ပုဂ္ဂလိကဘဏ်အချို့ ပိတ်သိမ်းမည်ဆိုသည့်သတင်းမှာ ကောလာဟလသာဖြစ်ပြီး ဗဟိုဘဏ်အနေဖြင့် ပုဂ္ဂလိကဘဏ်များနှင့် ပတ်သက်၍ တာဝန်ယူကြောင်း ရှင်းလင်း

ပုဂ္ဂလိကဘဏ်အချို့ ပိတ်သိမ်းမည်ဆိုသည့်သတင်းမှာ ကောလာဟလသာဖြစ်ပြီး ဗဟိုဘဏ်အနေဖြင့် ပုဂ္ဂလိကဘဏ်များနှင့် ပတ်သက်၍ တာဝန်ယူကြောင်း ရှင်းလင်း
Published 18 August 2015
နေရိုင်း၊ ဇေယျာထွန်း

ပုဂ္ဂလိကဘဏ်အချို့ ပိတ်သိမ်းမည်ဆိုသည့်သတင်းမှာ ကောလာဟလသာဖြစ်ပြီး ဗဟိုဘဏ်အနေဖြင့် ပုဂ္ဂလိဘဏ်များနှင့် ပတ်သက်၍ တာဝန်ယူကြောင်း သြဂုတ် ၁၈ ရက် တွင် နေပြည်တော်ရှိ ဗဟိုဘဏ်၌ ရှင်းလင်းပြောကြားထားသည်။
 
မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် မည်သည့်ဘဏ်ကိုမျှ ပိတ်သိမ်းရန် စီစဉ်ခြင်းမရှိသည့်အပြင် လတ်တလောထွက်ရှိသည့် သတင်းများမှာ ကောလာဟလသာဖြစ်ကြောင်း ဗဟိုဘဏ်ဒုဥက္ကဋ္ဌက ပြောကြားသည်။
 
“ကောလာဟလတွေ ဖြစ်လာလို့ ဘဏ်တွေမှာ ငွေကြေးအကျပ်အတည်းတွေ ဖြစ်လာလို့ရှိရင် ဗဟိုဘဏ်ကနေ ကြားထဲကနေ အကူအညီထောက်ပံ့ရတာတွေ ရှိပါတယ်။  ကျွန်တော်တို့က အချိန်နဲ့တစ်ပြေးညီ ဘဏ်တွေက ပြဿနာတစ်ခုခုဖြစ်လာလို့ရှိရင် အခြားဘဏ်တွေကလည်း ငွေဆွဲလို့ပြုလို့မရခဲ့ရင် ဗဟိုကနေပြီးတော့ အပြည့်အ၀ နောက်ကနေ  Backup ပေးဖို့အစီအစဉ်ရှိပါတယ်” ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။
 
ဆက်လက်၍ “ကျွန်တော်တို့ မနေ့ကစပြီး ကမ္ဘောဇအပါအဝင် ဘဏ်တချို့မှာ ကောလာဟလတွေ ထွက်တယ်ဆိုပြီးတော့ ကျွန်တော်တို့ကြားပါတယ်။ တချို့ပြည်သူတွေကလည်း ကောလာဟလကို သေချာမသိဘဲနဲ့ ဘဏ်မှာ ငွေထုတ်တယ်လို့ ကြားပါတယ်။ ကောလာဟလက ဘယ်ကထွက်လာတာလဲတော့ မသိဘူး။ ကျွန်တော်တို့ ဗဟိုဘဏ်ကနေပြီးတော့ မည်သည့်ဘဏ်ကိုမှ  ပိတ်သိမ်းဖို့ဆိုတဲ့ အစီအစဉ်အခုအထိ လုံးဝမရှိပါဘူး။ ဘဏ်တွေအကုန်လုံးကလည်း ဗဟိုဘဏ်ရဲ့စိစစ်မှုအောက်မှာ အားလုံး ဆောင်ရွက်ရပါတယ်”ဟု ၎င်းက ပြောကြားသည်။
 
“ဘဏ်တွေအားလုံးကို ငွေကြေးအကျပ်အတည်း မဖြစ်အောင်လို့ ကျွန်တော်တို့က နိုင်ငံတကာထုံးစံနဲ့အညီ အချိုးတွေ၊ စည်းကမ်းသတ်မှတ်ချက်ဘောင်တွေနဲ့ ထိန်းသိမ်းရပါတယ်။ ဘဏ်တွေက ကျွန်တော်တို့ စည်းကမ်းဘောင်တွေက လွတ်လာရင်၊ သတ်မှတ်တဲ့ အချိုးတွေနဲ့ ကိုက်ညီမှုမရှိရင် ဗဟိုဘဏ်က အဲဒီဘဏ်တွေကို ခေါ်ပါတယ်။ သတိပေးပါတယ်။ သတိပေးလို့မရရင် အရေးယူမှုတွေ လုပ်ပါတယ်။ ကျွန်တော်တို့ စိစစ်နေတဲ့ကြားက အခုလို ကောလာဟလတွေဖြစ်ပြီးတော့ ဘဏ်တွေအနေနဲ့ ငွေကြေးအကျပ်အတည်း ကြုံတွေ့လာရင် ကျွန်တော် ဗဟိုဘဏ်အနေနဲ့လိုအပ်တဲ့ ကူညီအထောက်အပံ့တွေကို ဥပဒေနဲ့အညီ အပြည့်အဝပေးသွားမှာပါ”ဟု ဦးဆက်အောင်က ဆက်လက်ပြောကြားသည်။
 
မြန်မာနိုင်ငံရှိဘဏ်များသည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ကြီးကြပ်ကွပ်ကဲမှု အောင်တွင်ရှိပြီး တင်းကျပ်စွာ သတ်မှတ်ထားသော စည်းကမ်းဘောင်များ၊ အချိုးများအတွင်း ဘဏ်လုပ်ငန်းများ ပုံမှန်ဆောင်ရွက် လျက်ရှိကြောင်း၊ 
ယင်းဘဏ်များအနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတ်မှတ်ထားသည့် စည်းကမ်းဘောင်နှင့် အချိုးများအတွင်း ရှိပြီး ဘဏ်လုပ်ငန်းများအား စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း၊ ယခု လတ်တလောထွက်ပေါ်နေသည့် ဘဏ်များ နှင့် ပတ်သက်သည့် သတင်းများသည် ကောလာဟလသာဖြစ်ကြောင်း၊ ပုဂ္ဂလိကဘဏ်များငွေကြေးအကျပ်အတည်း ဖြစ်ပေါ်ပါက မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် လိုအပ်သောကူညီထောက်ပံ့မှုများကို ဥပဒေနှင့်အညီ အပြည့်အ၀ ပေးသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။
 
မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ် ၂၂ ဘဏ်ရှိပြီး အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူများသာ တက်ရောက်ခဲ့ပြီး ယခုကဲ့သို့ ကောလာဟလသတင်းများဖြစ်ပေါ်ရခြင်းမှာ နိုင်ငံအရေးအရ ဖြစ်နိုင်ခြေရှိကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန နှင့် ဗဟိုဘဏ်တို့ ပူးပေါင်းပြီး ကောလာဟလ ထုတ်လွှင့်သူများအား စိစစ်ပြီးခေါ်ယူသတိပေးမှုများ လုပ်ဆောင်သင့်ကြောင်း ဆွေးနွေးခဲ့သည်။
 
ကမ္ဘောဇဘဏ်မန်နေးဂျင်းဒါရိုက်တာ ဦးမိုးဆန်းအောင်က “ကျွန်တော်မီဒီယာတွေ နဲ့ဗဟိုဘဏ်ရှိတုန်းမှာ ကမ္ဘောဇဘဏ်လီမိတက်က ဦးအောင်ကိုဝင်းနဲ့ ဒေါ်နန်းသန်းထွေး မိသားစု တစ်စုတည်းကပဲ ပိုင်ပါတယ်။မည်သူတစ်ဦးတစ်ယောက်မှ တစ်ရာခိုင်နှုန်းမှ မပိုင်ပါဘူး။ ဗဟိုဘဏ်က တာဝန်ရှိတဲ့သူတွေရှိတုန်း သက်သေအဖြစ် တင်ပြတာပါ”ဟု ပြောကြားသည်။
 
 

Most Read

Most Recent