို သားကြောဖြတ်ပေးခြင်းအားဖြင့် ခွေးတွေရဲ့ အဆမတန် ပြန့်ပွားမှုနှုန်းကို အကောင်းဆုံး ထိန်းချုပ်ပေးနိုင်ပါတယ်။ နောက်ပြီး သားကြောဖြတ်ပေးခြင်းအားဖြင့် နဂိုသက်တမ်းထက် နှစ်နှစ်၊ သုံးနှစ်လောက်ပိုပြီး ကြာကြာနေနိုင်ပါတယ်။ ကူးစက်ရောဂါလည်း မရနိုင်ပါဘူး။ ခွေးရူးကာကွယ်ဆေးထိုးပေးခြင်းအားဖြင့်လည်း ခွေးရူးပြန်ရောဂါကို ထိန်းချုပ်ပြီးသားဖြစ် ပြန်ပါသေးတယ်။အခုလက်ရှိမှာ လေလွင့်ခွေးတွေ၊ ကြောင်တွေအပြင် တိရစ္ဆာန်များအတွက် Shelter များစွာ ပေါ်ပေါက်လာနေပြီဖြစ်ပြီးတော့ လမ်းဘေးခွေး၊ လေလွင့်ခွေးတွေ ပြန့်ပွားမှုနှုန်းကို ထိန်းချုပ်ပေးနိုင်ပါတယ်။
Shelte rများစွာရဲ့ ရည်ရွယ်ချက်တွေကတော့ တူညီပါတယ်။ အဲဒါတွေကတော့ ပိုင်ရှင်မဲ့၊ ပိုင်ရှင်ရှိခွေးများကို ဆေးကုသပေးခြင်း၊ ထိန်းသိမ်းပေးခြင်း၊ ခွေးရူးပြန်ကာကွယ်ဆေးတွေ ထိုးပေးခြင်းအပါအဝင် သားကြောဖြတ်ပေးခြင်း၊ မွေးစားလိုတဲ့ ပိုင်ရှင်များရှိပါက ရှာပေးခြင်းတွေကို လုပ်ဆောင်နေကြပါတယ်။နောက်ပြီး လေလွင့်ခွေးတွေ များလာရင်လည်း သန့်ရှင်းမှုမရှိတဲ့ ပတ်ဝန်းကျင်ဖြစ်လာတဲ့အပြင် ရောဂါပိုးကူးစက်ခြင်း၊ ခွေးရူးပြန်ပါက ခွေးကိုက်ခံရခြင်း၊ သွားလာမှုအနှောင့်အယှက်ဖြစ်တာတွေကိုပါ ထိန်းချုပ်နိုင်တာ ကို တွေ့ရပါတယ်။တိရစ္ဆာန်ဆိုတာ လူက ကယ်မှ၊ ကျွေးမွေးမှ အသက်ဆက်ရမှာပါ။ အသက်ရှိနေကြတဲ့ သတ္တဝါများကို ကူညီကယ်ဆယ်ခြင်းကလည်း အရမ်းကုသိုလ်ရတဲ့ အလုပ်ဖြစ်တာမို့ တစ်ဖက်တစ်လမ်းကနေ ကူညီကယ်ဆယ်ပေးသင့်ပါတယ်လို့လည်း တိုက်တွန်းလိုက်ရပါတယ်။