ကယားပြည်က မြို့ငယ်လေး ရှားတော

ကယားပြည်က မြို့ငယ်လေး ရှားတော
Published 19 August 2015
■ အောင်ဇော်ထွန်း

ကယားပြည်နယ်မြို့တော် လွိုင်ကော်ကနေ မိုင် ၄၀ ကျော်အကွာမှာ တည်ရှိနေတဲ့မြို့၊ လူဦးရေ ထောင်ဂဏန်းသာရှိတဲ့ မြို့ဆီကို ရွေးကောက်ပွဲအကြို သတင်းအချက်အလက်တွေ ရယူနိုင်ရေးအတွက် ဇူလိုင်လကုန်ပိုင်းက သွားရောက်ခဲ့ပါတယ်။မြို့ဆီကို သွားရာလမ်းက ပတ်ဝန်းကျင် အခြေအနေဟာ သာယာလှပတယ်လို့ ဆိုနိုင်ပေမယ့် အဲဒီ လှပမှုတွေနဲ့အတူ ‘မိုင်းအန္တရာယ် ရှိသည်’ ဆိုတဲ့ ဆိုင်းဘုတ်တွေ၊ အဖွဲ့အစည်း အသီးသီးက လက်နက်ကိုင်ထားတဲ့ ပုဂ္ဂိုလ်တွေကိုမြင်ရတော့ မလုံခြုံမှုကို ခံစားရပါတယ်။ခရီးလမ်းတစ်ဝက်လောက်ဖြစ်တဲ့ ဒေါကလော်လဲလမ်းဆုံမှာ ဟိုးအရင်က တပ်မတော်နဲ့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့အကြား တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခရောက်ခဲ့ကြရတဲ့ ဒေသခံပြည်သူအချို့နဲ့ တွေ့လို့ သူတို့ပြောပြတဲ့ ဒေသအခြေအနေတွေကို နားထောင်ခဲ့ရပါတယ်။ရှားတောမြို့နယ် သရီးဒါးရွာသို့ ပြန်လည်ရောက်ရှိနေတဲ့ စစ်ဘေးဒုက္ခသည် တစ်ဦးဖြစ်သူ ဦးဆေးရယ်က “၉၆ ဖြတ်လေးဖြတ်ကြောင့် ဒီနားကရွာတွေ တစ်ကြောလုံး ပါသွားတာ။ အခုမှ ပြန်လာတည်ကြတာ။ ဖြတ်လေးဖြတ်ဆိုတာ ၁၉၉၆ မှာ ရွာတွေအားလုံး ရွှေ့ခိုင်းတယ်။ သုံးရက်အချိန်ပေးပြီး ရွှေ့ခိုင်းတယ်။ သူပုန်ရှိတယ် ဖြတ်လေးဖြတ်လုပ်တဲ့အခါ သူပုန်ပျောက်သွားမယ်လို့ သူတို့ပြောတယ်လေ။ ဖြတ်လေးဖြတ် သုံးနှစ်ဆိုရင် သူပုန်လုံး၀ မရှိစေရဘူးဆိုပြီး ကျွန်တော်တို့ကို ဒီကနေ အခြားနေရာကို ရွှေ့ခိုင်းတယ်။ တချို့တွေက ဒုက္ခသည်စခန်း ရောက်သွားတယ်။ တချို့က နိုင်ငံခြားရောက်သွားတယ်။ မရွှေ့တဲ့သူတွေ ပစ်သတ်တာတွေ ရှိခဲ့တယ်။ ကျွဲနွားတွေရော ထားခဲ့ရတာ။ ပစ္စည်းပစ္စယတွေရော ထားခဲ့ရာတာ” လို့ ဆိုပါတယ်။

“ရွှေ့ပေးရတဲ့ ရွာသူရွာသား အများစုက လွိုင်ကော်နဲ့ ဒုက္ခသည်စခန်းမှာ ရှိတယ်။ ဒုက္ခသည်စခန်းမှာက ကျွန်တော်တို့ ရှားတောမြို့နယ်က အများဆုံးပါပဲ။ အခြားနေရာ အခြားဒေသမှာ သွားနေရတော့ လုပ်စားကိုင်စားတာ တအားခက်ခဲတယ်။ အသက်စွန့်ပြီး လာပြန်နေတာပေါ့။ ကျွန်တော် ဒီမှာလာပြန်နေတာ နှစ်နှစ်ခွဲရှိပြီ။ အပစ်အခတ်ရပ်စဲရေး လုပ်နေတဲ့ ကာလမှာ ကျွန်တော် ပြန်လာနေတာကိုး။ ကျန်တဲ့သူတွေလည်း ရှိတယ်။ ဒါပေမဲ့ အခြေအနေက သိပ်မတည်ငြိမ်သေးတဲ့ အပေါ်မှာ ဇဝေဇဝါ ဖြစ်နေတာပေါ့။ အရင်တုန်းက ဒီရွာမှာ အိမ်ခြေ ၇၀ ကျော် ရှိတယ်။ အခု လာပြန်နေတာ ငါးအိမ်၊ ခြောက်အိမ်တော့ ရှိတယ်” လို့လည်း ဦးဆေးရယ်က ရှင်းပြပါတယ်။ဒေါကလော်လဲလမ်းဆုံကနေ မြင့်မားမတ်စောက်တဲ့ တောင်ကုန်းတောင်တန်းတွေ ဖြတ်ကျော်အပြီးမှာတော့ ကျေးရွာကြီး တစ်ရွာလောက်သာရှိတဲ့ ရှားတောမြို့ကို အပေါ်စီးကနေ မြင်တွေ့ရပါတယ်။ မြို့အဝင်မှာ စစ်တပ်၊ ရဲနဲ့ လူဝင်မှုကြီးကြပ်ရေးက ဝန်ထမ်းတွေရဲ့ စစ်ဆေးမှုကို ခံယူပြီးရင်တော့ တပ်မတော် တပ်ဖွဲ့တစ်ဖွဲ့ စခန်းချထားတဲ့ မြို့ဦးစေတီကို ဦးစွာရောက်ရှိပါတယ်။ ဘုရားတက်ဖူးဖို့ ကင်းစောင့်ရဲဘော်ကို အခွင့်တောင်းတော့ အစည်းအဝေး ရှိနေတယ်ဆိုပြီး ခွင့်မပြုခဲ့ပါဘူး။ရှားတောမြို့နယ်မှာ တပ်မတော်၊ ရဲအပါအဝင် လက်နက်ကိုင် အဖွဲ့အစည်း ငါးခုလောက် လှုပ်ရှားနေတယ်လို့ မြို့နယ်အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတစ်ဦးက ရှင်းပြပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့လည်း ဒေသခံတွေ အနေနဲ့ စိတ်ပါဝင်စားမှု အင်မတန် နည်းတယ်ဆိုတဲ့အကြောင်း ပြောပြပါတယ်။မဲစာရင်းကြည့်ရှု စစ်ဆေးခြင်များနှင့် ပတ်သက်ပြီးလည်း ရှားတောမြို့ပေါ်မှာ နေထိုင်ပြီး မဲစာရင်းကပ်တဲ့နေရာ အနီးမှာ ရှိနေတဲ့ နေအိမ်များက ဒေသခံများပင်လျှင် မဲစာရင်းကို အားလပ်မှသာ ကြည့်မယ်ဆိုတဲ့ စိတ်ကူးရှိကြပြီး အချို့ဆိုရင် မဲစာရင်းဆိုတာ ဘာမှန်းတောင် မသိကြပါဘူး။ဒေသခံတွေ မဲစာရင်း ကြည့်၊ မကြည့်နဲ့ ပတ်သက်ပြီး မြို့ပေါ်နေသူ ငါးဦးကို တွေ့ဆုံမေးမြန်းကြည့်တော့ ငါးဦးစလုံး မကြည့်ရသေးဘဲ ဖြစ်နေပြီး အချို့မှာ မဲစာရင်း မည်သည့်နေရာမှာ ကပ်ထားတယ် ဆိုတာကိုတောင် မသိကြပါဘူး။လာမယ့် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ ၃၈၀၀ ကျော်သာရှိတဲ့ ရှားတောမြို့နယ်မှာ ဒေသခံတွေရဲ့ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု နည်းပါးခြင်းနဲ့အတူ ပါတီအချို့၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်အချို့နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အချို့ရဲ့ မရိုးသားတဲ့ စည်းရုံးရေး လှုပ်ရှားဆောင်ရွက်မှုတွေ ရှိနေတယ်လို့ ပြည်နယ်အခြေစိုက် ကယားလူမျိုးစု ဒီမိုကရေစီပါတီ ရှားတောတာဝန်ခံ ဦးစိုင်းအုန်းမြင့်က ပြောပြပါတယ်။ရှားတောမြို့နယ် KNPP ဆက်ဆံရေးရုံးကိုရောက်တော့ ဆက်ဆံရေးရုံး ဒုတိယတာဝန်ခံ ခူးဖဲဘူးက ၎င်းတို့အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးကို လိုလားပြီး ပြည်သူများ လွတ်လပ်စွာ မဲပေးခွင့်ရပြီး လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေချင်တယ်လို့ ဆိုပါတယ်။

“ဒီရှားတောရဲ့ အခြေနေကိုတော့ ပြောချင်တယ်။ ကျွန်တော်တို့ ရှားတောမှာ အပစ်အခတ် ရပ်စဲရေး မယူခင်က အစိုးရဘက်က အမည်းရောင်နယ်မြေလို့ သတ်မှတ်ထားတာ။ နောက် မြန်မာတစ်နိုင်ငံလုံးမှာ ဖွံ့ဖြိုးမှု နောက်အကျဆုံးက ကယားပြည်နယ်။ ကယားပြည်နယ်မှာ ဖွံ့ဖြိုးမှု နောက်အကျဆုံးက ဒီဒေသပေါ့။ နောက်ပြီးတော့ အစိုးရဘက်က ဒီနေရာကို အမည်းရောင်နယ်မြေပဲ သတ်မှတ်ထားတယ်။ အဲဒါကို ကျွန်တော်တို့ KNPP က ပြီးခဲ့တဲ့ ၂၀၁၄ တုန်းက ဒီနယ်မြေဟာ အစိုးရ သတ်မှတ်ထားတဲ့ အမည်းရောင်နယ်မြေ။ သတ်မှတ်ထားတဲ့ နယ်မြေအမျိုးအစားအရ KNPP အနေနဲ့လည်း ရှားတောနယ်မြေကို မလွတ်လပ်တဲ့ နယ်မြေလို့ သတ်မှတ်ထားပါတယ်” လို့လည်း ခူးဖဲဘူးက ရှင်းပြပါတယ်။အဲဒီလို နယ်မြေ သတ်မှတ်ထားတာကြောင့် ဒေသခံတွေအတွက် လက်ရှိ အကျိုးများ ရရှိဖို့ အလှမ်းဝေးတဲ့ စီမံကိန်းတွေ လုပ်ဆောင်တာကို တားဆီးမှုတွေ လုပ်ဆောင်ထားတယ်လို့လည်း ဆိုပါတယ်။ ကယားပြည်နယ်မှာ KNPP အပြင် အခြားလက်နက်ကိုင် အဖွဲ့အစည်း ငါးဖွဲ့လောက်လည်း ရှိနေပါသေးတယ်။မြို့အထွက်ဂိတ်က တာဝန်ကျ ဝန်ထမ်းတစ်ဦးရဲ့ “ဒီကို သတင်းထောက်တွေ ဘာလာလုပ်တာတုံး” ဆိုတဲ့ ခပ်မာမာအမေးကို ရိုသေစွာ ပြန်ဖြေရင်း ရှားတောမြို့က ပြန်ခဲ့ပါတယ်။ တောင်ကုန်းတွေဆီပေါ်က တပ်စခန်းတွေကို ငေးကြည့်ရင်း ကယားပြည်နယ်နဲ့အတူ မြန်မာနိုင်ငံကြီး ငြိမ်းချမ်းပါစေ ဆိုတာကို ရှားတောမြို့က အပြန်လမ်းမှာ ဆန္ဒပြုခဲ့မိပါတယ်။

Most Read

Most Recent