လွှတ်တော်ကိုယ်စားလှယ် ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းတွင် တစ်ရာခိုင်နှုန်း တိုင်တန်းချက်ကို ပြင်ဆင်ပြီးမှ ဆွေးနွေးအတည်ပြု ပြဋ္ဌာန်းသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ ပြောကြား

လွှတ်တော်ကိုယ်စားလှယ် ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းတွင် တစ်ရာခိုင်နှုန်း တိုင်တန်းချက်ကို ပြင်ဆင်ပြီးမှ ဆွေးနွေးအတည်ပြု ပြဋ္ဌာန်းသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ ပြောကြား
Published 19 August 2015

လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းတွင် သက်ဆိုင်ရာ မဲဆန္ဒနယ်မှ မူလမဲဆန္ဒရှင်များအနက် တစ်ရာခိုင်နှုန်း တိုင်တန်းချက်ကို ပြင်ဆင်ပြီးမှ ဆွေးနွေးအတည်ပြု ပြဋ္ဌာန်းသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။သြဂုတ် ၁၈ ရက်က ပြန်လည်ကျင်းပသည့် ခေတ္တရပ်နားထားသော (၁၂) ကြိမ်မြောက် လွှတ်တော်အစည်းအဝေးများတွင် ပြည်ထောင်စုလွှတ်တော်သို့ ရောက်ရှိနေပြီး အတည်ပြုနိုင်ခြင်း မရှိသေးသည့် လွှတ်တော်ကိုယ်စားလှယ် ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဆွေးနွေးအတည်ပြု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီမှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးခင်မောင်ညိုက ပြောကြားသည်။ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၆ (ခ)တွင် သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလမဲဆန္ဒရှင်များအနက် အနည်းဆုံး တစ်ရာခိုင်နှုန်းတို့က တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုသော လွှတ်တော်ကိုယ်စားလှယ်နှင့် ပတ်သက်သည့် တိုင်တန်းချက်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြရမည်ဟု ဖော်ပြထားသည်။အဆိုပါကိစ္စနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက “တစ်ရာခိုင်နှုန်းကတော့ နည်းတာပေါ့ကွယ်။ တချို့ပါတီများ ပြောသလို လူချင်းမကျေနပ်တာနဲ့ပဲ တစ်ရာခိုင်နှုန်း လက်မှတ်ထိုးပြီး တိုင်နိုင်သလို ဖြစ်နေတာပေါ့။ တစ်ရာခိုင်နှုန်းကိုတော့ ပြင်ဆင်သင့်ပါတယ်” ဟု ပြောကြားသည်။အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေး ကာလတွင် လွှတ်တော်၌ ပုဒ်မ ၃၉၆ (ခ) တွင်ပါရှိသည့် တစ်ရာခိုင်နှုန်း တိုင်တန်းချက်အစား ရာခိုင်နှုန်း ၂၀ ပြင်ဆင်ရန် ဆွေးနွေးခဲ့သော်လည်း အောင်မြင်ခြင်း မရှိခဲ့ပေ။“လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ရေး ကာလတုန်းက ဒီပုဒ်မနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။ ဒီပုဒ်မဟာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ကိုယ်စားလှယ်တာဝန်မှ ရုပ်သိမ်းချင်တယ်ဆိုရင် သက်ဆိုင်ရာ မဲဆန္ဒနယ်က မဲဆန္ဒရှင် တစ်ရာခိုင်နှုန်းက အဆိုပြုရမယ်ဆိုတဲ့ အခြေအနေတစ်ခု ဖြစ်နေတယ်။ ဒါနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ၂၀ ရာခိုင်နှုန်း ပြောင်းလဲပေးဖို့အတွက် ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ ဒီကိစ္စကို ကျွန်တော်တို့ ဆွေးနွေးခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီရွေးချယ်ခံ ကိုယ်စားလှယ်တွေအတွက် ပြန်လည်ခေါ်ယူနိုင်ခွင့်ဟာ ရာခိုင်နှုန်းအားဖြင့် တအားကို နည်းနေတယ်။ ခဏခဏ အလုပ်ရှုပ်တဲ့ ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ အပေါ်မှာ မူတည်ပြီးတော့ မျှတတဲ့ အခြေအနေတစ်ခု ဖြစ်ဖို့အတွက် ကျွန်တော်တို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ဖြစ်မလာခဲ့ဘူး” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။ထို့ပြင် ယင်းဥပဒေကို နိုင်ငံရေးလက်နက်အဖြစ်သုံးပြီး အတိုက်အခံ အုပ်စုများနှင့် ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားသော ကိုယ်စားလှယ်များကို လွယ်လွယ်ကူကူဖြင့် အနှောင့်အယှက်ပေးနိုင်သော အခြေအနေမျိုး မဖြစ်ရန်လိုကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းတွင် ယင်းပုဒ်မကို ပြင်ဆင်နိုင်ခြင်း မရှိသည့်အတွက် လက်ရှိကျင်းပနေသည့် လွှတ်တော်တွင် ဖွဲ့စည်းပုံနှင့် လိုက်လျောညီထွေဖြစ်နိုင်ရန် ကြိုးစားဆွေးနွေးသွားရမည့် သဘောရှိကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီမှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးခင်မောင်ညိုက ပြောကြားသည်။ထို့ပြင် လက်ရှိလွှတ်တော်သက်တမ်းမှာ ကုန်ဆုံးတော့မည် ဖြစ်သောကြောင့် ယင်းဥပဒေကို နောက်လွှတ်တော် သက်တမ်းအသစ်မှသာ ပြဋ္ဌာန်းသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။ယင်းဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက အဆိုပါ ဥပဒေကြမ်းအပေါ် လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို လွှတ်တော်သို့ တင်သွင်းခဲ့ပြီး ဇူလိုင် ၂၁ ရက်တွင် လွှတ်တော်ကိုယ်စားလှယ် ခုနစ်ဦးက ဆွေးနွေးခဲ့ကာ ကိုယ်စားလှယ်အများစုမှာ ဥပဒေကြမ်းအား ပြန်လည်ဆွေးနွေးရန်နှင့် ဆိုင်းငံ့ထားသင့်ကြောင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ထိုသို့ ဆွေးနွေးရာတွင် ဥပဒေကြမ်းအား ပြဋ္ဌာန်းခြင်း အကျိုးဆက်အဖြစ် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးတို့အပြင် ပြည်သူများ လိုလားတောင့်တနေသည့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်နှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ထိခိုက်နိုင်ကြောင်း၊ နိုင်ငံရေးပါတီများ တစ်ပါတီနှင့် တစ်ပါတီ၊ တိုင်းရင်းသားလူမျိုးစု တစ်စုနှင့် တစ်စု အချင်းချင်း အားပြိုင်မှု၊ ရန်ပြုမှု၊ ထိပ်တိုက်ယှဉ်ဆိုင်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ ပြည်သူများအကြား မလိုအပ်သည့် အထင်အမြင် လွဲမှားမှုများ၊ သံသယစိတ်များ ဖြစ်ပေါ်စေခြင်း စသည်ဖြင့် ဆွေးနွေးခဲ့သည်။လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တင်သွင်းထားခြင်းဖြစ်ပြီး ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့အကြား သဘောကွဲလွဲမှုများ ဖြစ်ပေါ်နေကာ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးရန် ပေးပို့ထားသည့် ဥပဒေကြမ်းဖြစ်သည်။