တရုတ်ယွမ်ကို အမှီပြု၍ နှစ်နိုင်ငံကုန်သွယ်မှု တိုးတက်ရေး ဆောင်ရွက်ရန်နှင့် မူဆယ်-ရွှေလီ စီးပွားရေး ပူးပေါင်းမှုဇုန် တည်ထောင်ရန် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဆွေးနွေး

တရုတ်ယွမ်ကို အမှီပြု၍ နှစ်နိုင်ငံကုန်သွယ်မှု တိုးတက်ရေး ဆောင်ရွက်ရန်နှင့် မူဆယ်-ရွှေလီ စီးပွားရေး ပူးပေါင်းမှုဇုန် တည်ထောင်ရန် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဆွေးနွေး
Published 19 August 2015

တရုတ်နိုင်ငံသုံး ငွေကြေးဖြစ်သည့် ယွမ်ငွေကို အမှီပြု၍ နှစ်နိုင်ငံကုန်သွယ်မှု တိုးတက်ရေး ဆောင်ရွက်ရန်နှင့် မူဆယ်-ရွှေလီ စီးပွားရေးပူးပေါင်းမှုဇုန် တည်ထောင်ရန် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr.Hong Liang မှ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။အဆိုပါ ဆွေးနွေးမှုများအတွက် သြဂုတ် ၁၈ ရက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr.Hong Liang ဦးဆောင်သည့် အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr.Hong Liang မှ ဆွေးနွေးရာတွင် မြန်မာနိုင်ငံ၌ လက်ရှိကြုံတွေ့နေရသည့် သဘာဝရေဘေး အန္တရာယ်အတွက် ကယ်ဆယ်ရေးလုပ်ငန်းများတွင် တရုတ်နိုင်ငံက ပါဝင်ဆောင်ရွက်နေသလို ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံမှ မွေးမြူရေးနှင့် ရေထွက်ပစ္စည်းများ၊ သစ်သီးဝလံများအား ပမာဏ အကန့်အသတ်မရှိ ဝယ်ယူနေသည့်အပြင် သစ်သီးဝလံ တင်ပို့မှုအတွက် အခွန်ကောက်ခံခြင်း မရှိသဖြင့် အဆိုပါ ကဏ္ဍများတွင် တိုးမြှင့်တင်ပို့နိုင်ရေးနှင့် မူဆယ်-ရွှေလီ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဇုန် ထူထောင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ထို့ပြင် နယ်စပ်ဒေသများရှိ တရားမဝင် ကုန်သွယ်မှုများအား နှစ်နိုင်ငံ ပူးပေါင်းတားဆီးရေး ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် တရားဥပဒေ စိုးမိုးမှုရှိသည့် စီးပွားရေးဖြစ်ရန် ဆောင်ရွက်မည်ဖြစ်ပြီး တရုတ်ယွမ်ငွေ အသုံးပြု၍ နှစ်နိုင်ငံကုန်သွယ်မှု တိုးတက်အောင် ဆောင်ရွက်လိုကြောင်း ဆွေးနွေးခဲ့ပြီး စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန်အတွက် လူ့စွမ်းအားအရင်းအမြစ် တိုးမြှင့်တင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးသည်။ထို့ပြင် ကျောက်ဖြူမှတစ်ဆင့် တတိယနိုင်ငံများမှ ကုန်စည်များအား တရုတ်နိုင်ငံသို့ တင်ပို့တင်သွင်းရေး ဆောင်ရွက်မည်ဖြစ်ကြောင်း တုံ့ပြန်ဆွေးနွေးသည်။အဆိုပါ တွေ့ဆုံပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ဆွေးနွေးရာတွင် မြန်မာနိုင်ငံ အနေဖြင့် ဆန်တင်ပို့မှုအပြင် အရည်အသွေးပြည့်မီသော မွေးမြူရေးနှင့် ရေထွက်ပစ္စည်းများ၊ သစ်သီးဝလံများ တိုးမြှင့်တင်ပို့ ရောင်းချနိုင်ရန် ဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံအကြား တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားနိုင်ရန် ဆွေးနွေးခဲ့သည်။ထို့ပြင် နှစ်နိုင်ငံ ခေါင်းဆောင်များ ဆွေးနွေးထားသည့် ကိစ္စဖြစ်သည့် ရွှေလီမှ ကျောက်ဖြူအထိ စီးပွားရေးစင်္ကြံတည်ဆောက်ရန် ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် ကိစ္စရပ်များအား ဦးဝင်းမြင့်က ဆွေးနွေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent