ရှေးမြို့ဟောင်းတစ်မြို့၏ ရေဘေးသင့်ဒေသများသို့ ခရီးတစ်ခေါက်

ရှေးမြို့ဟောင်းတစ်မြို့၏ ရေဘေးသင့်ဒေသများသို့ ခရီးတစ်ခေါက်
Published 18 August 2015
မင်းသီဟဇော်၊ မင်းသိန်းနိုင်

မြန်မာနိုင်ငံရဲ့ရှေးမြို့ဟောင်းတွေထဲက တစ်ခုဖြစ်တဲ့ မြောက်ဦးမြို့ကို သြဂုတ်လဆန်းပိုင်းက ခရီးတစ်ခေါက် ရောက်ဖြစ်ခဲ့ပါတယ်။ ဒီခရီးကတော့ လေ့လာရေးခရီး မဟုတ် အပျော်ခရီး မဟုတ်ခဲ့။ ရေဘေးသင့်သူတွေကို ကူညီထောက်ပံ့ရေးပစ္စည်းတွေ သွားရောက်လှူဒါန်းရင်း ကျွဲကူးရေပါဆိုသလို ရေဘေးသင့်ဒေသအခြေအနေကို သတင်းသွားရောက်ရယူခဲ့ရတဲ့ ခရီးစဉ်ပဲဖြစ်ပါတယ်။
 
ရန်ကုန်ကနေ လေယာဉ်နဲ့ စစ်တွေမြို့၊ စစ်တွေကနေ တစ်ဆင့် ကားနဲ့ ညဘက်မှာ မြောက်ဦးမြို့ကို ဆက်လက် ထွက်ခွာခဲ့ပါတယ်။ မြောက်ဦးဒေသက ရေဘေးသင့်ပြည်သူတွေအတွက် ဆန်အိတ်အပါအဝင် ထောက်ပံ့ရေးပစ္စည်းတွေ တင်ဆောင်ထားတဲ့ ကုန်ကားတွေနဲ့ စစ်တွေကနေ မြောက်ဦးကို ညဘက်ခရီးထွက်ခဲ့ကြပါတယ်။ ကျွန်တော်တို့ သွားတဲ့အချိန်မှာ စစ်တွေ-မြောက်ဦး ကားလမ်းမှာရေကျော်တာတွေ ရှိနေဆဲပါ။ ကုန်ကားအမြင့်တွေတောင် ခက်ခက်ခဲခဲ သွားနေရပြီး ညဘက်ဆိုတော့ ခရီးလမ်းက ပိုပြီး ခက်ခဲခဲ့ပါတယ်။ ဒီလိုနဲ့ ခရီးဆက်ခဲ့ရာမှာ ပုံမှန် သုံး၊ လေးနာရီခရီးကို ငါးနာရီ၊ ခြောက်နာရီ အချိန်ပေးခဲ့ရပါတယ်။ မြောက်ဦးမြို့ကို ရောက်တော့ ရေဘေးသင့်မြောက်ဦးမြို့က အိပ်မောကျနေပါပြီ။
 

 
နံနက်လင်းတော့ ရှေးမြို့ဟောင်းရဲ့ အငွေ့အသက်၊ အလှအပတွေကို သွားရင်းလာရင်း လှစ်ခနဲအချိန်လုပြီး ခံစားခဲ့ရပါတယ်။ စစ်တွေကပါလာတဲ့ လှူဒါန်းမယ့် ကုန်ပစ္စည်းတွေချ၊ လှူမယ့်ရွာတွေ၊ သွားရမယ့် လမ်းကြောင်းတွေအတွက် ဒေသခံလူမှုရေး အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ခဲ့ကြပါတယ်။အဲဒီနောက်မှာတော့ မြောက်ဦးဒေသ ရေဘေးသင့်ရွာတွေကို ထောက်ပံ့ကူညီဖို့အတွက် ကနဦးကွင်းဆင်းခဲ့ကြပါတယ်။ ကျွန်တော်တို့မြောက်ဦးမြို့ကို ရောက်တဲ့ရက်က စပြီး မြို့ပေါ်မှာရော ရွာတွေဘက်မှာပါ ရေတွေ စကျနေပါပြီ။
 
ရှေးမြို့ဟောင်းတည်ရှိရာ မြောက်ဦးမြို့မှာ ရေကြီးမှုဒဏ်ကို မြို့ပေါ်နဲ့ကျေးလက်ဒေသတွေမှာ အလူးအလဲ ခံစားခဲ့ရတယ်လို့ ဒေသခံတွေက ပြောကြားခဲ့ကြပါတယ်။  မြို့ပေါ်မှာက နန်းတော်ကုန်းဘက်ကလွဲရင် တစ်မြို့လုံးနီးပါး ရေနစ်မြုပ်ခဲ့တယ်လို့ သိရပါတယ်။ ကျေးရွာတွေဘက်မှာတော့ ရွာပေါင်း ၂၄၈  ရွာရှိတဲ့ အနက်မှာ ရွာပေါင်း ၂၄၀ ဟာ ရေဘေးဒဏ်ကို ခံစားခဲ့ကြရတယ်လို့ ဒေသခံလူမှုအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ နာရေးကူညီမှုဖောင်ဒေးရှင်းရဲ့အချက်အလက်တွေအရ သိခဲ့ရပါတယ်။ လူအသေအပျောက်ကတော့ ၂၀ မကျော်ခဲ့ပါဘူး။ ဒါပေမဲ့ ရေကြီးနစ်မြုပ်မှုကြောင့်  မြို့ပေါ်မှာတင် ပျက်စီးဆုံးရှုံးမှုက ကျပ်သန်းထောင်ချီရှိခဲ့ပြီး ကျေးရွာတွေ ဘက်မှာတော့ အိမ်တွေ ပျက်စီးတာ၊  စိုက်ပြီး လယ်ဧက ပျက်စီးတာ၊ ကျွဲ၊ နွားတွေသေ ပျောက်ဆုံးရှုံးတာ၊ သိုလှောင်ထားတဲ့ စပါးတွေ ပျက်စီးခဲ့တာ အမြောက်အမြားရှိခဲ့တယ်လို့ ဆိုကြပါတယ်။
 

 
မြောက်ဦးဒေသမှာရှိတဲ့ ကျေးရွာအများစုက ရေလမ်းခရီးကိုသာ အားထားသွားလာနေရတဲ့အတွက် ထောက်ပံ့ရေးပစ္စည်းတွေ သွားရောက်လှူဒါန်းရာမှာတော့ တစ်နေ့ကို သုံး၊ လေးရွာသာ သွားဖို့ အချိန်ရပါတယ်။  
အဲဒီသုံးလေးရွာမှာ ထောက်ပံ့ကူညီရေးပစ္စည်းတွေကိုချပြီး အနီးအနားရွာတွေကို လှမ်းခေါ်ပြီး လှူဒါန်းထောက်ပံ့မှုတွေကို လုပ်ခဲ့ရပါတယ်။ အချို့ရွာတွေဆို ကားလမ်း အဲဒီနောက်မှ ရေလမ်းနဲ့ သွားရတာမျိုးတွေရှိတယ်။ 
 
မြောက်ဦးဒေသဟာ ရခိုင်ပြည်နယ်မှာ စပါးအများဆုံးစိုက်ပျိုးတဲ့ ဒေသတွေမှာ တစ်ခုအပါအဝင်ဖြစ်တာကြောင့် အဲဒီဒေသက ကျွန်တော်တို့ရောက်ခဲ့တဲ့ ကျေးရွာအားလုံးနီးပါးဟာလည်း လယ်စိုက်ခြင်းနဲ့ အဓိက အသက်မွေးဝမ်းကျောင်း လုပ်နေကြတာဖြစ်ပါတယ်။ အဲဒါကြောင့် ရောက်ခဲ့တဲ့ကျေးရွာအများစုက မျိုးစပါးလိုအပ်တယ်ဆိုတာက တညီတညွတ်တည်း ပြောဆိုကြပါတယ်။  နောက် ခိုင်းကျွဲနွားတွေ သေပျောက်ဆုံးရှုံးမှုတွေ ရှိခဲ့တဲ့အတွက် လယ်ယာသုံးကိရိယာတွေ လိုအပ်တယ်ဆိုတာမျိုးတွေ အလှူရှင်တွေသိအောင် ပြောပြကြပါတယ်။ နောက်တစ်ခုက ကျေးရွာအများစုရဲ့ သောက်သုံးရေကန်တွေက ရေကြီးမှုကြောင့် သောက်သုံးလို့ မရတဲ့အတွက် ရေစုပ်စက်တွေ လိုအပ်နေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ လတ်တလော စားဝတ်နေရေးအတွက်ကတော့ ထောက်ပံ့ကူညီမှုတွေကနေ မျှော်လင့်နေရတာပဲလို့ ပြောကြပါတယ်။ ရွာတွေမှာရှိတဲ့ လက်လုပ်လက်စား ကျပန်းလုပ်ကိုင်သူတွေအတွက်ကတော့    ကျွန်တော်တို့သွားခဲ့တဲ့အချိန်မှာ ဘာမှလုပ်ကိုင်စားသောက်လို့ မရသေးပါဘူး။ မြစ်နီးချောင်းနားအရပ်တွေမှာ နေနေကျမို့လားမသိ ကျန်းမာရေးနဲ့ပတ်သက်ပြီး သူတို့ က သိပ်ဦးစားပေးမပြောကြ။
 

 
မြောက်ဦးမြို့ ပေါ်မှာတော့ ရေပြန်ကျပြီဖြစ်တဲ့အတွက် ရေဝင်နစ်မြုပ်ခဲ့တဲ့ အိမ်တွေက သန့်ရှင်းမှုတွေ လုပ်နေကြပြီ။ ဲ့ပစ္စည်းတွေကို အသုံးပြုလို့ ရလိုရငြား နေထုတ်လှန်းနေကြတာတွေကို အများအပြား မြင်တွေ့ခဲ့ရပါတယ်။ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကိုတော့ ဆက်လက် ခံစားနေရတုန်းပါပဲ။ မြောက်ဦးမြို့ပေါ်မှာ အရင်ကလည်း ရေကြီးဖူးတယ် ဆိုပေမယ့် ဒီလောက်ရေကြီး ကြီးတက်တာကိုတော့ သူတို့မကြုံဖူးဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။ မြို့ပေါ်မှာတောင် မူလအခြေအနေအတိုင်း ပြန်ရောက်ဖို့ အချိန်တော်တော် ယူရဦးမယ်လို့လည်း ပြောကြတယ်။ ရွာတွေဘက်မှာလည်း အချိန်မီ တောင်သူတွေလက်ထဲ မျိုးစပါးရောက်ဖို့ လိုအပ်နေတယ်လို့ ပြောကြပါတယ်။ ဒါမှ တောင်သူတွေ လယ်ပြန်စိုက်လို့ရမယ်၊ ဒါတောင် ငါးလ ခြောက်လလောက် ရုန်းကန်ရဦးမယ်လို့လည်း ပြောကြပါတယ်။
 
ရှေးမြို့ဟောင်း မြောက်ဦးမှာ ၁၀ ရက် လောက်နေလိုက်ရပေမယ့်  နာမည်ကျော် သျှစ်သောင်းဘုရား၊ ထုက္ကန်သိမ်တို့ကို မဖူးလိုက်ရ။ ရှေးမြို့ဟောင်းရဲ့သမိုင်းကို မတူးဆွခဲ့ရ။ ရခိုင်ဘုရင်တွေ၊ မင်းသား၊ မင်းသမီးတွေရဲ့ခမ်းနားကြီးကျယ်မှုတွေကို မလေ့လာခဲ့ရ။ သဇင်ပန်းရဲ့ရနံ့တွေကို မရှုရှိုက်ခဲ့ရ။  ကူညီထောက်ပံ့ပစ္စည်းတွေနဲ့ သွားဟယ်၊ လာဟယ်နဲ့ လွန်းထိုးသလို မြို့နဲ့ရွာကူးရင်း အချိန်တွေဖြတ်သန်းခဲ့ရပါတယ်။
 

 
သဘာဝဘေးအန္တရာယ်ဆိုသည်က တားဆီး၍မရဟု ပြောကြပေမယ့် ထိရောက်တဲ့ ကြိုတင်စီစဉ်မှုတွေ၊ ကြိုတင်အသိပေးမှုတွေကတော့ သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးမှုတွေကို အထိုက်အလျောက် လျော့ပါးစေမှာပါ။ အခုတော့ ကြိုတင်ပြုလုပ်ထားရမည့် အစီအမံတွေက နည်းပါးလှသည်။
 
မြန်မာနိုင်ငံမှာရှိတဲ့ ပြည်နယ်တိုင်းဒေသကြီးတွေအနက် ရခိုင်ပြည်နယ်ဟာ ဖွံ့ဖြိုးမှု နိမ့်ကျတဲ့ဒေသတွေထဲမှာ ပါပါတယ်။ ဒီလို ဒေသမှာမှ လူမှုရေးပဋိပက္ခတွေ၊ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပွားမှုတွေရှိတယ်။ ဒီလိုမျိုး ကိစ္စတွေရှိခဲ့ပေမယ့် ရခိုင်ဒေသခံရဲ့ ကြံ့ကြံ့ခံနိုင်တဲ့ စိတ်ဓာတ်တွေကတော့ ချီးကျူးစရာပါ။
 

 
ရေဘေးသင့်ကျေးရွာတွေအတွက် ကူညီထောက်ပံ့ရေးပစ္စည်းတွေ သွားရောက်လှူ ဒါန်းတဲ့ ခရီးတွေမှာတော့ မြင်ခဲ့ရတာတွေက စိတ်မကောင်းစရာတွေပါပဲ။ ချောင်းထဲ မြစ်ထဲမှာ ကျွဲသေနွားသေ တွေ့ခဲ့ရတယ်။ ရေမြုပ် ရွှံ့ဖုံးလွှမ်းနေတဲ့ လယ်မြေတွေကို နေရာအနှံ့ တွေ့ခဲ့ရတယ်။    တစ်စုံတစ်ရာကို မျှော်လင့်နေကြတဲ့ မျက်ဝန်းပေါင်းများစွာကို မြင်တွေ့ခဲ့ရတယ်။ရှေ့ဆက်ရမယ့်ဘဝခရီးအတွက် ရတက်မအေးတဲ့ အသံတွေကို ကြားခဲ့ရတယ်။ 
အားပေးမှုတွေနဲ့ ကမ်းလာမယ့်လက်တွေကိုစောင့်နေတာမြင်ခဲ့ရတယ်။ သူတို့ရဲ့ မနက်ဖြန်တွေအတွက် အားပေးမှု၊ နှစ်သိမ့်မှု၊ စာနာမှု၊ ထောက်ပံ့မှု၊ ကူညီမှုတွေက လိုအပ်နေဆဲဖြစ်ပါတယ်။ ဒီအချိန်မှာ ရေဘေးသင့်သူတွေအတွက် မျက်ကွယ်မပြုကြပါနဲ့လို့ဘဲ တိုက်တွန်းချင်မိပါတော့တယ်။

Most Read

Most Recent