ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်း ဆက်တိုက်တိုးမြှင့် သတ်မှတ်နေသည့်အတွက် ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၁၃၀၀ အထိ မြင့်တက်ခဲ့ပြီး ငွေလဲနှုန်း မတည်ငြိမ်မှုများ ဖြစ်ပေါ်

ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်း ဆက်တိုက်တိုးမြှင့် သတ်မှတ်နေသည့်အတွက် ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၁၃၀၀ အထိ မြင့်တက်ခဲ့ပြီး ငွေလဲနှုန်း မတည်ငြိမ်မှုများ ဖြစ်ပေါ်
Published 20 August 2015
အောင်မြတ်ကို၊ ထက်သျှိုင်း

ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်း ဆက်တိုက် တိုးမြှင့်သတ်မှတ်ခဲ့ပြီး ပြင်ပဈေးကွက်တွင် ဒေါ်လာဈေးနှုန်း မတည်ငြိမ်မှုများ ဖြစ်ပေါ်နေကြောင်း နိုင်ငံခြားငွေကြေး လဲလှယ်ရောင်းဝယ်ရေး ဈေးကွက်အသိုင်းအဝိုင်းထံမှ သြဂုတ် ၂၀ ရက်က စုံစမ်းသိရသည်။
သြဂုတ် ၂၀ ရက်တွင် ဗဟိုဘဏ်၏ သတ်မှတ်ငွေလဲနှုန်း တစ်ဒေါ်လာ ၁၂၈၃ ကျပ် တိုးမြှင့်သတ်မှတ် လိုက်ခြင်းနှင့်အတူ ပြင်ပဈေးကွက် အဖွင့်ဈေးတွင် တစ်ဒေါ်လာလျှင် ၁၃၀၅ ကျပ်ဝန်းအထိ ရှိလာပြီး မွန်လွဲပိုင်းတွင် တစ်ဒေါ်လာ တန်ဖိုး ၁၂၉၅ကျပ်သို့ ပြန်လည်ကျဆင်းသွားကြောင်း စုံစမ်းသိရသည်။
ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းသည် သြဂုတ် ၁၀ ရက်တွင် တစ်ဒေါ်လာတန်ဖိုး ၁၂၃၄ ကျပ်မှ သြဂုတ် ၁၄ ရက်တွင် တစ်ဒေါ်လာတန်ဖိုး  ၁၂၅၆  ကျပ်သို့ ၂၂ ကျပ်တိုးမြှင့် သတ်မှတ်ခဲ့ပြီး သြဂုတ် ၁၇ ရက်တွင် တစ်ဒေါ်လာ တန်ဖိုး ၁၂၆၆ ကျပ်မှ သြဂုတ် ၂၀ ရက်တွင် တစ်ဒေါ်လာတန်ဖိုး ၁၂၈၃ ကျပ်အထိ လေး ရက်တာကာလအတွင်း ၁၇ ကျပ်ထပ်မံ တိုးမြင့်သတ်မှတ်ခဲ့သည်။ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းသည်   သြဂုတ် ၁၀ ရက်မှ ၂၀ ရက် အထိ တစ်ဒေါ်လာတန်ဖိုး ၄၉ ကျပ်အထိ တိုးမြှင့်သတ်မှတ်ခဲ့သည်။
ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်း မြင့်တက်ခြင်းနှင့်အတူ ဗဟိုဘဏ်၏ သတ်မှတ်ငွေလဲနှုန်းတွင် စင်ကာပူတစ်ဒေါ်လာ ၉၁၆ ကျပ်သို့လည်းကောင်း၊ မလေးရှားတစ်ရင်းဂစ် ၃၁၃ ကျပ်သို့လည်းကောင်း၊ ထိုင်းတစ်ဘတ် တန်ဖိုး ၃၆ ကျပ်သို့ လည်းကောင်းမြင့်တက် လာခဲ့သည်။
“Exchange Rate က မြန်မာပြည်က တက်လာတယ်။ ၁၂၀၀၊ ၁၃၀၀ ၂၀ ရာခိုင်နှုန်း၊ ရာခိုင်နှုန်း ၃၀ တက်လာပေမယ့် မလေးရှားရင်းဂစ်ဆို တစ်ဒေါ်လာကို ၄ ဒသမ ၁၇ ကျော်သွားပြီးတော့ စင်ကာပူဒေါ်လာ ဆိုလည်း သူတို့တန်ဖိုးနဲ့ ပြောရင် အနိမ့်ဆုံးဖြစ်သွားတယ်။ Regional တစ်ခုလုံး ဖြစ်နေတာပေါ် မူတည်တယ်။ အမေရိကန်ဒေါ်လာက ကမ္ဘာ့ငွေကြေးဈေးကွက်မှာ Strong ဖြစ်လာတာက အဓိက ပါတာပေါ့။ ရာခိုင်နှုန်း ၃၀ ပြောင်းသွားတယ်ဆို ၂၀ ရာခိုင်နှုန်းလောက်က တကယ့်ဒီ Currency ဆို Currency Preview အတက်အကျနဲ့လိုက်ပြီး မြန်မာပြည်တစ်ခုတည်းဖြစ်တာ မဟုတ်ဘူး။ နဂိုတုန်းက မြန်မာပြည် တစ်ခုတည်းနဲ့ဖြစ်တာ။ အခုတော့ Regional တစ်ခုလုံး သက်ရောက်တဲ့ သဘောလားလို့ထင်တယ်။ လောလောဆယ်ဖြစ်နေတဲ့ နိုင်ငံရေး မတည်ငြိမ်မှုလေးတွေက Risk Sector အနေနဲ့ Exchange Rate မှာ အမြဲတမ်း သက်ရောက်မှု ပါတာပေါ့” ဟုဘဏ်လုပ်ငန်းပညာရှင် ဒေါက်တာသောင်းဟန်က ပြောကြားသည်။
သြဂုတ် ၂၀ ရက်တွင် ဖြစ်ပေါ်နေသော နိုင်ငံခြားငွေလဲနှုန်းများမှာ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းတွင် တစ်ဒေါ်လာလျှင် ၁၂၈၃ ကျပ် သတ်မှတ်ထားသည်။ ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာတန်ဖိုးမှာ ရောင်းဈေး ၁၂၉၅ ကျပ် ဝန်းကျင်၊ ဝယ်ဈေး ကျပ် ၁၂၈၈ ဝန်းကျင်တွင် ရှိနေသည်။ ပြင်ပဈေးကွက်တွင် စင်ကာပူ တစ်ဒေါ်လာလျှင် ရောင်းဈေး ၉၂၅ ကျပ် ဝန်းကျင်၊ ဝယ်ဈေး ကျပ် ၉၁၀ ဝန်းကျင် နှင့် ယူရိုတန်ဖိုးမှာ တစ်ယူရိုလျှင်ရောင်းဈေး ၁၄၂၅ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ကျပ်  ၁၄၁၀ ဝန်းကျင်တွင်ရှိနေသည်။
ပြင်ပဈေးကွက် ဒေါ်လာလဲနှုန်းသည် သြဂုတ် ၁၃ ရက်တွင် တစ်ဒေါ်လာ တန်ဖိုး ကျပ် ၁၂၈၀ ဝန်းကျင်အထိ အမြင့်တက်ခဲ့သော်လည်း သြဂုတ် ၁၄ ရက်တွင်တစ် ဒေါ်လာ လဲနှုန်းမှာ  ၁၂၇၄ ကျပ် ဝန်းကျင်သို့ ပြန်လည်ကျဆင်းသွားသည်။ သြဂုတ် ၁၈ ရက်တွင် တစ်ဒေါ်လာတန်ဖိုး ၁၂၈၃ကျပ်ဝန်းကျင်သို့ ရောက်ရှိလာခဲ့ပြီး သြဂုတ် ၂၀ ရက်တွင် တစ် ဒေါ်လာတန်ဖိုးမှာ ရောင်းဈေး ၁၂၉၅ ကျပ်ဝန်းကျင်အထိ ရှိလာသည်။
ပြည်တွင်းပုဂ္ဂလိက ဘဏ်များတွင် သြဂုတ် ၁၇ ရက်တွင် တစ်ဒေါ်လာတန်ဖိုးမှာ ရောင်းဈေး ၁၂၇၅ ကျပ်၊ ဝယ်ဈေး ၁၂၆၈ ကျပ် ဝန်းကျင်ရှိနေသည်။ သြဂုတ် ၁၈ ရက်တွင် တစ်ဒေါ်လာတန်ဖိုး ရောင်းဈေး ၁၂၇၆ ကျပ် ဝန်းကျင်၊ ဝယ်ဈေး ၁၂၆၇ ကျပ်ဝန်း ကျင်တွင်ရှိနေပြီး သြဂုတ် ၁၉ ရက်တွင် တစ်ဒေါ်လာတန်ဖိုး ရောင်းဈေး ၁၂၈၅ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၂၇၉ ကျပ်ဝန်းကျင်ရှိနေသည်။ သြဂုတ် ၂၀ ရက် တွင်တစ်ဒေါ်လာတန်ဖိုး ရောင်းဈေး ၁၂၉၃ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၂၈၆ ကျပ်ဝန်းကျင်အထိ မြင့်တက်လာခဲ့သည်။
“နိုင်ငံခြားနဲ့ ငွေသွင်း ငွေယူလုပ်ရတဲ့ နေရာမှာ ဥပမာ ပို့ကုန်သမားတွေအတွက် အဆင်ပြေတာပေါ့။ ွှTrade Balance လို့ ပြောတာပေါ့။ ပို့ကုန်နည်းတာကတော့ မှန်တယ်။ ပို့ကုန်နည်းတဲ့ အခါကျတော့ Trade Balance မှာ လိုငွေပြလာတာပိုများတဲ့ သဘောပေါ့။ နိုင်ငံခြား တိုင်းပြည်တွေနဲ့ယှဉ်ရင် နိုင်ငံခြား တိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုမှာ FDI ပဲမဟုတ်ဘူး။ နိုင်ငံခြားအကူအညီတွေ၊ ဥပမာ ဂျပန်က ဝင်လာမယ့် မီးရထားစီမံကိန်းမျိုး ရန်ကုန်၊ မန္တလေး ပရောဂျက်လိုမျိုး။ ဒီလိုမျိုး နိုင်ငံခြား ပရောဂျက်တွေရဲ့ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ မြန်မာပြည်ကို ကူညီမယ့် ငွေတွေ စီးဝင်လာရင် Unbalance ဖြစ်နေတာတွေ အဆင်ပြေသွားမယ်လို့ ထင်တယ်” ဘဏ်လုပ်ငန်း ပညာရှင် ဒေါက်တာသောင်းဟန်က ပြောကြားသည်။
 
        

Most Read

Most Recent