နုပျိုပါစေ... တောင်သမန်ရေ...

နုပျိုပါစေ... တောင်သမန်ရေ...
Published 19 August 2015
■ သက်ထွန်းအောင်(မန္တလေး)

တောင်သမန် ကန်ပတ်လမ်းရောက်တော့ မုတ်သုံလေရဲ့ ခပ်ပြင်းပြင်း တိုးဝှေ့မှုကို ခံစားလိုက်ရတယ်။ တောင်သမန်အင်းပြင်ကြီးထဲမှာ ဦးပိန်တံတားကို အဝေးကနေ ဝါးဝါး လှမ်းမြင်နေရပါတယ်။မြို့ပြရဲ့ မွန်းကျပ်မှုကို ဖယ်ခွာပြီး တောင်သမန်အင်းဆီကို သူငယ်ချင်းတစ်ယောက်နဲ့ ကျွန်တော် ရောက်ခဲ့ပါတယ်။ တကယ်တော့ မန္တလေးနဲ့ အမရပူရဆိုတာ နာရီဝက်လောက် ဆိုင်ကယ်မောင်းရုံနဲ့ ရောက်ပါတယ်။ “လာချင်ရင် အနီးလေး” ဆိုပေမယ့် မကြာခဏ လာဖို့ဆိုတာလည်း ခက်ပါတယ်။အခုလို တနင်္ဂနွေနေ့လေးမှာ သူငယ်ချင်းတစ်ယောက်နဲ့ စိတ်လိုလက်ရ ထွက်လာရင်းနဲ့ တောင်သမန်အင်းဘက်ကို ရောက်လာတာပါ။ တောင်သမန်ပတ်လမ်းမှာ ကား၊ ဆိုင်ကယ်တွေ ရှင်းနေပါတယ်။ ကမ်းစပ်နားမှာ လူတစ်စု ကိုယ်တစ်ပိုင်း ရေထဲဆင်းပြီး ငါးမျှားနေတာကို တွေ့ရပါတယ်။တောင်သမန် ကန်ပတ်လမ်းတစ်လျှောက် ဆိုင်ကယ်ကို အေးအေးဆေးဆေး မောင်းလာရင်း သူငယ်ချင်းက ‘ဒီနေ့ လူရှင်းတယ်နော်’ လို့ ပြောပါတယ်။ ကျွန်တော်ကလည်း “ရောက်မှ မရောက်သေးဘဲ။ ဟိုရောက်မှ ကြည့်လိုက်ပါဦး” လို့ ပြန်ပြောလိုက်ပါတယ်။ကျွန်တော့်အထင် မှန်သွားပါတယ်။ ဦးပိန်တံတားဈေးတန်း မရောက်မီကတည်းက ကားတွေအများကြီး ရပ်ထားတာကို တွေ့ရပါတယ်။ ကျွန်တော်တို့လည်း ဆိုင်ကယ်ကို ဖြည်းဖြည်းမောင်းပြီး ဈေးဆိုင်တန်းကို ဖြတ်လာပါတယ်။ဈေးဆိုင်တန်းက အကြော်စုံရနံ့ဟာ ကျွန်တော့်ကို လာမိတ်ဆက်ပါတယ်။ ရဲရဲနီအောင် ကြော်ထားတဲ့ ပုစွန်လုံးကြော်၊ ငါးသေးသေးကြော်၊ ပြောင်းဖူးကြော်၊ ဘူးသီးကြော်တို့ဟာ ဗိုက်ဆာနေသူတွေအတွက် ဗိုက်ထဲမှာ စစ်ချီသံ ညံစေနိုင်လောက်ပါတယ်။ ကျွန်တော်လည်း တံတားပေါ် လမ်းလျှောက်ပြီး ပြန်မှ ဝင်စားမယ်လို့ စိတ်ထဲ တေးမှတ်ထားလိုက်ပါတယ်။ကျွန်တော်တို့ ဆိုင်ကယ်ကို တောင်မင်းကြီးဘုရားတောင်ဘက် အုတ်တံတိုင်းဘေးက ဆိုင်ကယ်အပ်တဲ့ နေရာမှာ ထားခဲ့ပါတယ်။ အဲဒီနေရာမှာ လူတွေ ရှုပ်ထွေးနေပါတယ်။ ဒါပေမဲ့ ဆယ်ကျော်သက် လူငယ်တစ်ဦး တစ်စု ဆိုင်ကယ်တွေကို အကြမ်းပတမ်း မောင်းတဲ့အတွက် တံတားအဝင်ဝနားက ဓာတ်ပုံဆရာတွေက ဝိုင်းပြီး မေတ္တာပို့သံကို ကြားနေရပါတယ်။ကျွန်တော်တို့လည်း ဆိုင်ကယ်အပ်ပြီး ဦးပိန်တံတားပေါ်ကို စပြီး လျှောက်ပါတယ်။ တံတားအစမှ ဈေးသည်တွေ၊ လာရောက်လည်ပတ်သူတွေနဲ့ စည်ကားနေပါတယ်။ ဒါဟာလည်း ဦးပိန်တံတားရဲ့ မရိုးနိုင်တဲ့ မြင်ကွင်းပါ။

တစ်ခါတုန်းက တံတားပေါ်က ဈေးသည်တစ်ယောက်ကို စပ်စပ်စုစု မေးကြည့်ဖူးတယ်။ ဘယ်အချိန် လူအစည်ကားဆုံးလဲလို့။ “ဘယ်အချိန်ဖြစ်ဖြစ် လူကတော့ စည်နေတာပဲ။ ပြတ်တယ်ရယ်လို့ မရှိပါဘူး” လို့ ဈေးသည်အမျိုးသမီးက ပြန်ဖြေပါတယ်။ကျွန်တော် သတိထားကြည့်မိသလောက် နိုင်ငံခြားသား ခရီးသည် နည်းတာကလွဲရင် ကျန်တဲ့ ပြည်တွင်းလည်ပတ်သူတွေကို ပုံမှန်မြင်နေကျအတိုင်း တွေ့နေရပါတယ်။ ကျွန်တော်တို့ဘေးက ဖြတ်ကျော်သွားတဲ့ လူတစ်စုရဲ့ ပြောဆိုသံတွေကို နားထောင်ကြည့်လိုက်ပါတယ်။ “ပအို့ဝ်တွေကွ” လို့ပြောတော့ သူငယ်ချင်းက မယုံသလို လှည့်ကြည့်ပါတယ်။ ကျွန်တော့်မှာ ပအို့ဝ်တိုင်းရင်းသား သူငယ်ချင်းတွေ ရှိတယ်ဆိုတာ သူမသိပါဘူး။ကျွန်တော်တို့လည်း လေးတဟူးဟူး ခံစားရင်း တံတားပေါ်မှာ တိတ်တိတ်လေး လမ်းလျှောက်ခဲ့ကြပါတယ်။ တစ်နေရာရောက်တော့ တံတားတိုင် တစ်တိုင်နားကပ်ပြီး နားစွင့်ကြည့်ပါတယ်။ တံတားတိုင်ခြေကို လာရိုက်တဲ့ လှိုင်းပုတ်သံဟာ သေချာနားထောင်ကြည့်ရင် တော်တော်လေး ပြင်းတယ်ဆိုတာ သတိထားမိပါတယ်။ဒီလို လှိုင်းပုတ်တဲ့ဒဏ်ကို တံတားကြီးက နှစ်ပေါင်း ၁၆၀ ကျော် ခံစားလာခဲ့ပြီပဲ။ မခံနိုင်တဲ့ နှစ်တွေမှာလည်း ပြိုကျပျက်စီးခဲ့တယ်။ ပြိုကျပျက်စီးတာကို ကွန်ကရစ်တိုင်တွေနဲ့ အစားထိုးခဲ့တယ်။ ဒီလို အစားထိုးမှုတွေ များလာရင် သစ်သားတံတားကနေ ကွန်ကရစ်တံတားအဖြစ် ပြောင်းသွားနိုင်တယ်။ကျွန်တော့်စိတ်ထဲမှာ ဦးပိန်တံတားကြီး ဇရာအိုလာပုံကို တွေးနေမိပါတယ်။ မြန်မာသက္ကရာဇ် ၁၂၁၁ ခုနှစ်မှာ တောင်သမန်အင်းကိုဖြတ်ပြီး တည်ဆောက်ခဲ့တဲ့ တံတားမှာ အခန်းပေါင်း ၄၈၂ ခန်း၊ ကျွန်းတိုင်ပေါင်း ၁၀၈၆ တိုင်၊ နားနေဇရပ် လေးဆောင်နဲ့ ၃၉၆၇ ပေ အရှည်ရှိတယ်လို့ မှတ်သားဖူးပါတယ်။တောင်သမန်အင်းရဲ့ အရှေ့ဘက်က တောင်သမန်ရွာ၊ ထန်းတောရွာ၊ ရွာသခင်၊ အိုးဘိုရွာ၊ မြစ်ငယ်ရွာစတဲ့ ရွာတွေဟာ အနောက်ဘက်ကမ်းက အမရပူရမြို့နဲ့ ကူးသန်းသွားလာရေးအတွက် ဒီတံတားကြီးကို နှစ်ပေါင်းများစွာ အသုံးပြုလာခဲ့ကြတယ်။သုံးရာသီအလှနဲ့ ထင်ပေါ်ကျော်ကြားခဲ့တဲ့ တောင်သမန်အင်းနဲ့ ဦးပိန်တံတားဟာ အလှအပတွေ ယုတ်လျော့လာပြီလို့ ရှေ့မီနောက်မီ သိသူတွေက ပြောကြတယ်။ သောက်ရေသုံးရေအဖြစ် သုံးနိုင်တဲ့ တောင်သမန်ရေမှာ အခုတော့ ငါးတွေ မကြာခဏ သေဆုံးနေတယ်။ကျွန်တော် အတွေးနယ်ချဲ့နေပုံများ ဘေးက သူငယ်ချင်းကိုတောင် စကားပြောဖို့ မေ့နေတယ်။ သူငယ်ချင်းကတော့ ဘေးကဖြတ်သွားတဲ့ ကောင်မလေးတွေကို “ဓာတ်ပုံရိုက်လို့ ရတယ်နော်” ဆိုပြီး လှမ်းနောက်လိုက်ပါသေးတယ်။တံတားပေါ်က အပြန်မှာ ကျွန်တော်တို့ တောင်သမန်အင်းအစပ်က အကြော်ဆိုင်မှာ ဝင်စားခဲ့ပါတယ်။ ကျွန်တော်တို့ထိုင်တဲ့ စားပွဲက ကမ်းစပ်နဲ့နီးတော့ ကမ်းကိုလာရိုက်တဲ့ လှိုင်းလေးတွေက တစ်ချက်တစ်ချက် ဖွားကနဲ မြင့်တက်သွားတာကို မြင်နေရပါတယ်။ လှိုင်းကလေးတွေက အားနဲ့မာန်နဲ့ တက်ကြွနေပါတယ်။ တောင်သမန်အင်းကြီးကိုလည်း အမြဲတန်းနုပျို လှပနေပါစေလို့ စိတ်ထဲကနေ ဆုတောင်းနေပါတော့တယ်။

Most Read

Most Recent