မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းစုများအနက် ဘဏ်များသည် လိမ်လည်၍ မရသော အရှုံးမရှိသည့် စီးပွားရေးလုပ်ငန်းစုများ ဖြစ်နေပြီး ဗဟိုဘဏ်သို့ နေ့စဉ်ငွေကြေးဆိုင်ရာ အချက်အလက်များ ပေးပို့နေရဟု ဆို

မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းစုများအနက် ဘဏ်များသည် လိမ်လည်၍ မရသော အရှုံးမရှိသည့် စီးပွားရေးလုပ်ငန်းစုများ ဖြစ်နေပြီး ဗဟိုဘဏ်သို့ နေ့စဉ်ငွေကြေးဆိုင်ရာ အချက်အလက်များ ပေးပို့နေရဟု ဆို
Published 19 August 2015
ဖြိုးဝေ

မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းစုများအနက် ဘဏ်လုပ်ငန်းများသည် လိမ်လည်၍မရသော အရှုံးမရှိသည့် စီးပွားရေးလုပ်ငန်းစုများ ဖြစ်နေပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ နေ့စဉ်ငွေကြေးဆိုင်ရာ အချက်အလက်များ ပေးပို့နေရကြောင်း ယူနိုက်တက် အမရာဘဏ်၏ အမှုဆောင်အရာရှိချုပ် ဦးသန်းဝင်းဆွေက သြဂုတ် ၁၉ ရက်တွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။“ပြည်တွင်းက ဘဏ်တွေက နေ့စဉ် ငွေအပ်နှံမှု၊ ငွေထုတ်ယူမှုတွေ၊ ငွေထုတ်ချေးမှုတွေကို ဗဟိုဘဏ်ကို နေ့စဉ်တင်ပြရတယ်။ ပြီးရင် အပတ်စဉ် တင်ပြရတယ်။ နောက်တစ်ခါ ခြောက်လတစ်ကြိမ် တင်ပြရတယ်။ ပြီးတော့ တစ်နှစ်တစ်ခါ တင်ပြရတယ်။ စာရင်းဇယား လိမ်လည်တင်ပြလို့ မရဘဲ အခွန်ဆောင်ရတယ်။ ၂၀၀၃ ဘဏ်အကျပ်အတည်းပြီး ချိန်ကစပြီး မြန်မာနိုင်ငံကဘဏ်တွေ မပြိုလဲအောင် နိုင်ငံတကာဘဏ်တွေရဲ့ လုပ်ငန်းစဉ်တွေအတိုင်း ဗဟိုဘဏ်ရဲ့ စနစ်တကျစီမံမှုနဲ့ ရပ်တည်နေတဲ့ မြန်မာနိုင်ငံက ဘဏ်တွေက ဘယ်တော့မှ ပြိုလဲသွားမှာ မဟုတ်သလို ဘယ်တော့မှလည်း ဒေဝါလီခံလိုက်ရတယ်ဆိုတာမျိုး ဖြစ်လာမှာ မဟုတ်ပါဘူး” ဟု ဦးသန်းဝင်းဆွေက ဆိုသည်။မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများနှင့် စပ်လျဉ်းပြီး မသမာသူအချို့မှ သတင်းစာမျက်နှာ အတုများ အကောင့်တုများဖြင့် လူမှုကွန်ရက် Facebook တွင် ဘဏ်များပြိုလဲတော့မည်ဖြစ်ကြောင်း ကောလာဟလများ ထုတ်လွှင့်ခဲ့သည့်အတွက် ဘဏ်များတွင် ငွေအပ်နှံသူများအကြား အပ်နှံငွေ ပြန်လည်ထုတ်ယူမှုအချို့ သြဂုတ် ၁၆ ရက်ခန့်မှ စတင်ဖြစ်ပေါ်လာခဲ့သည်။“ကောလာဟလတွေကို သိပ်ပြီးတော့ မယုံစေချင်ဘူး။ အခုဖြစ်နေတဲ့ ကိစ္စက နိုင်ငံရေးနဲ့ ချိတ်ဆက်ပြီးတော့ ထင်ကြေးတွေပေးပြီးတော့ လုပ်နေကြတာ။ ဘဏ်တွေကို မြင်တာကတော့ ဘာပြဿနာမှ မရှိဘူး။ ဘဏ်တွေအတွက်က ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ထားတာလည်း မရှိဘူး။ ဒါပေမဲ့ ဒီလို တက်လာတာကတော့ ကောလာဟလတွေပဲ ဖြစ်တယ်။ Facebook တွေမှာလည်း ဖွတာတွေရှိတယ်။ ဘဏ်တွေဘက်က အမှားအယွင်းလုပ်ထားတာ မရှိတဲ့အတွက်ကြောင့်မို့လို့ ဘဏ်တွေကတော့ ဖြေရှင်းနေစရာ မလိုပါဘူး။ အခုဖြစ်နေတာက ဘာလဲဆိုတော့ ဘဏ်တွေပျက်စီးသွားရင် တိုင်းပြည်စီးပွားရေး ပျက်စီးတာပဲ။ ဘဏ်တွေက တိုင်းပြည်ရဲ့ ဦးနှောက်ပဲ။ ဦးနှောက်ပျက်စီးသွားပြီဆိုရင် အကုန်လုံးက ပျက်စီးသွားပြီ။ အခုချိန်မှာ နိုင်ငံခြားဘဏ်တွေလည်း ဝင်လာနေပြီ။ ၂၀၀၃ ခုနှစ်တုန်းကလည်း ဒီလိုမျိုးတွေ တစ်ကြိမ်ဖြစ်ခဲ့ပြီးပြီ။ အဲဒီအချိန်က တိုင်းပြည်ဂျီဒီပီက Minus ကို ရောက်သွားတယ်။ ထုတ်လုပ်မှုတွေ ကျသွားတယ်။ လူတန်းစားတွေ အကုန်လုံး ဒုက္ခရောက်တယ်။ အခုတစ်ခါ ဘဏ်တွေ ဘာညာဖြစ်တယ် ဆိုတာတွေ ပေါ်လာလို့ရှိရင် ဘဏ်တွေတစ်ခုတည်း နစ်နာတာ မဟုတ်ဘူး။ တိုင်းပြည်စီးပွားရေး တစ်ခုလုံး နစ်နာသွားမှာ။ အဲဒါကြောင့် မီဒီယာတွေမှာလည်း တာဝန်ရှိတယ်။ ကောလာဟလတွေကို သတင်းအမှန်ပေးဖို့ တာဝန်ရှိတယ်” ဟု ကမ္ဘော့ဘဏ် အကြီးတန်း အကြံပေး ဦးသန်းလွင်က ပြောကြားသည်။၂၀၁၀ ခုနှစ်ခန့်မှစ၍ ဘဏ်များပြိုလဲတော့မည်ဟု အကောင့်တုများဖြင့် နှစ်စဉ်လှုံ့ဆော်မှု ရှိခဲ့ပြီး ၂၀၁၄ ခုနှစ်အတွင်း အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၊ UAB ဘဏ်တို့နှင့် ပတ်သက်၍ ကောလာဟလများ ထွက်ပေါ်ခဲ့သည်။ လက်ရှိအချိန်တွင် ယခင်အစိုးရနှင့် နီးစပ်ခဲ့သည့် ဘဏ်များဖြစ်သည့် ကမ္ဘောဇဘဏ်၊ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၊ သမဝါယမဘဏ် စသည့် မြန်မာ့ထိပ်တန်းဘဏ်များ ပြိုလဲတော့မည်ဖြစ်ကြောင်း ကောလာဟလများ ထွက်ပေါ်ခဲ့သည်။ ထိုသို့ ထွက်ပေါ်လာသည့် ကောလာဟလများအပေါ် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သြဂုတ် ၁၈ ရက်တွင် သတင်းစာရှင်းလင်းမှု ပြုလုပ်ခဲ့ပြီး ထိုသို့ထွက်ပေါ်သည့် ကောလာဟလမှာ မမှန်ကန်ကြောင်းနှင့် ဗဟိုဘဏ်က မည်သည့်ဘဏ်ကိုမျှ ပိတ်သိမ်းသွားမည်မဟုတ်ဘဲ တာဝန်ယူကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာဆက်အောင်က ရှင်းလင်းသည်။  ထို့ပြင် ဗဟိုဘဏ်က ဘဏ်များအပေါ် ချမှတ်ထားသည့် စည်းမျဉ်း မလိုက်နာပါက နေ့စဉ်ဒဏ်ရိုက်၍ မသမာမှု တွေ့ရှိပါက တရားဥပဒေအရ ပြင်းထန်သည့် အရေးယူမှုများ လုပ်ဆောင်ရကြောင်း ဦးသန်းဝင်းဆွေက ဆက်လက်ပြောကြားသည်။ထို့ပြင် ဘဏ်လုပ်ငန်း လုပ်ကိုင်ရန် ပိုင်ရှင်များနှင့် Shareholder များသည် ဥပဒေနှင့် ငြိစွန်းသူ သို့မဟုတ် တည်ဆဲဥပဒေနှင့်အညီ ထိုသူများသည် ဘဏ်လုပ်ငန်းတွင် ပါဝင်ခွင့် မရှိခြင်းနှင့် စီမံခန့်ခွဲမှုများကို အများပြည်သူသိအောင် ချပြ၍ ပွင့်လင်းမြင်သာစွာ လုပ်ငန်းဆောင်ရွက်ရကာ စာရင်းဇယားလိမ်လည်ပြသပြီး အခွန်ရှောင်၍မရသည့် လုပ်ငန်းများသာဖြစ်ပြီး ဘဏ်များမှရရှိသည့် အကျိုးအမြတ်များကိုပါ လူမှုအကျိုးပြု လုပ်ငန်းများအတွက် ဆောင်ရွက်ရကြောင်း ဦးသန်းဝင်းဆွေက ဆက်လက်ပြောကြားသည်။

Most Read

Most Recent