သမ္မတနှင့် တိုင်းရင်းသားလက်နက်ကိုင်ထိပ်သီးခေါင်းဆောင်များ၏ တွေ့ဆုံဆွေးနွေးပွဲကျင်းပနိုင်ရေး UPWC အလုပ်အဖွဲ့နှင့် SD ခေါင်းဆောင်များ ချင်းမိုင်တွင်ဆွေးနွေး

သမ္မတနှင့် တိုင်းရင်းသားလက်နက်ကိုင်ထိပ်သီးခေါင်းဆောင်များ၏ တွေ့ဆုံဆွေးနွေးပွဲကျင်းပနိုင်ရေး UPWC အလုပ်အဖွဲ့နှင့် SD ခေါင်းဆောင်များ ချင်းမိုင်တွင်ဆွေးနွေး
Published 21 August 2015
အောင်ဇော်ထွန်း

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) အလုပ်အဖွဲ့ဖြစ်သည့် Myanmar Peace Center မှတာဝန်ရှိသူများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (SD) ခေါင်းဆောင်များသည် သြဂုတ် ၂၀ ရက်က ထိုင်းနိုင်ငံချင်းမိုင်၌ တွေ့ဆုံ၍ နိုင်ငံတော်သမ္မတအပါအဝင် အစိုးရခေါင်းဆောင်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ၏ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပနိုင်ရေးအပါအဝင် တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးသဘောတူစာချုပ် (NCA) နှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သတင်းရရှိသည်။
သူတို့ဟာ ထိပ်သီးခေါင်းဆောင်အချင်းချင်းဖြစ်နေတော့ ဆုံးဖြတ်ချက်အသေးစိတ်ကျချင်မှ ကျမယ်လေ။ သူတို့အနေနဲ့က မူပိုင်းဆိုင်ရာသဘောတူညီချက်လောက်ပဲ ရမှာဖြစ်တယ်လေ . . .

ထိုသို့ဆွေးနွေးခဲ့ရာ အစိုးရခေါင်းဆောင်များနှင့် တိုင်းရင်းသားခေါင်းဆောင်များတွေ့ဆုံမည့်ရက် အတိအကျသတ်မှတ်နိုင်ခြင်းမရှိခဲ့သော်လည်း လာမည့်အပတ်အတွင်းပြုလုပ်နိုင်ဖွယ်ရှိသည်ဟု ဆွေးနွေးမှုတွင်ပါဝင်ခဲ့သည့် Myanmar Peace Center မှ ဦးအောင်နိုင်ဦးကဆိုသည်။SD အဖွဲ့ဝင် ဒေါက်တာဆလိုင်းလျန်မှုန်းကလည်း "ဒီနေ့အစည်းအဝေးကတော့ နည်းနာပိုင်းဆွေးနွေးတာဖြစ်တော့ ဘာတွေလုပ်သင့်တယ်ဆိုတဲ့ အကြံဉာဏ်ထုတ်တဲ့သဘောပဲဖြစ်တယ်။  ဒါပေမဲ့ ကျွန်တော်တို့ အရေးကြီးတဲ့ကိစ္စတော်တော်များများကို ကျွန်တော်တို့ဆွေးနွေးဖြစ်တယ်။ အခုက ကျွန်တော်တို့ NCA စာချုပ်ကလည်းရှိနေပြီးပြီ။ ပြီးတော့ နောက်ဆုံး အဓိကကျန်နေတာက အားလုံးပါဝင်ရေးမူဖြစ်တယ်။ အားလုံးပါဝင်ရေးမူကို ကျွန်တော်တို့ထိပ်သီးခေါင်းဆောင်တွေနဲ့ သမ္မတတွေ့တဲ့အခါကျ ရင် ဘယ်လိုချဉ်းကပ်ပြီး ဖြေရှင်းရင်ကောင်းမလဲဆိုတာမျိုး ကျွန်တော်တို့စဉ်းစားတာဖြစ်တယ်။ အဲဒီအထဲမှာ အရေးကြီးတာက သူတို့ဟာ ထိပ်သီးခေါင်းဆောင်အချင်းချင်းဖြစ်နေတော့ ဆုံးဖြတ်ချက်အသေးစိတ်ကျချင်မှ ကျမယ်လေ။ သူတို့အနေနဲ့က မူပိုင်းဆိုင်ရာသဘောတူညီချက်လောက်ပဲ ရမှာဖြစ်တယ်လေ။ အဲဒီမူပိုင်းဆိုင်ရာ သဘောတူညီချက်တွေကို တကယ့်ဆုံးဖြတ်ချက်ပုံစံမျိုးဖြစ်အောင် ကျွန်တော်တို့ UPWC နဲ့ SD ကနေ ဆက်လက်ဆောင်ရွက်ဖို့ဟာဖြစ်တယ်။ အဲဒီအတွက်ကြောင့် သမ္မတနဲ့ ထိပ်သီးခေါင်းဆောင်တွေ တွေ့ပြီးပြီးချင်း UPWC နဲ့ SD နည်းနာပိုင်းဆိုင်ရာ အစည်းအဝေးထပ်လုပ်ဖို့လိုတယ်ဆိုတာ ကျွန်တော်တို့က စဉ်းစားထားပါတယ်။ ဆုံးဖြတ်ချက်ကတော့ ကျွန်တော်တို့ထိပ်သီးခေါင်းဆောင်အစည်းအဝေးကျမှ ဆုံးဖြတ်မှာဖြစ်တယ်" ဟု ပြောကြားသည်။SD အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များအစည်းအဝေးကို သြဂုတ် ၂၁ ရက်မှစတင်ပြီး ကျင်းပမည်ဖြစ်ကြောင်း ဒေါက်တာဆလိုင်းလျန်မှုန်းကဆိုသည်။ဆွေးနွေးမှုနှင့်ပတ်သက်၍ Myanmar Peace Center မှ ဦးအောင်နိုင်ဦးက "သူတို့လာမယ့်ကိစ္စပေါ့။ သူတို့က မနက်ဖြန်အစည်းအဝေးစပြီးတော့ သုံးရက်လောက်ကြာမယ်လို့ပြောတယ်။ အဲဒီအစည်းအဝေးပြီးမှပဲ သိရမယ်ဆိုတော့ ရှေ့အပတ်ထဲမှာဖြစ်မယ်။ ရှေ့အပတ် ဘယ်ရက်လဲဆိုတာကိုတော့ မသိရသေးဘူး။ သူတို့ဘက်က အရင်ပြောထားတဲ့အတိုင်း ငါးအပေါင်းသုံးပဲဖြစ်မှာပါ။ ခေါင်းဆောင်တွေချည်းပဲလာမှာလေ" ဟု သြဂုတ် ၂၀ ရက်က ပြောကြားသည်။သမ္မတအပါအဝင် နှစ်ဖက်အဆင့်မြင့်ဆုံးပုဂ္ဂိုလ်များတွေ့ဆုံပါက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဘက်က ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ(NMSP) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) အဖွဲ့အစည်းများမှ ခေါင်းဆောင်များပါဝင်ရန် ရွေးချယ်ထားပြီး SD အဖွဲ့ခေါင်းဆောင်သုံးဦးလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။KNU ဥက္ကဋ္ဌမှာ ဗိုလ်ချုပ်ကြီးစောမူတူးဆေးဖိုးဖြစ်ပြီး ဒုတိယဥက္ကဋ္ဌမှာ ပဒိုနော်စီဖိုးရာစိန်ဖြစ်သည်။ KIO ဥက္ကဋ္ဌမှာ ဦးဇောင်းဟရားဖြစ်ပြီး ဒုတိယဥက္ကဋ္ဌမှာ ဗိုလ်ချုပ်ကြီးအင်ဘန်လဖြစ်ကာ ၎င်းသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပူးပေါင်းဖွဲ့စည်းထားသည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဥက္ကဋ္ဌလည်းဖြစ်သည်။KNPP ဥက္ကဋ္ဌမှာ ခွန်းအေဘယ်တွိဒ်ဖြစ်ပြီး ဒုတိယဥက္ကဋ္ဌမှာ ခူဦးရယ်ဖြစ်ကြောင်း၊ NMSP ဥက္ကဋ္ဌမှာ နိုင်ထောမွန်ဖြစ်ပြီး ဒုတိယဥက္ကဋ္ဌမှာ နိုင်ဟံသာဖြစ်ကြောင်းနှင့် SSPP ဥက္ကဋ္ဌမှာ စဝ်ပန်ဖဖြစ်ပြီး ဒုတိယဥက္ကဋ္ဌမှာ စဝ်ခေးတိုင်းဖြစ်ကြောင်း သိရသည်။NCA လက်မှတ်ထိုးနိုင်ရေးအတွက် နှစ်ဖက်သဘောတူရန်ကျန်နေသည့် NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးမည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိစ္စနှင့်ပတ်သက်၍ အစိုးရအဆင့်မြင့်ဆုံးခေါင်းဆောင်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အဆင့်မြင့်ဆုံးခေါင်းဆောင်များ တွေ့ဆုံညှိနှိုင်းရန် SD ဘက်က အဆိုပြုခဲ့ခြင်းဖြစ်သည်။