လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းအတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆက်လက်ဆောင်ရွက်ခြင်းကို ဆိုင်းငံ့ကြောင်း သြဂုတ် ၂၀ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တင်သွင်းထားသည့် လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီက နိုင်ငံရေးပါတီ ၁၉ ပါတီနှင့် ညှိနှိုင်းဆွေးနွေးမှုအား ခြောက်ပါတီမှ ဥပဒေကြမ်းအား ဆက်လက်အတည်ပြုရေး သဘောထားပေးခဲ့ကြောင်းနှင့် ကျန် ၁၃ ပါတီနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်တစ်ဦးတို့က နိုင်ငံရေးအကျပ်အတည်းများပေါ်ပေါက်လာရန် ဖန်တီးသကဲ့သို့ဖြစ်နိုင်ခြင်း၊ ဥပဒေပြုလွှတ်တော်ကို မတည်မငြိမ်ဖြစ်စေရန် ဆောင်ရွက်သကဲ့သို့ဖြစ်နိုင်ခြင်း၊ ဒီမိုကရေစီစနစ်ကို ကျင့်သုံးရာတွင် အဟန့်အတားတစ်ရပ်ဖြစ်နိုင်ခြင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ထိခိုက်နိုင်ခြင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိခိုက်နိုင်ခြင်းစသည့် အထူးအလေးထားသုံးသပ်ရမည့်အချက်များကြောင့် ကျယ်ကျယ်ပြန်ပြန့်ဆွေးနွေးပြီးမှသာ အချိန်ယူဆောင်ရွက်သင့်ကြောင်း လွှတ်တော်သို့ အစီရင်ခံစာတင်သွင်းခဲ့သည်။အဆိုပါဥပဒေကြမ်းပူးပေါင်းကော်မတီက အစီရင်ခံစာတွင် ဥပဒေကြမ်းအား အတည်ပြုပြဋ္ဌာန်းနိုင်ရေးကို လတ်တလော အလျင်အမြန်ဆောင်ရွက်ရန်မသင့်ဘဲ ဆိုင်းငံ့ထားရန် သုံးသပ်ချက်သဘောထားအပေါ် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် ပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးက ဆွေးနွေးခဲ့သည်။ထိုသို့ဆွေးနွေးရာတွင် လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးတွင် ပြည်ခိုင်ဖြိုးပါတီဝင် ငါးဦးပါဝင်ဆွေးနွေးခဲ့ပြီး လေးဦးမှာ ဥပဒေကြမ်းအား ဆက်လက်အတည်ပြုပြဋ္ဌာန်းရန်နှင့် ကျန်တစ်ဦးမှာ လွှတ်တော်အသစ်နှင့် အစိုးရသစ်လက်ထက်မှသာ ဆွေးနွေးအတည်ပြုသင့်ပြီး ဆိုင်းငံ့ထားသင့်ကြောင်း ဆွေးနွေးခဲ့သည်။မဲဆန္ဒရှင်များက ကျေနပ်မှုမရှိလျှင် ယင်းတို့၏လွှတ်တော်ကိုယ်စားလှယ်ကို ဥပဒေနှင့်အညီ တာဝန်မှ ပြန်လည်ရုပ်သိမ်းနိုင်စွမ်းရှိမည်ဖြစ်ကြောင်း၊ ရွေးကောက်တင်မြှောက်လိုက်သည့် မဲဆန္ဒရှင်များသည် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်ကို ထိန်းကြောင်းပေးနိုင်မည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင်များ၏ မူလအခွင့်အရေးတစ်ရပ်လည်းဖြစ်ကြောင်း၊ သို့မှသာလျှင် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးများအပြည့်အဝရရှိမည်ဟု ထင်မြင်ယူဆသည့်အတွက် ဥပဒေကြမ်းအား ဆက်လက်အတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆက်လက်ဆောင်ရွက်သင့်ကြောင်း ပြည်ခိုင်ဖြိုးပါတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောမော်ထွန်းက ဆွေးနွေးပြောကြားသည်။ထို့အတူအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်သုံးဦး ပါဝင်ဆွေးနွေးခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က အဆိုပါဥပဒေသည် ရှိသင့်ကြောင်း၊ သို့သော် ပြန်လည်ရုပ်သိမ်းပုံ၊ ရုပ်သိမ်းနည်းသည် ဒီမိုကရေစီနည်းကျရန်နှင့် တရားမျှတမှုရှိရှိ နည်းမှန်လမ်းမှန်ဖြစ်ရန်လိုကြောင်း ဆွေးနွေးသည်။"ရှုံးတဲ့ပါတီက မဲဆန္ဒရှင်ရဲ့တစ်ရာခိုင်နှုန်းလက်မှတ်ကိုစုပြီး အနိုင်ရတဲ့ပါတီကိုယ်စားလှယ်လောင်းကို လိုက်လံကန့်ကွက်ခွင့်ရနေပါက ပါတီအချင်းချင်း ရင်းနှီးတဲ့ဆက်ဆံရေး၊ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးကို ထိခိုက်စေပါတယ်။ သူက ကိုယ့်ကိုကန့်ကွက်၊ ကိုယ်က သူကိုကန့်ကွက်နဲ့ ကိုယ်စားလှယ်များဟာ လွှတ်တော်လုပ်ငန်းများကို ကောင်းကောင်းမဆောင်ရွက်နိုင်ဘဲ ဖြေရှင်းနေရတာနဲ့ အချိန်ကုန်နေပြီး လွှတ်တော်လည်း မတည်မငြိမ်ဖြစ်လာနိုင်ပါတယ်။ ပါတီစုံဒီမိုကရေစီနစ်ကို ဘယ်လိုအကောင်အထည်ဖော်နိုင်ပါ့မလဲ။ အလေးအနက်စဉ်းစားစေလိုပါတယ်" ဟု ဦးဝင်းမြင့်ကပြောကြားသည်။အလားတူ ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က "ကျွန်တော်တို့ကိုကြိုဆိုပါတယ်။ သို့သော်လည်းပဲ စစ်မှန်တဲ့ဒီမိုကရေစီအခွင့်အရေးတစ်ခုရအောင် ၁၀၀ ရာခိုင်နှုန်း ပါလီမန်သည် စစ်မှန်တဲ့လူထုတင်မြှောက်တဲ့ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းပြီးတဲ့ကာလတွေမှသာလျှင် Right to Recall ကို သေသေချာချာ၊ စေ့စေ့ငင ဘက်ပေါင်းစုံမှ နိုင်ငံတကာဥပဒေများနှင့် ချိန်ဆပြီးမှ စဉ်းစားသင့်ကြောင်း ပြည်သူများရဲ့လက်ဝယ်သို့ ပြည်သူ့အာဏာရောက်ရှိအောင် ကျွန်တော်တို့ ပြည်ထောင်စုလွှတ်တော်မှ ဒီဥပဒေကြမ်းကို ဆိုင်းငံ့ထားသင့်ပါတယ်" ဟု ဆွေးနွေးပြောကြားသည်။ဒေါက်တာအေးမောင်ကဲ့သို့ အခြားသောတိုင်းရင်းသားပါတီလေးခုမှ လွှတ်တော်ကိုယ်စားလှယ် လေးဦးကလည်း ဥပဒေကြမ်းအား ဆိုင်းငံ့ထားသင့်ကြောင်း ဆွေးနွေးခဲ့သည်။ထို့အပြင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်တင့်ဆန်းက တပ်မတော်သားအားလုံးနှင့် ပြည်ထောင်စုတိုင်းရင်းသား ပြည်သူလူထုကိုယ်စားဆွေးနွေးခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ကို ကျင့်သုံးရာတွင် အမှန်တကယ်ဒီမိုကရေစီစနစ်ကို ကျင့်သုံးရန်လိုအပ်ပြီး အမှန်တကယ် ပြည်သူ့အကျိုးစီးပွားဖြစ်ထွန်းရန်လိုအပ်ကြောင်း၊ အဆိုပါဥပဒေအား ပြဋ္ဌာန်းပေးခြင်းအားဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာကို ပိုမိုမြင့်မားစေပြီး ပြည်သူများ၏ယုံကြည်မှုကို ပိုမိုရရှိမည်ဖြစ်ကြောင်း၊ ဥပဒေကြမ်းအားအတည်ပြုနိုင်ရေး ဆက်လက်ဆောင်ရွက်သင့်ကြောင်း ဆွေးနွေးခဲ့သည်။
သြဂုတ် ၂၀ ရက်က နေပြည်တော်တွင်ပြုလုပ်သည့် လွှတ်တော်အစည်းအဝေးများသို့ တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များကို တွေ့ရစဉ်(ဓာတ်ပုံ-မျိုးမင်းထက်)ထို့နောက်မဲခွဲဆုံးဖြတ်ရာတွင် ဥပဒေကြမ်းကော်မတီ၏ သုံးသပ်ချက်ပေါ် သြဂုတ် ၂၀ ရက်တွင် လွှတ်တော်တက်ရောက်သည့် မဲပေးခွင့်ရှိသူ ၅၂၄ ဦးအနက် ၅၁၁ ဦးမဲပေးခဲ့ပြီး ဥပဒေကြမ်းအားဆိုင်းငံ့ရန် ထောက်ခံမဲ ၂၆၄ ၊ ကန့်ကွက်မဲ ၂၃၅ နှင့် ကြားနေမဲ ၁၂ တို့ဖြစ်သဖြင့် ထောက်ခံမဲများသောကြောင့် ဥပဒေကြမ်းအား အတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆက်လက်ဆောင်ရွက်ခြင်းအား ဆိုင်းငံ့ခဲ့ခြင်းဖြစ်သည်။ယင်းကဲ့သို့ မဲခွဲဆုံးဖြတ်ရာတွင်လည်း ယခင်လွှတ်တော်တွင်မဲခွဲမှု၌ ပြည်ခိုင်ဖြိုးပါတီလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် တစ်ဖက်ဖက်တွင် ရပ်တည်လေ့ရှိသော်လည်း ယခုမူ မဲရလဒ်အရ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ထောက်ခံနှင့် ကန့်ကွက်နှစ်ဖက်ကွဲနေသည့်ပုံစံ ဖြစ်ပေါ်ခဲ့သည်။သို့ရာတွင် မဲခွဲမှုရလဒ်အပေါ် ပြည်ခိုင်ဖြိုးပါတီ လက်ရှိပူးတွဲဥက္ကဋ္ဌ ဦးဌေးဦးက "ဒါလွှတ်တော်ရဲ့အဆုံးအဖြတ်ပေါ့။ ဘာမှပြောစရာမရှိဘူးလေ။ တစ်ခုတော့ရှိတာတော့ ဆိုင်းငံ့တာကို ကျွန်တော်တို့အမြင်ပြောမယ်ဆိုရင်တော့ ပြည်သူလူထုရဲ့အခွင့်အရေးရစေချင်တာပေါ့။ သို့သော်လည်း ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးစေချင်တယ်ဆိုတဲ့ သဘောလည်းရှိမှာပေါ့။ ဒီအခွင့်အရေးကတော့ ရသင့်တယ်လို့ပဲ ကျွန်တော်မြင်တယ်။ အရင်တုန်းကလည်း ကိုယ်ယူဆတဲ့အတိုင်းပေးကြပါတယ်။ မဲကွဲတယ်ဆိုတာမရှိပါဘူး။ ကိုယ်စားလှယ်တွေရဲ့ ယူဆချက်ပေါ်မူတည်ပါတယ်" ဟုပြောကြားသည်။အဆိုပါဥပဒေကြမ်းနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့အကြား သဘောထားကွဲလွဲမှုဖြစ်ပေါ်နေပြီး အတည်ပြုပြဋ္ဌာန်းရန် ကြန့်ကြာနေခြင်းဖြစ်ကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အဆောတလျင်ပြဋ္ဌာန်းပေးရန် ပြည်ထောင်စုလွှတ်တော်နာယကထံသို့ စတုတ္ထအကြိမ်အဖြစ် သြဂုတ် ၁၃ ရက်က ထပ်မံစာရေးသားပေးပို့ခဲ့ပြီးနောက် လွှတ်တော်၌ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်နေခြင်းဖြစ်သည်။ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းအား ၎င်း၏ဇေယျာသီရိမဲဆန္ဒနယ်မှ မဲဆန္ဒရှင်များက ကိုယ်စားလှယ်လောင်းအဖြစ် ပြန်လည်ရုပ်သိမ်းပေးရန် တိုင်တန်းထားမှုရှိသော်လည်း အဆိုပါဥပဒေပြဋ္ဌာန်းထားခြင်းမရှိ၍ စစ်ဆေးနိုင်ခြင်းမရှိဘဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အဆောတလျင်ပြဋ္ဌာန်းပေးရန် စတုတ္ထအကြိမ် စာရေးသားတွန်းအားပေးမှုသည် သူရဦးရွှေမန်းအား ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌရာထူးမှ ဖယ်ရှားခံရအပြီးတွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ထိုသို့ဆွေးနွေးဆုံးဖြတ်မှုများအပြီး မီဒီယာများ၏မေးမြန်းမှုအား ဒေါ်အောင်ဆန်းစုကြည်က "ဒီလောက်တောင်လုပ်ချင်တယ်ဆိုရင် သေသေချာချာဆွေးနွေးလိုက်။ ဥပဒေတစ်ခုမှာရှိအပ်တဲ့ လက္ခဏာတွေမပြည့်စုံဘဲ ဒီတော့ ဆိုင်းငံ့ထားတယ်ဆိုရင်လည်း မှန်ပါတယ်။ ဆက်ပြီးဆွေးနွေးမယ်ဆိုရင်လည်း မှန်ပါတယ်။ ဆက်ပြီးဆွေးနွေးမယ်ဆိုရင်တော့ အချိန်တော်တော်ယူရဦးမယ်" ဟုပြောကြားသည်။