နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ စောင့်ကြည့်ကာလသို့ ရောက်ရှိလာသဖြင့် လေးနှစ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့၏ ရုံးခန်းငှားရမ်းခများ စတင်တုံ့ဆိုင်း

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ စောင့်ကြည့်ကာလသို့ ရောက်ရှိလာသဖြင့် လေးနှစ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့၏ ရုံးခန်းငှားရမ်းခများ စတင်တုံ့ဆိုင်း
Published 20 August 2015
နွဲ့ယဉ်အေး

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကာလ နီးကပ်နေပြီဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များ စောင့် ကြည့်နေသည့် ကာလသို့ ရောက်ရှိလာသဖြင့် ပြီးခဲ့သည့် လေးနှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့၏ ရုံးခန်းသုံးနေရာ ငှားရမ်းခများ စတင်တုံ့ဆိုင်းသွားကြောင်း အဆိုပါဈေးကွက် အခြေအနေများအရ သိရသည်။
မြန်မာနိုင်ငံ ကုန်သည်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် UMFCCI ၏ တရားဝင် သုတေသနကုမ္ပဏီ New Crossroads Asia (NCRA) ၏ အိမ်ခြံမြေဆိုင်ရာ အစီရင်ခံစာတွင်လည်း လေးနှစ်ကျော်ကာလအတွင်း ရန်ကုန်မြို့၏ ငှားရမ်းခများ တုံ့ဆိုင်းသွားကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် အစိုးရသစ်လက်ထက် ၂၀၁၁ ခုနှစ်မှစတင်ကာ စီးပွားရေးမြို့တော် ရန်ကုန်တွင် အိမ်ခြံမြေ ဈေးနှုန်းများ အလွန်မြင့်တက်လာခဲ့ပြီး ၂၀၁၂ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်အကြားတွင် အဓိက စီးပွားရေး နေရာများတွင် အိမ်ခြံမြေငှားရမ်းခများမှာ နှစ်ဆနီးပါး မြင့်တက်လာခဲ့သည်။
ယခု ၂၀၁၅ ခုနှစ် အစောပိုင်းတွင် အိမ်ခြံမြေငှားရမ်းခများမှာ ရာခိုင်နှုန်း ၂၀ ခန့် ကျဆင်းသွားကြောင်း ပညာရှင်များအတွင် အိမ်ခြံမြေငှားရမ်းမှုများ ပြုလုပ်ပေးသည့် အေဂျင်စီ Pronto Services မှ မန်နေဂျာ ဦးရော်ဘင်အောင်စိုးနိုင်က ပြောကြားမှုကို ကိုးကား၍ NCRA ၏ အစီရင်ခံစာထဲတွင် ဖော်ပြခဲ့သည်။
ထိုသို့ အိမ်ခြံမြေငှားရမ်းခများ ကျဆင်းသွားခြင်းမှာ ဈေးကွက်အတွင်း အိမ်ခြံမြေစီမံကိန်းများ ပြီးစီးမှုတိုးတက် လာသဖြင့် အိမ်ငှားရမ်းမည့် သူများအနေနှင့် ရွေးချယ်စရာ ပမာဏ မြင့်တက်လာခြင်းကြောင့်လည်း တစ်ခုပါဝင်ကြောင်း သိရသည်။
“ရုံးခန်းသုံးနေရာ ငှားရမ်းမှုက နိုင်ငံရဲ့ စီးပွားရေးကို ထင်ဟပ်စေပါတယ်။ စီးပွားရေးကောင်းရင် အခန်းတွေ လိုအပ်ချက်လည်း မြင့်တက်လာမှာပဲ။ ဒါပေမဲ့ စီးပွားရေးကဏ္ဍတွေ အတော်များများက စည်းမျဉ်းမသေချာမှုတွေနဲ့ နောက်ပြန်ဆွဲနေတော့ နိုင်ငံခြားသားတွေ ဝင်ရောက်လာမှုကလည်း အကန့်အသတ် ဖြစ်သွားစေပါတယ်” ဟု နိုင်ငံတကာ အိမ်ခြံမြေ ဝန်ဆောင်မှုကုမ္ပဏီကြီး Colliers International Myanmar ၏ မန်နေဂျင်းဒါရိုက်တာ တိုနီပီကွန်က ပြောကြားသည်။
၎င်းက လာမည့်နိုဝင်ဘာတွင် ကျင်းပမည့် ရွေးကောက်ပွဲ အခြေအနေကိုလည်း Colliers International မှ ကြည့်ရှုနေကြောင်း သိရသည်။
“၂၀၁၁ ခုနှစ်၊ ဟီလာရီကလင်တန် ဒီကိုလာတုန်းကလည်း နိုင်ငံတကာက စိတ်ဝင်စားမှုတွေ အများကြီး ဖြစ်ပေါ်ခဲ့ပါတယ်။ လာမယ့် နိုဝင်ဘာရွေးကောက်ပွဲဟာ လွတ်လပ်မျှတတယ်လို့ ယူဆဖွယ်ရာ ဖြစ်တယ်ဆိုရင် လူတိုင်း ဒီကိုလာကြတော့မှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံတွင် ရုံးခန်းသုံးနေရာများအတွက် ငှားရမ်းခများမှာ အခြားအိမ်နီးချင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက ကြီးမြင့်နေဆဲဖြစ်သည်။
Colliers International ၏ အစီရင်ခံစာ အရ ၂၀၁၄ ခုနှစ် သြဂုတ်တွင် ရန်ကုန်မြို့၏ ရုံးခန်းနေရာငှားရမ်းခမှာ ဒေသတွင်းတွင် အမြင့်ဆုံးသို့ရောက်ရှိခဲ့ပြီး တစ်လချင်းငှား ရမ်းခမှာ တစ်စတုရန်းပေလျင် ၈ ဒေါ်လာဈေး ရှိပြီး စင်ကာပူနိုင်ငံတွင် ထိပ်တန်းရုံးခန်း နေ ရာငှားရမ်းခထက် ၂၁ ရာခိုင်နှုန်း ပိုများခဲ့ကြောင်း သိရသည်။
လတ်တလော မြန်မာ့အိမ်ခြံမြေဈေးကွက်တွင် ဆောက်လုပ်ရေးစီမံကိန်း အများအပြား လုပ်ဆောင်နေမှု၊ အိမ်ခြံမြေဈေးကွက်အတွင်း အချို့သော ပြဿနာရပ်များနှင့် နိုင်ငံတွင်း အခြေအနေ အရပ်ရပ်ကြောင့် ရောင်းလိုအားများလာပြီး ဝယ်လိုအား ကျဆင်းလာနေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေမှာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများက စောင့်ကြည့်နေသည့် အနေအထား တစ်ရပ်ဖြစ်နေပြီး အိမ်ခြံမြေဈေးကွက် လှုပ်ရှားမှု နည်းပါးလျက်ရှိကြောင်း အဆိုပါဈေးကွက်အတွင်းမှ သိရသည်။
သို့သော် ၂၀၁၅ ခုနှစ်အကုန် အာဆီယံ စီးပွားရေး အသိုက်အဝန်း AEC စတင်ချိန်တွင် မြန်မာ့အိမ်ခြံမြေ ဈေးကွက်အတွင်း စီးပွားရေးလုပ်ငန်းသုံး ရုံးခန်းနေရာများအတွက် တောင်းဆိုမှုများ မြင့်တက်လာနိုင်ကြောင်း အွန်လိုင်းအခြေပြု အိမ်ခြံမြေရောင်းဝယ်ရေး ဝက်ဘ်ဆိုက် House.com.mm ၏ လေ့လာ သုံးသပ်ချက်အရ သိရသည်။
၂၀၁၅ ခုနှစ်အကုန်တွင် အာဆီယံနိုင်ငံများအကြား လွတ်လပ်စွာ ကုန်သွယ်ရေးဇုန်အဖြစ် ဖော်ဆောင်မည့် အာဆီယံစီးပွားရေး အသိုက်အဝန်းကို စတင်အကောင်အထည် ဖော်မည်ဖြစ်သည်။
 

Most Read

Most Recent