ဒေါ်လာဖြင့်ရောင်းချ၍ ကျပ်ငွေဖြင့် ပြန်အမ်းမည်ဖြစ်ကြောင်း အသိပေးခဲ့သည့် The Pizza Company အား ဗဟိုဘဏ် ခေါ်ယူစိစစ်မည်

ဒေါ်လာဖြင့်ရောင်းချ၍ ကျပ်ငွေဖြင့် ပြန်အမ်းမည်ဖြစ်ကြောင်း အသိပေးခဲ့သည့် The Pizza Company အား ဗဟိုဘဏ် ခေါ်ယူစိစစ်မည်
Published 20 August 2015

ဒေါ်လာဖြင့်ရောင်းချ၍ ကျပ်ငွေဖြင့် ပြန်အမ်းမည်ဖြစ်ကြောင်း စားသုံးသူများကို အသိပေးခဲ့သည့် The Pizza Company ကို ခေါ်ယူစိစစ် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ပြောကြားသည်။
ထိုသို့ လုပ်ဆောင်ရန် စီစဉ်လာရခြင်းမှာ လူမှုကွန်ရက် Facebook တွင် ပျံ့နှံ့ခဲ့သည့် အမေရိကန်အခြေစိုက် The Pizza နှင့် Swensens ပီဇာဆိုင်နှင့် ရေခဲမုန့်ဆိုင်တို့၏ ကြေညာချက်များဖြစ်သည် ‘The Pizza Company ဆိုင်များမှာ စားသုံးသူ မိတ်ဟောင်း မိတ်သစ် ဧည့်သည်များကို လေးစားစွာဖြင့် အသိပေး အကြောင်းကြား အပ်ပါသည်’ ဆိုကာ ယင်းတို့၏ ဆိုင်များတွင် လာရောက်စားသုံးသူများအား ရည်ရွယ်သည့် အသိပေး ကြေညာမှုတစ်ရပ် ပြုလုပ်ခဲ့မှုကြောင့်ဖြစ်သည်။
အဆိုပါ အသိပေးစာတွင် ‘The Pizza Company ဆိုင်များမှ Menu ဈေးနှုန်းများကို (17th Aug 2015) မှ စတင်၍ မြန်မာကျပ်ငွေအစား USD(Dollar) ဖြင့် ပြောင်းလဲသွားမည် ဖြစ်ပါကြောင်းနှင့် ငွေပေးချေမှုများအား ဗဟိုဘဏ်မှ သတ်မှတ်ပေးထားသော (Exchange Rate) များအတိုင်းသာ ကောက်ခံမည်ဖြစ်ပါသည်။ USD (Dollar) ဖြင့် ငွေပေးချေမှုများအတွက် ပြန်အမ်းငွေများကို မြန်မာကျပ်ငွေဖြင့်သာ ပြန်လည်ရှင်းလင်း သွားပါမည်။ စဉ်ဆက်မပြတ် အားပေးမှုအတွက် ကျေးဇူးအထူး တင်ရှိပါသည်။ EFG Myanmar Management (Express Food Group (Myanmar))’  ဟု ဖော်ပြခဲ့ပြီး Swensen’s ရေခဲမုန့်ဆိုင်သည်လည်း အလားတူ အသိပေးမှု ပြုလုပ်ခဲ့သည်။
“အဲ့ဒီ Pizza ဆိုင်ကို ခေါ်တွေ့ဖို့ရှိပါတယ်။ လူတိုင်းစားဖို့ရောင်းတဲ့ အစားအစာကို ဒေါ်လာနဲ့ရောင်းတော့ အီဒီဒေါ်လာငွေကို စာရင်းဘယ်လိုဖွင့်ပြီး ဘာတွေသုံးသလဲ စသည်ဖြင့်ပေါ့။ အစိုးရဌာနတွေတောင် ဒေါ်လာမသုံးဖို့ ညွှန်ကြားထားပြီး နေရာတိုင်း ကျပ်ငွေသုံးဖို့ ဆောင်ရွက်နေချိန်မှာ ဘာရည်ရွယ်ချက်နဲ့ လုပ်တာလဲ ဆိုတာကို ခေါ်ယူစိစစ်သွားပါမယ်” ဟု ဦးဝင်းသော်က ထပ်မံပြောကြားသည်။
အဆိုပါ ဆိုင်နှစ်ဆိုင်စလုံးသည် EFG Myanmar Management ၏ စီမံခန့်ခွဲမှုများ အောက်တွင်ရှိနေပြီး အဆိုပါ ကုမ္ပဏီသည် ထိုင်းနိုင်ငံတွင် ရုံးချုပ်ဖွင့်လှစ်ထားသည့် RMA Group ကုမ္ပဏီ၏ Member ဝင် ကုမ္ပဏီခွဲတစ်ခု ဖြစ်ကြောင်း သိရသည်။
RMA Group ကုမ္ပဏီအနေနှင့် မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်မှ စတင်ဝင်ရောက် လာခဲ့ခြင်းဖြစ်ပြီး Ford၊ Jaguar၊ Land Rover စသည့် မော်တော်ယာဉ်နှင့် အပိုပစ္စည်းများ တင်သွင်းရောင်းချမှု အပါအဝင် ပြုပြင်ခြင်း လုပ်ငန်းများအား နိုင်ငံတော်သမ္မတ၏ စီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီ ဒေါက်တာကိုကိုကြီး၏ Capital Automotive,Ltd နှင့် ဆက်နွှယ်လုပ်ကိုင်နေကြောင်းနှင့် အခြားသော လုပ်ငန်းများစွာ လုပ်ကိုင်နေကြောင်း RMA Group ကုမ္ပဏီ၏ တရားဝင်ဝက်ဘ်ဆိုတ်တွင် ဖော်ပြထားချက်အရ သိရသည်။
ဒေါ်လာဖြင့် ရောင်းချမည်ဖြစ်ကြောင်း စားသုံးသူများကို အသိပေးခဲ့သည့် EFG Myanmar Management ကိုဆက်သွယ်ရန် RMA Group ကုမ္ပဏီ၏ တရားဝင်ဝက်ဘ်ဆိုတ်တွင် ဖော်ပြထားသည့် ဖုန်းနံပါတ်များသို့ သြဂုတ် ၂၀ ရက်က ဆက်သွယ်ရာ ဖုန်းတစ်လုံးမှာ ဆက်သွယ်မရခဲ့ဘဲ ကျန်တစ်လုံးမှာ Business ပိုင်းနှင့် သက်ဆိုင်မှုမရှိသည့် Techanical Support ဖုန်းသာဖြစ်သဖြင့် အထက်ပါ ဒေါ်လာဖြင့် စားသောက်ကုန်များ ရောင်းချမည်ဆိုသည့် ဖြစ်ရပ်အတွက် ဗဟိုဘဏ်နှင့် တွေ့ဆုံရန် ရှိမရှိ ဆိုသည့် မေးမြန်းချက်ကို သက်ဆိုင်မှု မရှိကြောင်းနှင့် သိရှိမှုမရှိကြောင်းသာ တုံ့ပြန်ခဲ့သည်။

Most Read

Most Recent