မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်သို့ ဆန်တင်ပို့ရန် လိုင်စင်ထပ်မံ ထုတ်ပေးထားခြင်း မရှိသဖြင့် တရားမဝင် တင်ပို့မှုများ ရှိပါက စစ်ဆေးအရေးယူမည်

မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်သို့ ဆန်တင်ပို့ရန် လိုင်စင်ထပ်မံ ထုတ်ပေးထားခြင်း မရှိသဖြင့် တရားမဝင် တင်ပို့မှုများ ရှိပါက စစ်ဆေးအရေးယူမည်
Published 19 August 2015

သြဂုတ် ၉ ရက် နောက်ပိုင်းမှစ၍ မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ ဆန်တင်ပို့ရန် လိုင်စင်ထပ်မံ ထုတ်ပေးထားခြင်း မရှိသဖြင့် တရားမဝင် တင်ပို့မှုများ ရှိပါက စစ်ဆေးအရေးယူမည်ဖြစ်ကြောင်း မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ယခုရက်ပိုင်းတွင် လူမှုကွန်ရက်၌ ပျံ့နှံ့နေသည့် ပြည်ပသို့ ဆန်တင်ပို့မှု ပိတ်ထားချိန်တွင် မူဆယ်ဘက်သို့ ဆန်တင်ပို့မှုများ ရှိနေသည်ဟု ရေးသားဖော်ပြနေမှုအပေါ် မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးဝင်းမောင်အား မေးမြန်းခဲ့ရာ “မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန်ကနေ သြဂုတ် ၉ ရက် နောက်ပိုင်းကစပြီး ဆန်တင်ပို့မှု လိုင်စင်တွေ မထုတ်ပေးတော့ဘူး။ ဆန်ကားဝင်ရောက်မှုလည်း မရှိတော့ဘူး။ အခု လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေအရဆိုရင် အရင်က လိုင်စင်ယူထားပြီး တရုတ်ဘက်က အဖမ်းအဆီးတွေ ရှိနေတဲ့အချိန်မှာ တင်ပို့မှု မပြုလုပ်ဘဲ အခုမှ ပြန်တင်ပို့တာတွေ ဖြစ်နိုင်တယ်။ ဒီဘက်ကတော့ တရားမဝင် တင်ပို့မှု ပြုလုပ်လို့ မရဘူး။ နယ်မြေမှာ စစ်ဆေးနေတဲ့ Mobile Team အဖွဲ့တွေ ရှိတယ်။ စစ်ဆေးပြီး အရေးယူလို့ ရတယ်” ဟု ပြောကြားသည်။မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် ပြည်တွင်း၌ ဆန်ပြတ်လပ်မှု မရှိစေရန်နှင့် ဈေးနှုန်းမြင့်တက်မှုများ မဖြစ်ပေါ်စေရန်အတွက် ပြည်ပသို့ ဆန်တင်ပို့ခြင်းကို အချိန်တစ်လခွဲကြာ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးချစ်ခိုင်က သြဂုတ် ၆ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားထားသည်။ယင်းနောက်တွင် လိုင်စင်ရယူပြီးဖြစ်သည့် ဆန်များတင်ပို့မှုမှအပ ထပ်မံ၍ တင်ပို့ရန် လိုင်စင်ချထားပေးမှုကို ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံမှ ထွက်ရှိသည့် ဆန်များအား ပြည်ပနိုင်ငံများသို့ တင်ပို့ရာတွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းနှစ်ခုမှ တင်ပို့နေခြင်းဖြစ်ကာ ပင်လယ်ရေကြောင်းမှ တင်ပို့မှုထက် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ တင်ပို့မှု ပိုများကြောင်း၊ နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းကို အသုံးပြု၍ တင်ပို့ရာတွင်လည်း မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ တင်ပို့မှုများကြောင်း သိရသည်။မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန်သည် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုအများဆုံး ပြုလုပ်နေသည့် နယ်စပ်ကုန်သွယ်ရေး စခန်းတစ်ခုဖြစ်ပြီး ပို့ကုန်တင်ပို့မှု အများဆုံး ပြုလုပ်နေကြောင်း သိရသည်။ပြည်ပသို့ ဆန်တင်ပို့မှု ခေတ္တရပ်ဆိုင်းထားမည် ဖြစ်သော်လည်း အရောင်းအဝယ်စာချုပ် ပြုလုပ်ပြီးဖြစ်သော ပင်လယ်ရေကြောင်းမှ ဆန်တင်ပို့မှုအချို့ကို စိစစ်ခွင့်ပြုမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။ 

Most Read

Most Recent